ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

14/11/2012

အလွမ်းသင့် ဒေ၀ါလီ..။

1. စီးဆင်း ရင်ခွင် | 11/14/2012 | 2. 3. 4. 5. 6. Best Blogger Tips
     ဒေ၀ါလီတဲ့..။ ဗျောက်အိုးသံတွေ တ၀ုန်းဝုန်း တဒိုင်းဒိုင်းဖြင့် တစ်ညလုံး ဆူညံနေတော့သည်။ ကောင်းကင်ယံတစ်ခုလုံး တိုက်ပွဲဖြစ်နေကြသည့် အလား ထိန်းလင်းနေပေ၏။ ယနေ့ညတော့ အိပ်လို့ရမည် မထင်ပေ။ ဒေ၀ါလီရောက်တိုင်း အမိမြေက သီတင်းကျွတ်ပွဲကို လွမ်းမိသည်။ အမိမြေ၏ သီတင်းကျွတ်နှင့် ဝေးခဲ့သည်မှာ ငါးနှစ်တောင် တိုင်ခဲ့ပေပြီ။
                                                  တက္ကသိုလ် မိန်းဂိတ်..။
    ငယ်ငယ်တုံးက သီတင်းကျွတ်ရောက်လျှင် ဗျောက်အိုးတို့ ဖောက်ကာ ပျော်ရသည်။ ကြောက်တတ်သော မိန်းကလေးတို့အနီးနား ဖျောက်ဖောက်ပြီး ပြေးရသည်။ သူမတို့ ကြောက်ပြီး အော်လျှင် ကလေးသဘာဝ အပျော်ကြီး ပျော်နေတော့သည်။ အိမ်တိုင်းအိမ်တိုင်း ဆီးမီးတိုင်တို့ ထွန်းညှိကာ တာဝတိံသာမှ အမိကျေးဇူဆပ် အဘိဓမ္မာတရားဟောပြီး လူ့ပြည် သင်္ကဿနဂိုရ်သို့ ဆင်းလာသော မြတ်ဗုဒ္ဓကို ကြိုဆိုပူဇော်ကြသည်။ 

     ကျွန်ုပ်တို့ရွာတွင် သီတင်းကျွတ်လပြည့်နေ့ညရောက်တိုင်း ဆီမီးပဒေသာပင်ကို အက၊အခုံတို့ဖြင့် တစ်ရွာလုံး လှည့်လည်ကြပြီး ရွာဦးဘုန်းကြီးကျောင်းသို့ ဆီးမီး ပဒေသာနှင့် လှူဖွယ်တို့ကို သွားပို့ကြရသည်။ ထိုအချိန် ရွာထဲမှ လုံမပျိုများ အစွမ်းကုန် အလှပြင်ကြကာ ဆီးမီးပဒေသာပင်ကို ရွက်ကြသည်။ ပဒေသာပင်မှာ ငှက်ပျောတိုင်တွင် ပိုက်ဆံတို့ကို ပန်းလုပ်ကာ အလှဆင်ကြပြီး ဖယောင်းတိုင်တို့ကို ထွန်းညှိကြသည်။ ဖယောင်းမီးညိမ်းလျင် လုံမပျိုများ ဘေးတွင် ကပ်ပါလာကြသော လူပျိုများက ပြန်လည်ထွန်းညှိပေးကြသည်။ ရွာ သီတင်းကျွတ်ပွဲကို ကာလသားလူပျိုတိုင်း မဖြေမနေ ပျော်ရွှင်စွာ ဆင်နွဲကြသည်။ 

