ပေးဆပ်သူတို့ နှလုံးသားမှာ ၀မ်းသာမှုနဲ့ ကျေနပ်ခဲ့သူဖြစ်၏၊ အရာအာလုံးထက် နိုင်ယှဉ်ရာဝယ် ယှဉ်နိုင်မမှီတဲ့ ဘ၀ဖန်ဆင်းရှင်ဟာ မိဘနှစ်ပါးသာဖြစ်သည်ဟု ဆိုခဲ့လျင် မလွဲဧကန် အမှန်ဖြစ်နိုင်ပါသည်။ အနန္တငါးပါး တစ်ဂိုဏ်းတည်း ပါဝင်ခဲ့သော မိဘနှစ်ပါး၏ ဂုဏ်ပုဒ်ဝိသေသမှာ ပုထုဇဉ် လူသားတိုင်း အမျိုးမျိုးရေးသား သီကုံးထားသော်လည်း ရေးမကုန်နိုင်ခဲ့၊ ထိုမျှ ရေးမကုန်သောကျေးဇူးရှင် မိဘတို့၏ မေတ္တာတရားကို စာမှုဖွဲ့ဆို ဦးခိုက်ပူဇော်ချင်မိပါသည်။ ဖတ်မိတဲ့ဇာတ်တော်များကြောင့် စာရေးသူ၏ ခံစားချက်ကို ပဲ့တင်သံ ရိုက်ခတ်ခဲ့ပါသည်။
အတိတ်ကာလတစ်ခု ဗာရာဏသီပြည်မှာ အလောင်းတော်ရွှေဟင်္သာဖြစ်စဉ်တုံးက လူဘ၀မှာ ကျန်ခဲ့တဲ့ သမီး(၃)ယောက် ဇနီးတွေဟာ ဖခင်မရှိတော့နောက်စားရေသောက်ရေး အဆင်မပြေတာကို ဘ၀ခြားသွားတဲ့ ရွှေဟင်္သာမင်းက မိသားစုရဲ့ အခက်ခဲကို ကူညီမယ်လို့ စိတ်ဆုံးဖြတ် လိုက်လေသည်။ သမီးအပေါ်ထားတဲ့ သံယောဇဉ်နဲ့ မေတ္တာဖွဲ့နှောင်ထားတဲ့ စိတ်စွမ်းရည်ကြောင့် ထင်ပါ၏။ သမီး(၃) ယောက်နဲ့ ဇနီးဟောင်းကို မကြာခင် သင်တို့ အိမ်ခေါင်မိုးပေါ်ပျံဝဲပြီး ရွှေတောင်ပံတစ်ခု ချပေးမယ်လို့ အိမ်မက်ပေးလိုက်လေသည်။ ရွှေဟင်္သာမင်းသည် မိဘမေတ္တာဖြင့် သားသမီးတို့အပေါ် တွယ်တာလှသော်လည်း ဘ၀ခြားသောကြောင့် လွမ်းရလေတော့သည်။ သမီး(၃) ယောက်နဲ့ ဇနီးဟောင်းတို့မှာ အံ့သြ၀မ်းသာစွာ ဖခင်ရဲ့ ချစ်မေတ္တာကို မှန်းမျှော်လို့ ၀မ်းသာမျက်ရည်တွေ ဝေခဲ့ရပါ၏။ မျိုးမတူ ဇာတ်ခြားသွားလေသူကြီးရဲ့ အပြန်လမ်းမှ ပျံသန်းအလာကို ကြည့်ပြီးတော့ ရွှေရင်ဆိုပြီး ငိုကြရသည်။
ထို့ကြောင့် သမီးသုံးယောက်နှင့် ဇနီးဟောင်းတို့မှာ ဖခင်ရွှေဟင်္သာ မင်းရဲ့ ရွှေတောင်ပံကို ရောင်ချထုခွဲပြီး အဆင်ပြေစွာ နေထိုင်ကြသည်။ ထိုသို့နေ့စဉ် ရွှေတောင်ပံတစ်ခုတစ်ခုကို နေ့စဉ်ရောင်းချရာက ပျော်ရွှင်သော နေ့ရက်တွေဟာ ကုန်ဆုံးဖို့အချိန် ရောက်လာတော့ ရက်စက်တဲ့အတွေးကို စီစဉ်လေတော့သည်။ ဖခင်ရွှေဟင်္သာမင်းဟာ တစ်နေ့သောအချိန်မှာ သူတို့ရဲ့ အတွေးမှား ရက်စက်တဲ့အတွေးကို မသိဘဲ ထိုနေ့မှာ ဖခင်ရွှေဟသာင်္မင်း၏ ပျံသန်းလာခြင်းသည် အလွန်ပင် လှလွန်းခဲ့သည်၊ အိမ်ခေါင်မိုး၌ ပျံဝဲနေချိန် သမီးသုံးယောက်နဲ့ ဇနီးသည်တို့မှာ ဖခင်ရွှေဟင်္သာမင်းကို အော်ခေါ်လေသည်။ သမီးတို့ ခေါ်သံကြားလို့ ရွှေဟင်္သာမင်းသည် ငါ့သမီးနှင့် ဇနီးဟောင်းတို့ဟာ ငါ့၏ကျေးဇူးကိုသိလို့ ငါ့၏မေတ္တာ နဲ့ နွေးထွေးနေချင်သည် ထင်ပါရဲ့ ဖခင်မေတ္တာစိတ်အတွေးနဲ့ သမီးသုံးယောက်နဲ့ ဇနီးတို့ခေါ်ရာအိမ် အတွင်းသို့ ပျံရောက်လေသည်နှင့် အတွေးမှား အကြံမှား ရွှေတောင်ပန်ရှင်ဖခင်ရဲ့ မေတ္တာကိုလောဘ စိတ်တွေကြောင့် ရက်စက်စွာ ဖမ်းချူပ်ပြီး ရွှေတောင်ပံကို တစ်ပင်ချင်းစီ နုပ်ကြလေတော့သည်။ ရွှေတောင်ပံရှင် ဖခင်မှာတော့ ငါ့သမီးတို့ လုပ်ရက်ပါပေတယ်ဆိုသည့် အတွေးဖြင့် အံ့သြ၀မ်းနည်းစွာ ကြည့်နေလေတော့သည်။ ဆပ်ဆပ်ခါ နာကြင်မှုဝေဒနာကို ခံစားရသော်လည်း ရွှေတောင်ပံ ရှင်မှာတော့ သမီး သုံးယောက်အပေါ် ချစ်ခြင်းမေတ္တာသည် မပျက်ဆုံးနိုင်ဘဲ ချစ်စိတ်တွေနဲ့ ဖြေသိပ်ကာ နောက်ဆုံး ထွက်သက်ထိ အသက်ကို စတေးပြီး ပေးဆပ်ခြင်းဖြင့်သာ ချစ်ခဲ့ပါတကား။
မိဘဆိုသော ကျေးဇူးတရားသည် အဖေ၊အမေ နှစ်ဦးလုံးသာ ညီမျှစွာ ကျေးဇူးရှိခဲ့ပါ၏။ ထို့ကြောင့် မိဘကျေးဇူး ဂုဏ်အထူးကို ဘယ်အရာနှင့်မျှ တုယှဉ်နိုင်းလဲ မမှီနိုင်ခဲ့ပေ။ မည်၍မည်မျှဟု ပမာဏပြု၍ မရနိုင်ပေ။
ထိုသို့ ကျေးဇူးကြီးလှစွာသော ဂုဏ်အထူးကို ရှေးဆရာအဆက်ဆက်က မာတာပိတုဂုဏော အနန္တော( မိဘတို့၏ ဂုဏ်ကျေးဇူးသည် အဆုံးပိုင်းခြားမရှိ များပြားလှပါပေ၏)ဟု ဆိုခဲ့ရေးခဲ့ပါသည်။ မိဘတို့ဟာ သားသမီးရဲ့ ဘ၀ဖန်းရှင်ပါ မိဘသည် သားသမီးတို့၏ အနာဂါတ်အိမ်မက်စိတ်ကူးတွေကို ပုံဖော်ပေးသူပါ ယှဉ်နိုင်းမရတဲ့ ကျေးဇူးဂုဏ်အထူးကို မြတ်ဗုဒ္ဓကိုယ်တိုင်ပင် မယ်တော် ဖြစ် ခဲ့ဖူးသောသန္တုသိတ နတ်သားကို တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးပြီး ကျေ ပွန်အောင် ပြုလုပ်ခဲ့ပါသည်။ ထိုသို့ကျေးဇူးများလှသော ဂုဏ်အထူးကို ပမာနိုင်းယှဉ်ကာ ပြရင်ဖြင့် စာရေးသူ၏ မိဘအပေါ် တာဝန်မကျေလို့ ဝေကျတဲ့ မျက်ရေစက်ဟာ မိဘရဲ့နဖူးပေါ်က ချွေးစက်လောက်မှ တန်ဖိုးမရှိပါတကား။
