ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

21/01/2013

အတုယူလိုက်နာစရာနှင့် သတိပြုရှောင်ကြဉ်စရာများ

1. စီးဆင်း ရင်ခွင် | 1/21/2013 | 2. 3. 4. 5. 6. Best Blogger Tips
           ယနေ့ ၁၃၇၄-ခုနှစ် ၊ နတ်တော်လဆန်း (၂)ရက်နေ့ စာတမ်းဖတ်ပွဲ အခမ်းအနားသဘင် ဆင်ယင် ကျင်းပတဲ့နေရာမှာ တပည့်တော်အနေနဲ့ မိမိဥာဏ်မှီသလောက် မိမိလေ့လာတွေ့ရှိထား သလောက် အသိဥာဏ် အချို့တို့ကို အားလုံးသော သံဃာတော် အရှင်သူမြတ်တို့အား မျှဝေ လျှောက်ထားလိုပါသည် ဘုရား။ 

     ယင်းသို့ လျှောက်ကြားရာတွင် ငါတော်ငါတတ် ငါသာမြတ်ဟု စိတ်ဓာတ်မော်ကြွားခြင်းမျိုး တခုမှမရှိပါဟု ဦးစွာပဏာမပြောကြားရင်း ဂါရ၀ပြု နှုတ်ခွန်း ဆက်သအပ်ပါသည်အရှင်ဘုရား၊ တပည့်တော်အနေနဲ့ အရှင်သူမြတ်တို့အား ပြောချင်တဲ့စကား လျှောက်ထားချင်တဲ့စကား အသိပေး သတိပေးလိုတဲ့ စကားများကို အတုယူလိုက်နာစရာနှင့် သတိပြုရှောင်ကြဉ်စရာများ လို့အမည်ပေးထားပါတယ်၊

 
          ဘယ်လိုစကားပြောပြော ဘယ်လိုတရားဟောဟော ဘယ်လိုသြ၀ါဒပေးပေး ကိုယ်ပြောချင် တဲ့စကား ကိုယ်ဟောချင်တဲ့တရား ကိုယ်ပေးချင်တဲ့သြ၀ါဒတွေဟာ အတုယူလိုက်နာဘို့ အတွက်လား သတိပြုရှောင်ကြဉ်ဖို့ အတွက်လား အဲဒီနှစ်မျိုးထဲက ဘယ်အတွက်ကို ရည်ညွှန်းပြောမှာလဲဆိုတာကို အရှင်ဘုရားတို့ အနေနဲ့ ဒကာ ဒကာမတို့အား တရားစကား မပြောကြားခင် မိမိတပည့်တို့အား အဆုံးအမသြ၀ါဒမပေးခင် ကြိုတင်ပြင်ဆင်ထားရပါမယ်၊ အဲဒီနှစ်မျိုးထည်းက လွတ်သွားလို့တော့မဖြစ်ပါဘူး ၊ အရှင်မြတ်တို့ကိုလည်း တပည့်တော်က မည်သည့်အကြောင်းအရာကို တင်ပြသွားတယ်ဆိုတာ သုံးသပ်ပြီးတော့ ကိုယ့်ရဲ့ အယူအဆ သဘောတရားနဲ့ ကိုက်ညီရင်တော့ အတုယူလိုက်နာပြီး သတိပြုရှောင်ကြဉ်ဖို့ လျှောက်ထားအပ်ပါတယ် ၊ မိမိအယူအဆနဲ့ မကိုက်ညီခဲ့ရင် စိတ်တိုင်းမကျတဲ့ စကားလုံးများပါခဲ့ရင် ညီရင်းပမာ အရာရာကို သည်းခံခွင့်လွတ်ပေးတတ်တဲ့ စိတ်ထားပြီး မိမိနှစ်သက်မှုမရှိသော အကြောင်းအရာ အချို့ကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းလို့ ရပါတယ်ဆိုတဲ့ အကြောင်းကိုလည်း သံဃာတော်အရှင်သူ မြတ်တို့အား ဂါရ၀တရားရှေ့ထားပြီး လျှောက်ထားအပ်ပါတယ် အရှင်ဘုရား ---- 