    ကျွန်ုပ်တို့ ကလေးတစ်သိုက်ကား ဗျောက်အိုးများ ဆူညံစွာ ဖောက်ကြသည်။ လှည့်လာရာတွင် ကပြဖျော်ဖြေသော တိုးရုပ်အကတွင် တစ်ယောက်ပြီး တစ်ယောက် ၀င်ကကြကာ ပျော်ကြရသည်။ ရွာသီတင်းကျွတ်ပွဲတွင် လူကြီးတွေလဲ မြတ်ဗုဒ္ဓကို ပူဇော်ရလို့ ပျော်ကြသည်။ အပျို လူပျိုတွေလဲ အလှပြကြရ၊ ရွာဓလေ့ နွဲကြရသမို့ ပျော်ကြသည်။ ကလေးတွေလဲ ဆော့ကြရလို့ ပျော်ကြသည်။ အရွယ်တန်းစား မရွေး ပျော်ကြရသည့် ရပ်ရွာသီတင်းကျွတ်ပွဲ လွမ်းမိပါတော့သည်။

 

   စစ်အစိုးရခေတ် ဗျောက်အိုးများ မဖောက်ရဟု တားမြစ်ပိတ်ပင်ထားသဖြင့် ဗျောက်သံများ မကြားရသည်မှာ ကြာခဲ့ပြီ။ ခုတော့ ခေတ်ပြောင်းခါစမို့ ခွင့်ပြုလေပြီလား မသိပေ။ ကျွန်ုပ်တို့ ရွာဓလေ့ရော ကျွန်ုပ်တို့ငယ်စဉ်ကကဲ့သို့ ပျော်စရာမှ ကောင်းသေးပါလေစ။ သာသနာဘောင်ရောက်ပြီးကတဲက ရွာသီတင်းကျွတ်နှင့် ဝေးခဲ့သည်မို့ နှစ်တွေကြာခဲ့လေပြီ။
 
                                 အဆောင်ရှေ့ ဖျောက်ကစားနေတဲ့ ကျောင်းသားတစ်စု..။      
           ရွာသီတင်းကျွတ်နှင့် ဝေးခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ။ အမိမြေ သီတင်းကျွတ်နှင့် ဝေးခဲ့သည်မှာ ငါးနှစ်စွန်းခဲ့ပြီ။ ခု အိန္ဒိယ ဒေ၀ါလီ( မီးထွန်းပွဲတော်) နှင့် ဆုံခဲ့သည်မှာ ငါးနှစ်ပြည့်ခဲ့ပြီ။ ဒေ၀ါလီ ပွဲတော် ဗျောက်သံဖောက်သည်မှာလည်း စစ်ပွဲဖြစ်နေသကဲ့သို့ ဆူညံလွန်းလှသည်။ သူတို့ ရိုးရာ သူတို့ ပျော်ကြမည်ဖြစ်သော်လည်း ကျွန်ုပ်အတွက်တော့ အမိမြေကို အလွမ်းပိုစေတော့သည်။ 

  တက္ကသိုလ်ကျောင်းသား ရဟန်းတော် တစ်ပါးအတွက် ဒေ၀ါလီပွဲတော်သည် သိပ်မဆက်စပ်လှသော်လည်း အမိမြေ အလွမ်းပြေအဖြစ် အဓိပတိလမ်းမကြီးပေါ် လမ်းလျှောက် ထွတ်ဖြစ်သည်။ ရာသီဥတုက ခပ်အေးအေး၊ ဆောင်းနှင်းတို့က ခပ်ဖွေးဖွေးမို့ လမ်းလျှောက်ရသည်မှာ ကဗျာပင် ဆန်နေသေးတော့သည်။ ကျောင်းဆောင်တို့တွင် တပ်ဆင်လှသော မီးရှုး မီးပန်းတို့၏ အလှကိုလည်း ငေးမောဖြစ်သည်။

    ဒေ၀ါလီအလှ ကျေနပ်အောင်ခံစားပြီး နေထိုင်ရာ နိုင်ငံတကာ   ကျောင်းသားဆောင်တို့ ပြန်လာခဲ့သည်။ အဆောင်ရှေ့ ကျောင်းသားတစ်ခု ဗျောက်ဖောက်ကာ ပျော်နေကြသည်။ ဒေ၀ါလီသည် အလွမ်းဓာတ်ခံရှိသော ကျွန်ုပ် နှလုံးသားကို လှုပ်ခတ်ခဲ့ပါပေ၏။ 
                                                               သိမ်မွေ့ဦး (BHU)

No comments:

Post a Comment