အတိက်ကာလအချိန်သည် မည်မျှလောက်ပင် ပြီးဆုံးသော်လဲ တိုက်ဆိုင်တဲ့ အကြောင်းအရာ များနဲ့ မြင်တွေ့ခဲ့မိလျင် သတိရတမ်းတမှုက ပုံရိပ်ထင်ဟပ်မိပါတော့၏။ ခက်ထန် ကြမ်းတမ်းလှတဲ့ လောကဓံကို အံတုရင်ဆိုင် သားသမီးအတွက် အမေရဲ့ဘ၀ အမေရဲ့အလှ အမေရဲ့ချွေးစတွေနဲ့ ပေးဆပ်ခဲ့သူပါ၊ အမေဟာ စာမတတ်ပေမဲ့ သားသမီးများရဲ့ဘ၀အလှ ဖန်ဆင်းရှင်အဖြစ် ဘ၀ကို ကျော်ဖြတ်ခဲ့သည်။ စာမတတ်သော်လဲ ဥာဏ်မလိုက်တာကြောင့် တောမှာနေပြီး သားသမီးများကို နွေထွေး ကြင်နာမှုနှင့် အရာအားလုံးကို ရင်ဆိုင်နိုင်ခဲ့ပါသည်။ မဟာသမုဒ္ဒရာ မြစ်ပယ်လယ်သည် အမေမေတ္တာနှင့် ယှဉ်နိုင်းပါက အမေဟာ သားသမီးတို့အပေါ် ထားရှိလို့ ကြွှေကျမြေခတဲ့ ချွေးစက်မျှသာရှိပါ၏။ နှစ်သိန်း လေးသောင်းအထုရှိသော မဟာပထ၀ီမြေထုပမာသည် အမေ့မေတ္တာနှင့် ယှဉ်နိုင်းပါလျင် ထိုမြေထုသည် ၀ါရွက်မျှသာရှိပါ၏။ အမိကိုလက်ယာ အဖကို လက်ဝဲ အမြဲပုခုံးထက်တင်ထားပြီး ကျင်ကြီးကျင်ငယ် စွန့်စေကာ ကျွေးမွေးစောက်ရှောက်အုံးတော့ မွေးကျေးဇူးသည် မကျေနိုင်ပါ။ ထို့အတူ ကျွှန်တော် အမေသည် ထိုသို့ကျေးဇူးဂုဏ်နှင့် ပြည့်စုံသူတစ်ဦး ပါဝင်ခဲ့ပါသည်။
မင်္ဂလသုတ်အဖွင့်၌ မြတ်စွာဘုရား ဟောခဲ့သည်မှာ မိဘတို့ကို ကောင်းစွာလုပ်ကျွေးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့်-ကြီးပွားခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်သည်။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ လုလင်ပျိုတစ်ယောက်ရှိသည်။ သူသည် အမိအဖတို့ကိုလွန်စွာ ချစ်မြတ်နိုး၏။ နတ်သိကြားကဲ့သို့ အမှတ်ပြု၍ ရိုသေစွာလုပ်ကျွေး၏။ ပြုစု စောင့်ရှောက်၏။ ထို့ကြောင့် ထိုလုလင်သည် မာတုပေါသက ပိတုပေါသက-ဟူ၍ အမည်တွင်လေ သည်။ တစ်နေ့သောအခါ ထိုလုလင်သည် အမိအဖတို့ကို ချမ်းသာစွာ ထားနိုင်ရန် အခကြေးငွေရလို၍ သင်္ဘောဖြင့် စွန့်စားလိုက်ပါလေသည်။ ထိုသင်္ဘောသည် သီဟိုဠ်ကျွန်း(သီရိလင်္ကာ)သို့ ဆိုက်ကပ် သည်။ ထိုအချိန်မှာ သီဟိုဠ်ကျွန်း၌ သဲမိုးတို့ အဆက်မပြတ်ရွာကာ လူအများ အတိဒုက္ခရောက် နေကြသည်။ လယ်ယာစိုက်ခင်းများ ပျက်စီးကြသည်။ သီဟိုဠ်(သီရိလင်္ကာ)မင်းလည်း သဲမိုးရွာသော ကပ်မှလွတ်မြောက်ရန် မည်သို့ပြုရမည်ကို သမားဖြူ၊ သမားညိုတို့ကိုခေါ်၍ မေးမြန်းသည်။ သမားဖြူ သမားညိုတို့က -အရှင်မင်းကြီး ဤသဲမိုးရွာသောကပ်သည် အလွန်ထူးခြားသော