     တရားဟောတယ် အဆုံးမသြ၀ါဒပေးဆိုတာ ဘာလုပ်တာလဲ၊ မိမိဟောလိုက်တဲ့တရား မိမိပေးလိုက်တဲ့ အဆုံးအမတွေကိုလိုက်နာရင် ဘာလိုအကျိုးတွေခံစားရမလဲဆိုတာကို ဦးစွာပထမ ပြောလိုပါတယ် ။ တရားဟောတယ်ဆိုတာ ဘာလုပ်တာလဲဆိုရင် --- 
            သော ဓမ္မံ ဒေသေတိ ။ 
   ဘုရားရှင် ဝေနေယျသတ္တ၀ါတို့အား တရားတွေဟော အဆုံးအမသြ၀ါဒတွေ ပေးတော်မူတယ်၊ အဲဒါဘာလို့ တရားတွေဟော အဆုံးမသြ၀ါဒပေးရသလဲဆိုရင် -- 
     ဗြဟ္မစရိယံ ပကာသေတိ။ 
     မြင့်မြတ်တဲ့အကျင့်ကောင်းတွေကိုထင်ရှားအောင်ပြနေတာပါ၊    
   လွယ်လွယ်လေးနဲ့အများနားလည်အောင်ပြောရရင် ကောင်းတဲ့ဘက်ကို လမ်းညွှန်တာပါပဲ၊အနှစ်ချုပ် လိုက်ရင်တော့ ဘုရားရှင်တရားဟောတာ အဆုံးမသြ၀ါဒ ပေးနေတယ်ဆိုတာတွေဟာ ဝေနေယျ သတ္တ၀ါတို့အား ကောင်းတဲ့ဘက်ကို လမ်းညွန်နေတာပါ၊
    မိမိဟောလိုက်တဲ့တရား ပေးလိုက်တဲ့ အဆုံးအမ သြ၀ါဒ ကောင်းတဲ့လမ်းညွှန်ချက်တွေကို လိုက်နာတဲ့သူတွေ ဘယ်လိုအကျိုးတရားမျိုးတွေ ခံစားရမလဲဆိုရင်--- 
     ပီတိပါမောဇ္ဇဇနနံ ၊ သောကသလ္လ၀ိနောဒနံ။
    သဗ္ဗသမ္ပတ္တိပဋိလာဘံ ၊ စိတ္တီကတွာ သုဏာထ မေ။ 
    ဒီဒေသနာတော်ကို ထောက်ထားကြည့်မယ်ဆိုရင်- 
  (၁) နှစ်သက်ရွှင်လန်း ပီတိပန်းကို တင့်ဆန်းအောင်ဖြစ်စေ နိုင်တယ် ၊ လွယ်လွယ်ပြောရရင် နှစ်သက်ကျေနပ်မှုရတယ် ။
   (၂) စိုးရိမ်သောက ဗျာပါဒခပင်း ညှောင့်တသင်းကိုလဲပဲ သုတ်သင်ပယ်ရှင်းစေနိုင်တယ် လွယ်လွယ်ပြောရရင် သောကငြိမ်းတယ်၊ 
    (၃)စည်းစိမ်မပြတ် သမ္ပတ္တိအားလုံးကိုလဲ ရခြင်းငှာ စွမ်းနိုင်တယ် လို့ ဗုဒ္ဓ၀င်မှာဆိုပါတယ်။ 

အင်္ဂုတ္တရနိကာယ် မှာတော့- 
 (၁) အသုတံ သုဏာတိ ။ မကြားဘူးသေးတဲ့တရားတွေကို ကြားနာရတယ် ၊
 (၂) သုတံ ပရိယောဒါပေတိ ။ ကြားနာပြီတဲ့တရားတွေကို ထပ်မံနာကြားရတဲ့အတွက် သံသယကင်း အမြင်ရှင်းလင်း စိတ်ကြည်လင်တယ် ၊
 (၃) ကင်္ခံ ၀ိတရတိ ။ ယုံမှားမှုကို ပယ်ဖျောက်စေတယ် ၊ 
 (၄) ဒိဋ္ဌိ ဥဇုံ ကရောတိ ။ အယူဖြောင့်မှန်စေတယ်၊ 
 (၅) စိတ္တမဿ ပသီဒတိ ။ အယူမှန်တော့ မိမိရဲ့စိတ်လေး ကြည်လင်စေတယ်၊ စတဲ့ အကျိုးတရားတွေ ပြောရရင်တော့ အများကြီးပါပဲ ၊ 

