ရဟန်းဆိုသော အသုံးအနှုံးဟာ ပါဠိဘာသာ အရဟန္တ-ပုဒ်မှ လာသော စကားဖြစ်ပါတယ်၊ အရဟန္တပုဒ်ကို ပူဇော်အထူးကို ခံထိုက် သူလို့ အဓိပ္ပါယ်မှတ်ယူရပါတယ်၊ ရဟန္တာပုဂ္ဂိုလ်ဆိုတာ အရိယာ ပုဂ္ဂိုလ်ရှစ်ယောက် အတွင်းက အထွဋ်အထိပ်ပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်၊ ရဟန္တာပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိလေသာအညစ်အကြေး မရှိတော့တဲ့ အတွက်ကြောင့် ရဟန္တာ ပုဂ္ဂိုလ်ဟာ ပူဇော်အထူးကို ခံထိုက်တယ်ဆိုတာ ဘာမှငြင်းဆိုစရာ မရှိတော့ပါ။
ယခုမျက်မှောက်ခေတ် ရဟန်းတော်အချို့သည် ကိလေသာမကုန် ကြသေး၍ လောဘအာရုံနဲ့တွေ့ရင် လောဘ ဖြစ်တယ် ဒေါသအာရုံနဲ့တွေ့ရင် ဒေါသဖြစ်တယ်၊ ကိလေသာ မကုန်ကြသေးသည့်အတွက် ရဟန္တာပုဒ်ကဖြစ်လာသော ရဟန်းဆိုတာ ဖြစ်မှဖြစ်ပါမ လားလို့ တွေးမိ ပါတယ်၊ သို့သော်လည်းရဟန်းဆိုတာ ပုထုဇဉ်မျှသာရှိသေးတော့ ကိလေသာ ကျန်သလောက် ကျန်ပါ တယ်။ ကိလေသာကျန်ရုံမျှနှင့် ရဟန္တာမဖြစ်သင့်ဘူးလိုတော့ မဆိုထိုက်ပါ၊ သာသနာဆိုသည်မှာ အဆုံးအမကိုခေါ်ပါတယ်၊ မည်သူ အဆုံးအမ ဖြစ်သလဲဆိုရင် ဗုဒ္ဓဘုရားရှင် ဟောတော်မူသော အဆုံးအမဖြစ်ပါတယ်၊
ဗုဒ္ဓဘုရားရှင်ဟာ မည်သည့်အရာတွေကို ဆုံးမသလဲ ဆိုရင် တစ်ဘ၀ပြီးတစ်ဘ၀ ဖြစ်ပျက်နေရတာတွေဟာ အလွန်ဆင်းရဲတယ်၊ အလွန်ဆင်းရဲသော ဒုက္ခသံသရာထဲ ၀ဲလယ်သလို အကြိမ်ကြိမ်ဖြစ်ရခြင်းသည် တခြားမဟုတ် မိမိတို သန္တာန်မှာ မှီခိုကိန်းအောင်းနေသော ကိလေသာကြောင့် ဖြစ်ပါတယ် လို့ ဟောတော်မူပါတယ်၊ ဒါကြောင့် သံသရာဝဋ်ဆင်းရဲအပေါင်းက လွတ်မြောက်အောင် ကိလေသာမီးတွေကို ငြိမ်းသတ်ရမယ်လို့ ဗုဒ္ဓ ဟောတော်မူခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်မှန်သမျှဟာ ဗုဒ္ဓဟောကြား တော်မူသော တရားတော်တွေကို ထိုက်သလောက် နားလည်ကြ ပါတယ်၊ သို့ပေမဲ့လည်း ဗုဒ္ဓဘာသာဝင်တိုင်းဟာ မိမိတို့သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကို ကုန်ချင်ကြတယ်။ ကိလေသာကုန်ပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုလိုကြပါတယ်။ မိမိတို့သန္တာန်မှာ ကိလေသာရှိမှန်း၊ ကိလေသာကြောင့် သံသရာလည်နေမှန်း၊ ကိလေသာ မရှိတော့ရင် သံသရာက လွတ်မှန်းသိကြတယ်၊ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘုရားရှင် ဟောဖော်ညွန်ပြ ဆိုဆုံးမ ခဲ့သော တရားတော်များကို နာကြားဘူးလို့ပါ။
ရဟန်းတော်များသည် မြတ်ဗုဒ္ဓရဲ့ တရားတော်များကို နာဖူးကြတယ်၊ ကြားဖူးကြပါတယ်၊ နာဖူးကြားဖူးရုံမျှမဟုတ် ယုံလဲယုံကြည် ကြတယ်၊ ယုံကြည်သည့် အတိုင်း မိမိတို့သန္တာန်မှာ ကိလေသာတွေကုန်အောင် အားထုတ် နေကြသော ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
သာမဏေဘ၀၀င် ရောက်စဉ် က အရှင်ဘုရား သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် တပည့် တော်ကို သာမဏေပြုပေးတော်မူ ပါလို့ တောင်းဆိုခဲ့ကြပါတယ်၊ ရဟန်းဘ၀ရောက် သော်လည်း သံဃာတော်သည်တပည့်တော်ကို သံသရာတည်းဟူသော ၀ဲသြဃရေအလျှင်မှ ထုတ်နှုပ်၍ နိဗ္ဗာန် တည်းဟူသော ကြည်းကုန်းထက်သို့ ရောက်အောင် ကယ်တင်တော် မူတော်ပါဟု လျှောက်ထားကာ သံသရာမှ လွတ်လိုသော ရည်ရွယ် ချက်ဖြင့် ရှင်ရဟန်းဝတ်ခဲ့ကြပါတယ်။
ထိုကြောင့် ရဟန်းတော်များ၏ သန္တာန်မှာ ကိလေသာရှိသေးသော်လည်း ကိလေသာရဲ့အလိုနောက် လိုက်နေတာမဟုတ်၊ ကိလေသာရဲ့ အပြစ်ကိုသိပြီး ကိလေသာ ကုန်အောင် အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်၊ ခရီးသွားသော ပုဂ္ဂိုလ်သည် သူရည်မှန်းချက်အတိုင်း၊ သူသွားလိုရာကို ဧကန်ရောက် သလို နိဗ္ဗာန်ခရီးကို ချီတက်နေသော ရဟန်းသည်လည်း ကိလေသာ ကုန်ခန်းပြီး နိဗ္ဗာန်ကို ဧကန် ရောက်မည် ဖြစ်ပါတယ်။ ထိုကြောင့် ကိလေသာမကင်းသေးသော ပုထုဇဉ်ရဟန်းများသည် ကိလေသာ ကင်းသော အပူဇော်ခံထိုက်သည့် အရဟန္တဖြစ်သင့်ပါတယ်။