သစ္စာကို ပြုလျှင် ပျောက်ပါလိမ့်မည်- ဟူ၍လျှောက်တင်ကြသည်။ အဘယ်သစ္စာကို အဘယ်သူအားပြုစေရမည်နည်း-ဟူ၍မင်းက မေးမြန်း၏၊ အရှင်မင်းကြီး၊ အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ လုပ်ကျွေးသော သူကို သစ္စာပြုစေရပါမည်-ဟူ၍ သမားဖြူ၊သမားညိုတို့ကို လျောက်၏။ မင်းကလည်း အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာ လုပ်ကျွေးသူကို များစွာ ဆုလာဘ်ပေးမည်။ မောင်းခတ်၍ ရှာလေဟူ၍ အမိန့်တော်ရှိ၏။ မှူးမတ်တို့လည်း မောင်းကြေးနင်းခတ်၍ ရှာကြသည်။ တစ်ပြည်လုံးတွင် တစ်ယောက်မျှမရှိ။ အခက်တွေ့နေကြသည်။
ထိုအခါ မာတုပေါသက ပိတုပေါသက လုလင်သည် သင်္ဘောထက်ကနေ၍ အို-အချင်းတို့၊ ငါသည် အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာလုပ်ကျွေးသူတည်း-ဟု လှမ်းအော်ပြောသည်။ မှူးမတ်တို့လည်း မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားသည်။ ထိုအခါမင်းကြီးက- ထိုသူကိုခေါ်၍ သစ္စာဆိုစေလော့-ဟူ၍ မိန့်တော်မူလိုက်သည်။
မှူးမတ်တို့သည် လုလင်ထံသွား၍ သူတို့၏ ဒုက္ခကိုပြောပြကြသည်။ ထိုဒုက္ခမှ လွတ်မြောက် အောင် သစ္စာဆိုပါရန်လည်း ပန်ကြားကြသည်။ ထိုအခါ မာတုပေါသကပိတုပေါသက လုလင်လည်း သင်္ဘောဦးသို့ တက်ပြီးလျှင်- ငါသည်လူလားမြောက်ကာ သိမြင်လိမ္မာသည်မှစ၍ အမိအဖနှစ်ပါးတို့၏ ကျေးဇူးကို အောက်မေ့ဆင်ခြင်ခဲ့သည်။ ကြည်ညိုမြတ်နိုးမဆုံး ရှိခဲ့သည်။ ထို့ကြောင့် အမိအဖနှစ်ပါးတို့ကို မငတ်မမွတ်၊ မနွမ်းနယ်စေရန် အိမ်ဦးနတ်ကဲ့သို့၎င်း၊ သိကြားမင်း၊ ဗြဟ္မာမင်း ကဲ့သို့၎င်း၊ အမှတ်ထား၍ ရိုသေစွာ လုပ်ကျွေးမွေးမြူသူမှန်ပါသည်။ ဤသစ္စာအတိုင်းမှန်ပါက ဤသဲမိုး သည် ချက်ချင်း ရပ်ပါစေသတည်း။ ဤသဲမိုး ရပ်သဖြင့် ပြည်သူပြည်သား၊ မင်း၊ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်မှစ၍ သတ္တ၀ါအားလုံး ချမ်းသာကြပါစေသတည်း-ဟူ၍ သစ္စာပြုသည်။
ထိုသို့ သစ္စာပြုသော ခဏမှာပင် သဲမိုးသည် ရပ်လေ၏။ အားလုံး ချမ်းသာရာ ရကြလေသည်။ ထိုအခါ မင်းနှင့်တကွ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်မှစ၍ ပြည်သူပြည်သားတို့သည် လုလင်အား များပြားလှစွာသော ပစ္စည်းဥစ္စာတို့ဖြင့် ပူဇော်ကြသည်။ လုလင်သည် ထိုပစ္စည်းတို့ကို သင်္ဘောငါးစင်းဖြင့် တင်၍ အိမ်သို့ ပြန်ခဲ့သည်။ ရောက်သော် အမိအဖတို့အား အကျိုးအကြောင်း ပြောပြကာ ရရှိသောပစ္စည်းများဖြင့် ပူဇော်လေသည်။