    မိမိဟောလိုက်တဲ့တရား ပေးလိုက်တဲ့ အဆုံးအမသြ၀ါဒ ကောင်းတဲ့လမ်းညွှန်ချက် လိုက်နာတဲ့ သူတွေ ဟောဒီလို ဟောဒီလိုအကျိုးတွေကို ခံစားရတယ်၊ တို့လည်းပဲ ကိုယ့်ထက် အသက်သိက္ခာ ဂုဏ်ဝါကြီးရင့်တဲ့ ပညာရှိသူတော်ကောင်းတို့ရဲ့ ပြောဆိုဆုံးမ သွန်သင်ညွှန်ပြမှုကို လိုက်နာကျင့်သုံးနေထိုင်မယ်ဆိုရင် အဲဒီလို အကျိုးတရားတွေ ငါတို့လည်း ခံစားရမှာပဲဆိုတဲ့ အသိစိတ်လေးတခု ထားစေချင်ပါတယ်။ ဆုံးမမှုကိုလိုက်နာဆိုတဲ့နေရာမှာ အသက်ကြီးတဲ့သူတို့ရဲ့ ဆုံးမမှုကို ပုံသေလိုက်နာ ခိုင်းတာတော့ မဟုတ်ပါဘူး၊ စဉ်းစားဆင်ခြင်ပြီးတော့ လိုက်နာခိုင်းတာပါ ၊ လူအမျိုးမျိုးရှိကြတဲ့အတွက် ကြောင့် တယောက်နဲ့ တယောက် အတွေးအခေါ် အယူအဆ တူညီတဲ့အရာရှိသလို မတူညီတဲ့ အတွေးခေါ် အယူအဆတွေလည်း ရှိတတ်ပါတယ် ၊ 

       တပည့်တော်တို့ အနေနဲ့ ကိုယ့်ထက်ကြီးသူက ပြောတာပဲဆိုပြီး အားလုံးကို ခေါင်းတမ်းညိမ့်လို့ မဖြစ်ပါဘူး၊ ယနေ့ခေတ်မှာတော့ များသောအားဖြင့် တစ်ယောက်ယောက် စကားပြောလိုက်ရင် ကောင်းတယ် ဆိုးတယ် မိမိ ဦးနှောက်နဲ့ မစဉ်းစား မတွေးခေါ်ဘဲ ကိုယ့်စိတ်ထဲ သဘောကျတယ် ဆိုရင်လက်ခံချင်တယ်၊ အများကလည်း အဲဒီအတိုင်းပဲ ကိုယ်ပိုင်အသိဥာဏ်နဲ့ မဆုံးဖြတ်ဘဲ အမှားကြီးတခုကို ပြောနေစေကာမူ အများကြိုက်တော့ အဲဒီစကားဟာ အတည်ဖြစ်သွားတာတွေ အများကြီးတွေ့ကြုံရပါတယ် ၊ တချို့ကြတော့ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်၊ ပြောရရင် အသိပညာ သူတို့မှာ ပါမလာတော့ သူများပြောနဲ့ပဲ ကျေနပ်နေတဲ့သူတွေလည်း အများကြီး တွေ့ဘူးပါတယ် ၊ အဲဒီသူတွေဟာ ကိုယ့်ကိုယ်ကို လူကြားသူကြား ရောက်ရင် သူတို့ အသိဥာဏ်မရှိဘူးလို့ထင်မှာလည်း ကြောက်တယ် ၊ ဟိတ်ဟန်တော့ မပြတ် နေတတ်ပါတယ်၊ အများသူတွေကို လိမ်ညာလို့ ရနေပေမဲ့ ကိုယ့်ကိုယ်ကိုတော့ လိမ်ညာလို့ မရပါဘူး ၊ 
    အဲဒီသူတွေအတွက် အသိပေး သတိပေးလိုတာကတော့ 
   ဖျင်း ဖျင်းမှန်းသိ ၊ လူတော်ဖြစ်နိုင်၏ ။ 
  ဖျင်းနေလျက်ပင် ၊ လူတော်ထင် ဖျင်းမြဲ ဖျင်းမည်ပင် ။

     ပြောချင်တာက လူတိုင်းလူတိုင်း မည်သူမဆို ကိုယ့်ကိုယ်ကို ဖျင်းရင် ဖျင်းတယ်လို့သိရင် အဲဒီလူဟာ လူတော်ဖြစ်နိုင်ပါတယ် ၊ မိမိကိုယ်ကို ဖျင်းနေပါလျက် လူတော်ထင်လို့ကတော့ နောက်လည်း အဲဒီလူ ဖျင်းနေအုံးမှာပါပဲ ၊ 
     အဲဒီလိုပါပဲ မိမိက တကယ်မသိပါဘဲလျက် သိတာလိုလို တတ်ယောင်ကား နေမယ်ဆိုရင် အဲဒီလူ ပိုပြီးတော့တောင် အသိဥာဏ်နှောင့်နှေးသွားပါတယ် ၊ မိမိကိုယ်ကို ငါဒီဟာကို တကယ်မသိဘူး မတတ်ဘူးလို့ သိရင် အဲဒီလူက ကြိုးစားရင် ပညာရှိသူ ဖြစ်လာမှာပါလို့ ရဲရဲကြီး ပြောလိုက်ချင်ပါတယ်။ 