တနည်း အားဖြင့် ဗုဒ္ဓသာသနာတော် အတွင်း ၀င်ရောက်သူတို့တွင် နှစ်ယောက်ရှိပါတယ်၊ တယောက်က မိစ္ဆာဒိဌိ ဘ၀မှ အမြင်မှန်ရပြီး ၀င်ရောက်သူဖြစ်ပြီး နောက်တယောက်က အမြင်မှန်ရပြီးသာ လူသားဘ၀က ရှင်ရဟန်းအဖြစ် ၀င်ရောက်သူတို့ ဖြစ်ကြပါတယ်။ မိစ္ဆာဒိဌိဘ၀မှ ဗုဒ္ဓဘာသာဝင် အဖြစ် ၀င်ရောက်လိုသော ပုဂ္ဂိုလ် သည် ဘုရားကိုကိုယ်ကွယ်ပါ၏၊ စတဲ့သရဏဂုံသုံးပါကို ရွတ်ဆိုပြီးမှ ဗုဒ္ဓဘာသာဝင်အဖြစ် ၀င်ရောက်နိုင်ပါတယ်၊ သမ္မာဒိဌိလူသားဘ၀မှ ရှင်ရဟန်းပြုခြင် ပြန်ရင်လည်း သရဏဂုံသုံးပါကို သာလျှင် ရွတ်ဆို ကြရပါတယ်၊ သရဏဂုံသည် သာသနာတော်ရဲ့ အစလည်း ဖြစ်ပါတယ် သရဏဂုံကို ရွတ်ဆိုခံယူပြီးသူနှင့် မခံယူုသူတို့၏ ကွာခြားပုံမှာ သရဏဂုံရွတ်ဆိုပြီး ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်သည် သံသရာဝဋ်ဆင်းရဲနှင့် ကိလေသာရဲ့ အပြစ်တို့ကို သိပါတယ် ဗုဒ္ဓဘာသာဝင်မဟုတ်သူမှာ သံသရာ၏ဆင်းရဲကိုလည်း မသိ၊ ကိလေသာ တရားတို့၏ ဆိုးဝါးသော အပြစ်တိုကိုလည်း မမြင်ဘဲ ဖြစ်တတ်ပါတယ်။ တဖန် မိစ္ဆာဒိဌိဘ၀မှ သမ္မာဒိဌိအဖြစ် ခံယူထား သော ဗုဒ္ဓဘာသာဝင်လူသားနှင့် ရဟန်းများလည်း ကွာခြားချက်များ ရှိပါတယ်။
ဗုဒ္ဓဘာသာဝင် လူသားများမှာ ကိလေသာတို့၏ အပြစ် ကို သိကြပါတယ်၊ ဒါပေမဲ့ ကိလေသာကိုတော့ မပြစ်ရက်ကြပါဘူး။ ရှင်ရဟန်းတော်တွေဟာ ပုထုဇဉ်ပင်ဖြစ်စေဦးတော့ အပူဇော်ခံထိုက် သော အရဟန္တပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်၊
ယခုရဟန်းတော်များကို ဗုဒ္ဓဘာသာ ၀င်များက ဘုရားတစ်ဆူ ဂူတစ်လုံးထားပြီး ရပ်ဦးရွာဦး မှာကျောင်းကြီးတွေ ဆောက်လုပ်၍ တည်ထားကိုးကွယ်ခဲ့ကြပါတယ်၊ ထိုရဟန်းတော်များသည် လူများကဲ့သို့ မည်သည့်အလုပ်ကိုမှ လုပ်ကိုင်ခြင်းမပြုစေဘဲ အစား အသောက် အ၀တ်အရုံကစ၍ တင့်တောင်း တင့်တယ် လှူဒါန်းခဲ့ ကြပါတယ်၊ ထိုသို့လှူဒါန်းခြင်းမှာ ရဟန်းတော်များသည် ငါတို့ထက် သီလ၊သမာဓိ၊ပညာ သာတယ်လို့ ယူဆပြီး လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါတယ်။ ထိုကြောင့် ဒါယကာ ဒါယိကာမတို့၏ စေတနာကို ရဟန်းတော်မှန်သမျှ အလွန်ငဲ့ကွက်စရာ ကောင်းပါတယ်၊ အခုခေတ်များစွားသော ရဟန်းသာမဏေများသည် ဒါယကာဒါယိကာမတို့ရဲ့ စေတနာကို မငဲ့ကွက်ပဲ လောဘ အရာမှာလည်း အလွန်လောဘကြီး၊ ဒေါသအရာမှာလည်း