သူတို့ ၃-ဦးသည် ဒါနကောင်းမှုစသည်များကို ပြု၍ ချမ်းမြေ့စွာ နေထိုင် သွားကြသည်။ သေလွန်ပြီးသောအခါ နတ်ပြည်သို့ လားကြလေသတည်း။
ထိုမျှသာ မကသေး မေတ္တာသုတ်အဖွင့်၌ ပမာနှိုင်းယှဉ်ပြရန် ဟောတော်မှုခဲ့၏ {မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ’မနုရက္ခေ} မွေးမိခင်သည် မိမိ၏ရင်သွေးဖြစ်သော တစ်ဦးတည်ဖြစ်သော သားကို မိမိအသက်နှင့်လဲ၍ပင် အစဉ်ကာကွယ်စောင့်ရှောက်ဘိသကဲ့သို့ မေတ္တာရှင်မိခင်ဟာ သား သမီးကိုချစ်သော ချစ်ခြင်းမေတ္တာသည် မခွဲခြားဘဲ ချစ်သောမေတ္တာ၊ သားငယ်လေး သမီးငယ်လေး အပေါ် မှက်ခြင်ယင် မသန်းရအောင် အထူးစောင့်ရှောင်ခဲ့ သားသမီးများ ဆင်းရဲဒုက္ခ ရောက်မှာကို မလိုလာတဲ့ ကရုဏာ။ အမေရဲ့ ဘ၀တွေ အလှတွေ ပေးပြီး ပညာသင်ပေးခဲ့တဲ့ သားသမီးများ ပညာတတ် ချမ်းသာနေတာကို အမြဲလိုလို မြင်ချင်ပါတဲ့ အမေရဲ့မုဒိတာ။ အချစ်ရေးကို ဦးစာပေး နှလုံးသားကို အလိုလိုက် အမေနှလုံးသားရင်ခွင် စုန်ကန်သွားတဲ့ သားဆိုးသမီးမိုက် တွေအပေါ် အမုန်းမရှိ အဆုံးထိ မချစ်မမုန်းအပြုံးပန်ဝေခဲ့တဲ့ မချစ်မမုန်းသော အမေရဲ့ဥပေက္ခာ။ မိုးကောင်းကင်မှ နတ်ဗြဟ္မာကို သားမမြင်ဖူးပေမဲ့ အခုသားမြင်လိုက်ပါ၏….မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ဆိုတဲ့ ဗြဟ္မ၀ိဟာရ တရားရှင် အမေ ပါလား။ ဘုရားရှင်ကိုယ်တိုင် အမေမေတ္တာဂုဏ်အထူးကို အမွှန်းတင်ကာ ဟောခဲ့၏။ ထိုသို့ကျေးဇူးကြီးလှ မေတ္တာရှင်အမေကို သားဘယ်လိုအရာမှ မယှဉ်နိုင်းရက်ပါအမေ..။ ထိုသို့ယှဉ်နိုင်းမမှီတဲ့ အမေ့မေတ္တာကို အမေ့သားမှတ်တမ်းတစ်ခု စာတမ်းအစုကိုတင်သွင် လိုက်ပါတကား။ ။
အရှင်ပုညာနန္ဒ
M.A (previous)
ဆန်စကရစ် တက္ကသိုလ်
ဗာရာဏသီမြို့။
ကျမ်းကိုး စာရင်း-
(၁) မာတုပေါတကသုတ်
(၂) မင်္ဂသုတ်အဖွင့်၊ ဦးသုခ။
(၃) အလင်းပြကျမ်း၊ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်။
(၄) မင်္ဂလာသာရ ဒီပနီကျမ်းမူဟောင်း ၊၁၉၂၀-ပြည့်နှစ်။
No comments:
Post a Comment