    ယနေ့ခေတ်မှာ အသိဥာဏ်ရှိဖို့ထက် အသက်ကြီးဖို့က အဓိကဖြစ်နေပါတယ်၊ အသက်ငယ်ရင် အထင်မြင်သေးချင်တဲ့သူတွေကို အများကြီးတွေ့နေရပါတယ်။ တပည့်တော်ပြောချင်တာက လူတယောက်ကို ကြည့်ရင် အသက်ကြီးတာ ငယ်တာကို မကြည့်စေချင်ပါဘူး ၊ သူတို့ကို ကြည့်ရင် လူရယ် မူရယ် နှစ်မျိုးရှိတဲ့အထဲက မူကို ကြည့်စေချင်တာပါ၊ မူဆိုတာအခြားမဟုတ်ပါဘူး၊ သူ့ရဲ့ ပြောဆို ပြုမူ ပြုလုပ်ခဲ့တာတွေဟာ ကောင်းတယ် ဆိုးတယ် ခွဲခြားနားလည်ပြီး မကောင်းတာတွေ့ရင် မကောင်းဘူးလို့မြင်ပြီး ကောင်းနေရင် ကောင်းတယ်လို့ မြင်တတ်ဖို့ လိုပါတယ် ၊ အသက်ကြီးတဲ့သူဆိုပြီး မကောင်းတာကြီးကို ကောင်းတယ်လို့ မမြင်စေချင်ပါဘူး ၊ အသက်ငယ်နေသူပဲဆိုပြီး ကောင်းနေပါလျက် မကောင်းဘူးလို့ မမြင်စေချင်ပါဘူး ၊ 

     အဲဒါတွေကို ဘယ်လိုသိရလဲ ဘယ်လိုပေတံတွေနဲ့ တိုင်းတာရမလဲဆိုရင် အများလူ ဘယ်လောက်ကြိုက်ကြိုက် ဘုရားမူမကိုက်ရင် အဲဒီအမြင်မျိုး လက်မခံသင့်ပါဘူး၊ အများလူလဲကြိုက် ဘုရားမူလဲကိုက်တဲ့ အမြင်မျိုးကို သာ လက်ခံသင့်ပါတယ် ၊ အဲဒီပေတံနဲ့ တိုင်းတာရပါမယ် ၊ အခုတပည့်တော်ပြောတဲ့ စကားလုံးတွေဟာ အရှင်ဘုရားတို့အနေနဲ့ ရင့်သီးတယ်လို့ ထင်ချင် ထင်ကြမှာပါ ၊ မည်သူတဦးတယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသော ဆန္ဒမပါဘူးဆိုတာတော့ ယုံစေချင်ပါတယ် ၊ ဓမ္မ လမ်းကြောင်းအရ ထိခိုက်နေတယ်ဆိုရင်လည်း နားလည်ပေးပါလို့ လျှောက်ထားလိုပါတယ်။ 

         နောက်တစ်ခုကတော့ ဝေနေယျသတ္တ၀ါတွေကို သတိပေးနေတဲ့ ဘုရားရှင်စကားတော်က ဘာလဲဆိုရင်- 
  မာ ဝေါ ခဏံ ၀ိနာသေထ ။ 
  ချစ်သား ချစ်သမီးတို့ ရရှိလာတဲ့အချိန်အခါ အခွင့်ကောင်းတွေကို မပျက်စီးစေဖို့ မှာထားတော်မူပါတယ်၊ 

   အဲဒီစကားတော်ကို သေသေချာချာ လေးလေးနက်နက် စဉ်းစားကြည့်ရင် အချိန်အခါ အခွင့်ကောင်းတွေကို မပျက်စီးစေနဲ့လို့ ပြောဆိုသတိပေးလိုက်တော့ ဆိုလိုရင်းအဓိပ္ပါယ်ကို လွယ်လွယ်နဲ့ အများနားလည်အောင် အဖြောင့်ပြန်မယ်ဆိုရင် အချိန်ကို အလကားမဖြစ်စေဖို့ အချိန်ကို အလကားဖြုန်းတီး မပစ်ကြဖို့ အချိန်ကိုအကြိုးရှိရှိ အသုံးချဖို့ မှာထားတဲ့စကားပဲလို့ အဓိပ္ပါယ်ရတယ်။ 
         ဘယ်လိုလုပ်ပြီးအသုံးချခိုင်းတာလဲဆိုရင် ဗုဒ္ဓမြတ်စွာ လေးဆယ့်ငါးဝါ ကာလပတ်လုံး နေ့စဉ်နေ့တိုင်း အမြဲမပြတ် သတိပေးနေတဲ့စကားတော်က ----- 
     အပ္ပမာဒေန သမ္ပာဒေထ ။ ချစ်သား ချစ်သမီးတို့ မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆ မနေလိုက်ပါနဲ့၊ အမှတ်တမဲ့ မနေလိုက်ပါနဲ့ ၊ မမေ့လျော့သော သတိတရားနဲ့နေကြ၊ အမှတ်တရ နေကြလို့ မိန့်မှာတော်မူပါတယ်၊