အလွန် ဒေါသကြီး၊ မာနတရားမှာလည်း အလွန် မာနကြီးကြတာကို တွေ့မြင် နေကြားနေရပါတယ်၊ ထိုကဲ့သို လောဘ၊ဒေါသ၊မောဟ ကြီးကြတဲ့ ပုဂ္ဂိုလ်များမှာ အညတြအစားထဲကမဟုတ်ကြဘဲ အထက်တန်းကျကျ ပုဂ္ဂိုလ်တွေ ဖြစ်နေတာကို မြင်နေကြားနေရပါတယ်၊ အထက်တန်း စား ပုဂ္ဂိုလ်တွေတောင် ကိလေသာ အားကြီးခဲ့လျှင် လူပုဂ္ဂိုလ်တွေမှာ ပိုပြီး ကိလေသာအားကြီးလိမ့်မယ်လို့ ယူဆမိပါတယ်။
ထိုကြောင့် အားနည်းအောင်ပြုလုပ်ရမည့် ကိလေသာကိုအားကြီးအောင် ပြုလုပ် နေကြတဲ့အတွက် ပုထုဇဉ် ရဟန်းများကို အပူဇော်ခံထိုက်သော ရဟန်းများမှဟုတ်ပါလေစလို့ သံသယ၀င်မိပါတယ်။
ဒီနေရာလေးမှာ ပုဂ္ဂိုလ်နှစ်မျိုးကို ခွဲခြားပြီး ပြောပြခြင်ပါတယ်၊ (၁)ဘ၀ကိုသိသော ပုဂ္ဂိုလ် (၂)ဘ၀ကို မသိသော ပုဂ္ဂိုလ်ဟု နှစ်မျိုးရှိပါတယ်၊
(၁)ဘ၀ကို သိသော ပုဂ္ဂိုလ်ဟာ ငါသည် ရဟန်းဖြစ်တယ်၊ ရဟန်းဆိုတာ အိပ်ကာစားကာပျော်ရွင်စွာ နေကောင်းသူမဟုတ် သံသရာတစ်ခွင် မှာ ငါထံ ခိုအောင်းနေပြီး၊ ဘ၀တိုင်းငါ့ကိုနှိပ်စက်နေသော ကိလေသာဘေးရန်ကို တွန်းလှန်ဖျက်ဆီး ရမည့်ပုဂ္ဂိုလ် ဖြစ်သည်ဟု သိပါတယ်၊
(၂)ဘ၀ကိုမသိတဲ့ပုဂ္ဂိုလ်ဟာ ရဟန်းသာ ပြုနေပြီး မိမိ ကိုယ်ကို ရဟန်းတောင် သိတတ်တာမဟုတ်ပါဘူး၊ ဒါကြောင့် အဲဒီပုဂ္ဂိုလ်ဟာ လာဘ်ရမူ့ ကိုသာကို ကြည့်တယ်၊ နိဗ္ဗာန်ကို မကြည့် ဘူး၊
ဒီနေရာမှာ ဓမ္မပဒကလာတဲ့ ၀န၀ါသီတိဿ သာမဏေ၀တ္ထုကို အကျဉ်းချုပ် တင်ပြခြင်ပါတယ်။ ရှင်သာရိပုတ္တရာမထေရ်ဟာ သင်္ကန်းဝတ်ချင်ပါသလားလို့ တိဿကိုမေးတော့ဟုတ်ပါတယ်လို့ ပြန်ပြောတယ်၊ ရှင်သာရိပုတ္တရာက ရှင်ရဟန်းပြုတယ်ဆိုတာ မလွယ်ဘူး၊ ကိုယ်ကအပူလိုခြင်ပေမယ့် အအေးနဲ့တွေ့ရတယ်၊ အအေးလိုခြင်ပေမယ့်အပူနဲ့ တွေ့ရတတ်တယ်၊ အိမ်မှာလိုဇိမ်နှင့် မနေရဘူး၊ ဆင်းဆင်းရဲရဲ နေရတယ်။ အသင်သူငယ်က ချမ်းချမ်း သာသာ ကြီးပွားလာသူဖြစ်တယ်၊ ဒုက္ခခံပြီး သင်္ကန်းဝတ်နိုင်ပါမလား လို့ မေးတော်မူသောအခါ တိဿသာမဏေက ၀တ်နိုင်ပါတယ်လို့ ၀န်ခံသည့်အတွက် သာမဏေ၀တ်ပေးလိုက်ပါတယ်။