      မေ့လျော့ပေါ့ဆ အမှတ်တမဲ့နေသူတွေအတွက် အပါယ်လေးပါးဟာ မိမိအိမ်နဲ့တူတယ်ဆိုတဲ့ အကြောင်းကို ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ- ဆိုတဲ့ဒေသနာတော် က ထောက်ခံနေပါတယ်။ အပါယ်ဆိုတာဘာကိုဆိုတာလဲဆိုရင် ချမ်းသာကင်းရာ အရပ်ကို အပါယ်လို့ခေါ်တာပါပဲ ၊ ချမ်းသာကင်းတယ်ဆိုတော့ ဆင်းရဲတဲ့နေရာအရပ်ကို ပြောလိုတာပါ ၊ ဥပမာအနေနဲ့ကတော့ မြင်း နွား ခွေး ကြောင် စတဲ့ သတ္တ၀ါတွေကိုကြည့်ကြည့် အဲဒီသတ္တ၀ါတွေ ဘယ်လောက်ဆင်းရဲလဲ ဆိုရင်ပေါ့၊ အဲဒီသတ္တ၀ါတွေဆိုရင် ပိုင်ရှင်က အလေးမထားရင် ၀မ်းစာအတွက် ထမင်းရည်တောင် ၀အောင်သောက် ရဖို့ မလွယ်ပါဘူး၊ ဆင်းရဲပါတယ် မိမိတို့လည်း ကိုယ့်အိမ်ဆိုတာ ကိုယ်နေချင်သလိုနေမယ် ကိုယ်စားချင် သလိုစားမယ် ကိုယ်သွားလာချင်သလို သွားလာလို့ရတယ်၊ ဘယ်သူကကိုယ့်ကို လာတားမှာလဲ၊ ဘယ်သူကမှ မတားပါဘူး၊ အဲဒါဆိုရင် အလှူဒါနမပေးလှူ သီလမဆောက်တည်မကျင့်သုံး ဘာဝနာတရားပွားများအားထုတ်မှုဘာတခုမှမလုပ်ဘူး။ မကောင်းတာလုပ် မကောင်းတာပြော မကောင်းတာကြံ မေ့လျော့ပေါ့ဆ အမှတ်တမဲ့နေတဲ့ သတ္တ၀ါတွေရဲ့စံအိမ်ဟာ အပါယ်လေးပါးပါပဲ ။ 

      မမေ့မလျော့ မပေါ့မဆသော သတိနဲ့နေ အမှတ်တရနေဆိုတာ ဘယ်လိုနေခိုင်းတာလည်းဆိုရင်--- ‘ကထံ ဘူတဿ မေ ရတ္တိန္ဒိဝါ ၀ီတိဝတ္တန္တီ’တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ။ ငါဘယ်လိုနည်းနဲ့ နေ့တွေ ညတွေကို ကျော်လွန်စေရပါ့မလဲ ဘယ်လိုကုန်ဆုံးစေရပါ့မလဲလို့ အမြဲ မပြတ်ဆင်ခြင်စဉ်းစားရမယ် ၊ အလှူဒါနပေးလှူ သီလဆောက်တည်ကျင့်သုံး ဘာဝနာတရားပွားများလို့ ကိုယ့်ကိုယ်ကို ကောင်းအောင်စောင့်ထိန်းလိှု့ ကောင်းတဲ့ကာယကံအမှုတွေ ပြုလုပ်နေထိုင်သွားမယ်၊ နှုတ်ကိုကောင်းအောင်စောင့်ထိန်းလို့ ကောင်းတဲ့ စကားတွေကို ပြောဆိုနေထိုင်သွားမယ်၊ စိတ်ကိုကောင်းအောင်ထိန်းလို့ ကောင်းတဲ့အကြံကောင်းတွေကို ကြံစည်သွားမယ်လို့ သန္ဒိဌာန် ပြုထားရပါမယ်။

   ကိုယ့် စိတ်ထဲမှာ ကောင်းသောနံနက်ခင်းဖြစ်ချင်ရင် အဲဒီနံနက်ခင်း မှာ ကောင်းတဲ့အလုပ် ကောင်းတဲ့အပြော ကောင်းတဲ့အကြံအစည်တွေကို ပြောဆိုကြံစည်ပြုလုပ်နေတယ် ဆိုရင် ကောင်းသောနံနက်ခင်း ဖြစ်မှာပါပဲ၊ ကောင်းတဲ့နေ့လည်ခင်း ကောင်းတဲ့ည ဖြစ်ချင်ရင်လဲ မကောင်းတာမလုပ်၊ မကောင်းတာမပြော၊ မကောင်းတာ မကြံစည်ဘဲ နေကြမယ် ဆိုရင် ကောင်းတဲ့နေ့လည် ကောင်းတဲ့ညဖြစ်ပြီပေါ့။ 
    အချို့သူတို့ရဲ့ အယူအဆဟာ အလုပ်တခုလုပ်ရင် ဒီနေ့ကကောင်းတယ် ဒီနေ့က မကောင်းဘူးလို့ ပြောလေ့ရှိပါတယ်၊ သူတို့ပြောတဲ့ နေ့ကောင်းတယ် မကောင်းဘူးဆိုတာ သူတို့နဲ့ပဲဆိုင်ပါတယ် ၊ ဒီနေ့ဟာ ကောင်းတဲ့နေ့လို့ သူတို့ဘယ်လောက်ပြောပြော မကောင်းတာတွေပဲ လုပ်နေရင် အဲဒီနေ့ဟာ ဘယ်တော့မှ ကောင်းတဲ့နေ့ ဟုတ်မှာမဟုတ်ပါဘူး ၊ ဒီနေ့ဟာ မကောင်းဘူးလို့ ဘယ်လောက်ပြောပြော ကောင်းတာလုပ်တဲ့နေ့ဟာ ကောင်းတဲ့နေ့ပါဘဲ။ ကိုယ် နှုတ် စိတ် သုံးပါထဲက မိမိဟာ အားလုံးကို မထိန်းနိုင်ရင်တောင် တခုခုကို စောင့်ထိန်းနိုင်ရင်ကောင်းတယ်။ အားလုံးထိန်းနိုင်ရင် ပိုကောင်းပါတယ်၊ 

     တပည့်တော်အနေနဲ့ အသိပေး သတိပေးလိုတာက ကိုယ်လုပ်မဲ့အလုပ် မပြုလုပ်ခင် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘယ်သူ့ကိုများ ထိခိုက်မလဲ ၊ ကိုယ်ပြောမယ့်စကား မပြောကြားခင် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘယ်သူ့ကိုများ ထိခိုက်မလဲ ၊ ကိုယ်တွေးမဲ့အတွေး မတွေးတောခင် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘယ်သူကိုများ ထိခိုက်မလဲ ဆိုတာကိုအသိပေး သတိပေးလိုပါတယ်၊ ထိခိုက်တဲ့နေရာမှာ ဓမ္မ လမ်းကြောင်းဘက်ကပြောဆိုလို့ ထိခိုက်တာတော့မပြောလိုပါဘူး ၊ မှားယွင်း လွဲမှားတဲ့ အယူအဆ အတွေးအခေါ် အပြောအဆို မျိုးနဲ့ မထိခိုက်စေချင်တာပါ ၊ အမှားဆိုတာ လူတိုင်းမှားတတ်ကြပါတယ် လူတိုင်းလူတိုင်း မှားခွင့်တော့ ရှိပါတယ်။ ကိုယ်မှားလိုက်တဲ့အမှားဟာ သူများမျက်ရည်ကျ လောက်တဲ့အမှားမျိုး သူများဘ၀ပျက်လောက်မဲ့ အမှားမျိုးတော့ ဘယ်သူမှ မမှားသင့်ပါဘူး ။ ကိုယ် နှုတ် စိတ် သုံးပါးထဲက (နှုတ်)ပါးစပ်နဲ့ပတ်သက်လို့ သတိထားမိအောင် အနည်းငယ် ပြောလိုပါတယ်၊