တိဿ သာမဏေဟာ ဟိုဘ၀က ဒါနမျိုးစေ့ပါခဲ့သူမို့ ငယ်ရွယ်စဉ်ကလည်း အလွန်းလာဘ်လာဘပေါတယ်၊ သာမဏေ၀တ်တော့ ရှေ့ကထက် တိုးပြီး လာဘ်လာဘပေါတယ်၊ အလှူအတန်းလာသူတွေ နှင့် တအုန်းအုန်းဖြစ်၍ နေပါတယ်၊ ဒီတော့ သာမဏေတိဿက ကြံစည်စဉ်းစားတယ်၊ ငါသည် ပစ္စည်းလိုခြင်လို့ သင်္ကန်းဝတ်တာ မဟုတ်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို လိုလားတောင်းတ၍ သင်္ကန်းဝတ်ခြင်း ဖြစ်တယ် ဒီပုံစံနဲ့တော့ ငါတရားကျင့်လိုဖြစ်မှာ မဟုတ်ဘူး၊ တောထဲ သွားပြီး တရားအားထုတ်မှ ဖြစ်မယ်လို့ အကြံဖြစ်ပြီး၊ ဘုရားရှင်ထံ တော်က အရဟတ္တဖိုလ်တိုင်အောင် ကမ္မဌာန်းတရားတွေ သင်ယူပြီး အားထုတ်ခဲ့ရာ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်သွားပါတယ်။
သီတင်းဝါလ ကျွတ်တော့ သာမဏေကို ချီးမြောက်ဖို့ရန် ရှင်သာရိပုတ္တရာနှင့်တကွ သံဃာတော်(၄၀၀၀) ကြွရောက်တော်မူကြပါတယ်၊ ဘုရားရှင် သာဝတ္ထိပြည်ဇေ၀န်ကျောင်းကို ပြန်ရောက်တော်မူသောအခါ ရဟန်းတော်များ စကားပြောနေကြပြီး၊ ငါ့အရှင်တို့ တိဿသာမဏေ ဟာ ပဋိသန္ဓေတည်နေစဉ် ကာလအတွင်းမှာ ဆွေမျိုးအပေါင်းတို့က ရဟန်းတော်များအား နိ့ဃနာဆွမ်း ပေးလှူကြတယ်၊ သာမဏေ ဖြစ်ပြန်တော့လည်း နှစ်ရက်အတွင်း ပုဆိုးတထောင်၊ ဆွမ်းတထောင် ရပါတယ်၊ နောက် ကမ္ပလာတထောင်လဲ ရတယ်၊ သူနေတဲ့အရပ်မှာ လာဘ်သပ်ပကာ အလွန်ပေါများပါတယ်၊ ဒီလောက် လာဘ်လာဘ တွေ ပေါများပါလျှက်၊ လာဘ်လာဘတွေ အကုန်စွန့်ပြီး တောထဲမှာ ဆင်းဆင်းရဲရဲကျင့်ကြံ နေထိုင်ခြင်းဟာ အလွန်အံ့သြဖွယ် ကောင်းလှ ပါတယ်လို့ ပြောဆိုကြပါတယ်။
ဤကဲ့သို့ ရဟန်းတော်များ၏ စကားကို အကြောင်းပြုပြီး ဘုရားရှင်ဟောတော်မူသော တရားမှာ အလွန်မှတ်သားဖွယ်ရာ ကောင်းလှပါတယ်။ ချစ်သားတို့လာဘ် များခြင်း၏ အကြောင်းဖြစ်သော အကျင့်သည်တစ်ပါး၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်သည်တစ်ပါး၊ ထိုနှစ်ပါးသော အကျင့်ကို အထူးသဖြင့်သိ၍၊ ငါဘုရား၏ တပည့်သာဝကဖြစ်သော ရဟန်းသည် လာဘ်လာဘပူဇာသက္ကာရကို မနှစ်သက်ရာ၊ ၀ိဝေကသုံးပါးကို အစဉ်ပွားများကြကုန်လော့ဟု