     မယဉ်ကျေးရင် အများမုန်း ၊ အထင်သေးရင် အမှားဆုံး တဲ့ -- ဒါဘာပြောတာလဲဆိုရင် မည်သူမဆို ၀တ်စား သွား လာ ပြောဆို နေထိုင်တဲ့နေရာမှာ ယဉ်ကျေးစေဘို့ အတွက် ရှေးရှေးပညာရှင် အချို့က မယဉ်ကျေးရင် အများမုန်း ဆိုတဲ့ စကားရပ်ကို ရေးသားခဲ့ပါတယ် ၊
   မုခံ နာမ ဘုဉ္ဇနတ္ထာယ စေ၀ ကထနတ္ထာယ စ ။ ပါးစပ်ဆိုတာအစားစားခြင်းအကျိုးငှာ စကားပြောဆိုခြင်းအကျိုးငှာ ဖြစ်ပါတယ် ၊ အရပ်သားစကားနဲ့ ရိုင်းရိုင်းပြောရရင် အစားမျိုဖို့ရန်နှင့် စကားဆိုဖို့ရန်အတွက် ဖွဲ့စည်းထားတာ တော့မှန်ပါတယ်၊ အရိုးများတဲ့အသားကို ဘယ်သူမှ မစားချင်ကြသလို မရိုးသားတဲ့စကားကိုလည်း မပြောဆိုမိစေဖို့ အသိပေးလိုပါတယ် သတိပေးလိုပါတယ် ။ မရိုးမသားတဲ့ စကားဆိုတာ ဘယ်လိုစကားမျိုးလဲ ၊ ပြောမိရင်ဘယ်လို အကျိုးတရားတွေ ခံစားရမလဲ (ပြောတော့ဘာဖြစ်လဲ)လို့ မေးစရာရှိပါလာတယ် ။ မရိုးသားတဲ့စကားဆိုတာ အခြားမဟုတ်ပါဘူး ၀စီကံလေးပါးပါပဲ ၊
      အဲဒါက ဘာတွေလည်းဆိုရင်
 (၁)မုသာဝါဒါ ----- မဟုတ်မမှန် ချွတ်ယွင်းတဲ့ စကားကို ပြောဆိုခြင်း ၊
 (၂) ပိသုဏ၀ါစာ ----သူနှစ်ယောက်တို့ရဲ့ ချစ်ခြင်းကို ကွဲပြားစေတတ်သော ချောပစ်ကုန်းတိုက်တဲ့ စကားကို ပြောဆိုခြင်း ၊ 
(၃) ဖရုသ၀ါစာ---- သူတပါးတို့ရဲ့စိတ်ကို ပူလောင်စေတတ်တဲ့ လွှကဲ့သို့ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း အလွယ်ပြောရရင် အာကြမ်း လျှာကြမ်းနဲ့ ပြောဆိုခြင်း ၊
 (၄) သမ္ဖပ္ပလာပ----အကျိုးမရှိ ပိန်ဖျင်းတဲ့ စကားကို ပြောဆိုခြင်းရယ်လို့ မရိုးသားတဲ့စကား လေးမျိုးရှိပါတယ်။
     အဲဒီလေးမျိုးထည်းက မိမိတို့တတွေ ကျူးလွန်မိရင်တော့ ဘယ်လိုအကျိုးတရားတွေခံစားရမလဲ ဆိုရင်တော့ အဆိုးဆုံး အကျိုးခံစားရမှု အပေါ့စားခံစားရမှုရယ်လို့ နှစ်မျိုး ခံစားကြရပါတယ်၊ လေးမျိုးထည်းက ဘယ်ဟာကျူးလွန်မိ ကျူးလွန်မိ အဆိုးဆုံးအကျိုးခံစားရမှုကတော့ အတူတူပါပဲ ၊ အပေါ့ဆုံးအကျိုးခံစားမှုပဲ ကျူးလွန်မိသည်အားလျော်စွာ ကွာဟသွားတာပါ၊ 

     အဲဒီလေးမျိုးအတွက် အကြီးဆုံးမကောင်းကျိုးခံရမှုက ဘာတွေလည်းဆိုရင် 
(၁) ငရဲဘုံမှာ ဖြစ်ရပါတယ် ၊
 (၂) တိရစ္ဆာန်ဘုံမှာ ဖြစ်ရပါတယ် ၊ 
(၃) ပြိတ္တာဘုံမှာ ဖြစ်ရပါတယ် အဲဒီလို ခံစားရပါတယ်။ 

    အပေါ့ဆုံးမကောင်းကျိုးက ဘာလဲဆိုရင် 
(၁) မဟုတ်မမှန်တဲ့ စကားပြောတဲ့သူတွေဟာ ကံကောင်းထောက်မလို့ လူပြန်ဖြစ်ရင်တောင် ကိုယ့်ကိုယ်ကို စွပ်စွဲခံရတတ်ပါတယ် ၊ တချို့ ကိုယ်မလုပ်ရ ပါပဲလျက် သူများရဲ့ အစွပ်စွဲခံရတာတွေ တွေ့ဘူးမှာပါ ၊ အဲဒါတွေဟာ အတိတ်ဘက ကိုယ်တိုင်ပြုမိခဲ့တဲ့ မကောင်းကျိုးခံစား ရတာပါ ။
 (၂) သူတပါးတို့ရဲ့ချစ်ခြင်းကို ပျက်စီးစေတတ်သော စကားကို ပြောဆိုတဲ့သူတွေဟာ ကံကောင်းထောက်မလို့ လူပြည်ပြန်ရောက်ရင်တောင် မိတ်ဆွေ ခင်ပွန်းတို့နှင့် စိတ်ဝမ်းကွဲပြား မှုကို ဖြစ်စေပါတယ်၊ တချို့ ညီရင်းအစ်ကို မောင်နှမ ဖြစ်စေကာမှု တယောက်နဲ့ တယောက် စိတ်ဝမ်းကွဲပြားနေတာတွေဟာ အတိတ်ဘ၀က ဒီကံကို လွန်းကျူးမိခဲ့ကြလို့ ဖြစ်နေကြတာပါ ။
 (၃) သူတပါးတို့ရဲ့စိတ်ကို ပူလောင်စေတတ်တဲ့ လွှကဲ့သို့ ကြမ်းတမ်းသောစကားကို ပြောဆိုတဲ့ သူတွေဟာ ကံကောင်းထောက်မလို့ လူပြည်ပြန်ရောက်ရင်တောင် မိမိစိတ်ထဲ မနှစ်မျို့ မခံချင်သော (မိမိစိတ် မနှစ်သက်ဖွယ် )အသံကိုကြားရတတ်ပါတယ် ၊ တချို့ မနှစ်သက်ဖွယ် အသံကြားပြီး စိတ်ချောက်ခြား နေ တတ်တဲ့သူတွေဟာ ကိုယ်ပြုခဲ့တဲ့ မကောင်းကျိုးကြောင့် ခံစားရတာပါ ။
 (၄) အကျိုးမရှိ ပိန်ဖျင်းတဲ့ စကားကို ပြောဆိုတဲ့သူတွေဟာ ကံကောင်းထောက်မလို့ လူပြန်ဖြစ်ရင်တောင် မိမိပြောလိုက်တဲ့ စကားကို သူတပါးတွေ လက်မခံချင်ဖြစ်တတ်ပါတယ် ၊ တချို့ ဘယ်လောက်ပဲ ကောင်းတာပြောပြော ကိုယ့်ပြောလိုက်တဲ့ စကားကို လက်မခံချင် တာတွေ တွေ့ဘူးကြမှာပါ၊ ဒါတွေ အားလုံးဟာ မရိုးမသားတဲ့ စကားကို ပြောဆိုမိလို့ အဆိုးဆုံး မကောင်းကျိုးခံစားရမှုနဲ့ အပေါ့ဆုံး မကောင်းကျိုး ခံစားရမှုတွေပါ ၊ 

       အဲဒါကြောင့် မိမိတို့ တတွေလည်း တတ်နိုင်သမျှ မိမိဘ၀အတွက် ကောင်းတာလုပ်ဖို့ ကိုယ့်ကိုယ်ကို အသင့်ပြင်ထားစေလိုပါတယ် ၊ ကိုယ်လုပ်လိုက်တဲ့ လုပ်ငန်းစဉ် တခုရဲ့အပေါ်မှာ ဘယ်အချိန် ဘယ်အခါ ဘယ်နေရာရောက်ရောက် တကယ်တမ်းပြန်တွေးကြည့်ရင် တန်ကြေးရှိ မရှိ စစ်ဆေးကြည့်ပြီး ပြုပြင်နေထိုင်သွားကြပါလို့နောက်ဆုံး အသိပေး သတိပေးတဲ့ အနေမျိုးဖြင့် ပြောကြား ခဲ့သော အတုယူလိုက်နာစရာနှင့် သတိပြုရှောင်ကြဉ်စရာ အမည်ရှိတဲ့ စာတမ်းလွှာကို နိဂုံးချုပ်လိုက်ပါတယ် သံဃာတော်အရှင်သူမြတ်တို့ဘုရား------------- 

 ရိုသေလေးစားစွာဖြင့် ---- 
အရှင်ဝိမလာလင်္ကာရ
 M.A(Previous)
 ဆန်စကရစ်တက္ကသိုလ်၊
 ဗာရာဏသီမြို့။ 

 မှီငြမ်း ကိုးကားသည့် ကျမ်း စာရင်း-
 (၁) ( ၀ိ- ၁ ၊ ဌ-- ၁ )
 (၂) ( ဓံ -- ၁/၂)
 (၃) (အံ-- ၂ /၃) 
(၄) ဗုဒ္ဓ၀ံသ ပါဠိတော်။

No comments:

Post a Comment