ဗုဒ္ဓဟောတော် မူခဲ့ပါတယ်။ သိုသော်လည်း ပုထုဇဉ်မှန်သမျှ လောဘ၊ဒေါသ၊ အစရှိတဲ့ ကိလေသာတွေရှိနေမှာ ဧကန်ဖြစ်ပါတယ်၊ ထိုကြောင့် ဘ၀ကိုသိတဲ့ပုဂ္ဂိုဟ်က လောဘ၊ဒေါသ၊စတဲ့ ကိလေသာရဲ့အပြစ်ကို သိလို့ လောဘ၊ဒေါသ၊မာန၊ တို့ကို ဆင်ခြင်ပျောက်ဖျက်နိုင်ပါတယ်၊ ဘ၀ကို မသိတဲ့ပုဂ္ဂိုလ်ဟာ လောဘ၊ဒေါသ၊မာန်မာနတိုရဲ့ အပြစ်ကို မသိလို့ လောဘနောက်၊ ဒေါသနောက်၊ မာန်မာနနောက် တကောက်ကောက် လိုက်နေတက်ပါတယ်။
ရဟန်းတော်များသည် သင်္ကန်းဝတ်ထားသော်လည်း ပုထုဇဉ်ရဟန်း ဖြစ်လေတော့ ဘ၀ကို မသိတဲ့ပုဂ္ဂိုလ် ပိုများလိမ့်မယ်လို့ တွေးမိပါတယ်။ ပုထုဇဉ်ရဟန်း ဖြစ်ကြသော်လည်း အထိုက်အလျှောက် လောဘ၊ဒေါသ၊ ရှိနိုင်ပါ တယ်၊ သို့ပေမယ့်လည်း ရဟန်းသည် ကိလေသာတွေရဲ့ အပြစ်ကို သိထား၊မြင်ထားပြီး၊ ဆိုးဝါးသော ကိလေသာကို အသေ သတ်မှ တော်မည်ဟု ရည်ရွယ်ကာ ဒီကိလေသာတွေကို သေအောင် သတ်နေကြပါတယ်၊ ကိလေသာကလဲ ငုံ့မခံ၊ သတ်တဲ့သူကို ပြန်သတ်တတ်သည် ဘတစ်ပြန်ကျားတစ်ပြန် သတ်ကြရင်း (တရားအားထုတ်ရင်း) သေချင်လည်းသေမည်၊ ဒါပေမဲ့ ယုတ်မာ သော သေခြင်းမဟုတ်၊ မြတ်သော သေခြင်းလို့ ဆိုရမည်ဖြစ်ပါတယ်။
ထိုကဲ့သို့မဟုတ်ဘဲ မိမိနှင့် ကိလေသာအပြိုင်အဆိုင် သတ်ကြရာ ကိလေသာက နိုင်လို့ မိမိက တရားအားထုတ်ရာက ထွတ်ပြေးသွားရ သည် ဆိုလျှင် မမြတ်သော ပြေသွားခြင်း ဖြစ်ပါလိမ့်မယ်၊ ထို့ကြောင့် ရဟန်းတော်များသည် ကိလေသာကို အရှံးမပေးဘဲ ၊နိုင်အောင် တိုက်ကြရင်း၊ နိဗ္ဗာန်ခရီးကို ချီတက်ကာ၊ ရဟန်း ပြုရခြင်း၏ ရည်ရွယ်ချက် ဆိုသော ခေါင်စဉ်လေးနဲ့ စာတမ်းဖတ်ပွဲကြီး အောင်မြင်ပါစေ ကြောင်း ဆုတောင်းပတ္ထနာ ပြုလိုက်ပါရတယ်။
ကျမ်းကိုးစာရင်း--
ဤစာတမ်းကို ဓမ္မပဒအဌကထာ၌လာသော ၀န၀ါသီ တိဿသာမဏေ ၀တ္ထုကို အခြေခံ၍ သင်ဆရာမြင်ဆရာ ကြားဆရာ တို့၏ နည်းကိုမှီကာ ရေးသားထားသည့်အတွက်ကြောင့် အမိအဘ ရာသမားအားလုံး တို့အား ဦးညွတ်ဂါရ၀ပြုရင်းဖြင့်။
အရှင်ဇောတိက(သုံးခွ)
M.A (Previous)
ဆန်စကရိက် တက္ကသိုလ်။
ဗာရာဏသီ။
No comments:
Post a Comment