ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

08/11/2011

လွမ်းမောမိသည့် နေ့ရက်လေးများ (၂)

1. စီးဆင်း ရင်ခွင် | 11/08/2011 | 2. 3. 4. 5. 6. Best Blogger Tips


      ဦးစွာ သိရီဓမ္မာသောကမင်းကြီး တည်ထားသောမူခဲ့တဲ့ မဟာ ဗောဓိစေတော်မြတ်ကြီးနှင့် အတွင်းမှာ စံမြန်းတဲ့ ရွှေရောင်ဝင်ပြီး သုံးဆယ့်နှစ်ပါးသော ယောင်္ကျားမြတ်လက္ခဏာတော်တွေနှင့် ပြည့်စုံနေတဲ့ ရုပ်ပွားတော်မြတ်ကြီးတို့ကို ရှိခိုးပူဇော်ကြပါတယ်။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန် လပြည့်နေ့ သောကြာနေ့မှာ ဘုရားရှင် သဗ္ဗညုတရွှေဥာဏ်ကို ရရှိခဲ့တဲ့ နေရာမြတ်ဖြစ်ပါတယ်။
    မိမိက သတ္တဌာန ဖြစ်တော်စဉ်တွေကို ကြည်ညို ဖွယ်ဖြစ်အောင် ရှင်းပြပါတယ်၊ မှတ်တမ်းတင် ရိုက်ကူးရာမှာ ၀ါသနာကြီးလှတဲ့ ဥူးသိရိန်ကတော့ အားလုံးကို မလွတ်တမ်း မိမိရရ ရိုက်ကူးပါတယ်၊ ဓာတ်ပုံကင်မရာတစ်လုံး ဗွီဒီယို ကင်မရာ တစ်လုံးနှင့် တကယ့်ကို မလွတ်တမ်း ရိုက်ယူပါတယ်။ ရှင်းလင်းပြမှု မှတ်တမ်းတင်မှုတွေ အပြီးမှာတော့ ဘုရားရှင်တိုင်း သဗ္ဗညုတဥာဏ် ရရှိရာ မြေမြတ်မဟာ ဖြစ်တဲ့ မဟာဗောဓိပင်ကြီးရဲ့အောက်မှာ ရွတ်ဖတ်ပူဇော်ခြင်း အာနာပါန စီးဖြန်း ပွားများခြင်းတို့ဖြင့် ကုသိုလ်ယူကြပါတယ်။ 
    ညနေပိုင်းမှာ ဘုရားရှင် အလောင်းတော်ဘ၀တောထွတ်ပြီး ခြောက်နှစ် တိတိ ဒုက္ကရစရိယ ကျင့်ကြံအားထုတ်ခဲ့တဲ့ တောင်က လှိုင်ဂူနေရာကို သွားရောက်ဖူးမျှော်ကြတယ်၊ လှိုင်ဂူတော် အလျား(၁၀)တောင်၊ အနံ (၆) တောင် ကျယ်ဝန်းပါတယ်၊ မဟာယာနတိဗက် ဘုန်းတော်ကြီးတွေ အစဉ်အဆက် စောက်ရှောက်ကြတယ်လို့ သိရပါတယ်။ တော်ပေါ်ရောက်လို့ ဘုရားမဖူးရသေးခင် တိဗက်ရဟန်းတော်တစ်ပါးက အပြုံးနှင့် ကြိုဆိုပြီး ရေနွေးကြမ်းနှင့် ဧည့်ခံပါတယ်၊ ရေနွေးကြမ်းသောက်ကာ ခဏအမောဖြေ ပြီးမှ လှိုင်ဂူတော် အတွင်းကို ၀င်ရောက်ဖူးမျှော်ကြပါတယ်။ လှိုင်ဂူတော် အတွင်း ထုဆစ်ကိုးကွယ်ထားတဲ့ အရိုးပျိုင်းပျိုင်းထကာ ကျင့်ကြံအားထုပ် နေဟန် ရုပ်ပွားတော်မြတ်ဟာ သပ္ပါယ်ပြီး အသက် ၀င်လှပါတယ်။ ဖူးမြင်သူတွေကို ၀ီရိယဓာတ်တွေ ကူးစက်စေပါတယ်။
     တောင်ပေါ်က အဆင်းမှာ တန်းစီပြီးစောင့်နေကြတဲ့ အိန္ဒိယ ဆင်းရဲသားလေးတွေကို တစ်ယောက်လျှင် မုန့်တစ်ထုပ်စီ ဝေငှပေး ကြပါတယ်၊ ရှစ်ဆယ်လောက်ရှိပါမယ်၊ လိုချင်တာ ရသွားကြတဲ့ အတွက် သူတို့မျက်နှာလေးကလည်း ပြုံးရွှင်လို့ပေါ့၊ ဘုရားဖူးရင်း ပြုခဲ့ရတဲ့ အမှတ်တရ ကုသိုလ်လေးတွေပါ။ တောင်ပေါ်ကနေ ဥရုဝေလတောကို လှမ်းမျှော်ကြည့်ကြတယ်၊ သဲကမ်းပါးတောလို့ အမည်ရတဲ့ ဒီတောဟာ ဘုရားရှင်ခေတ်ကတော့ သစ်ပင်တွေ စိမ်းစိမ်းစိုစိုနဲ့ အင်မတန် ပျော်မွှေ့စရာ ကောင်းတဲ့တောအုပ်ကြီးပေါ့၊ ဒီတောမှာပဲ ရသေ့တွေဟာ သူတို့ရဲ့ အကျင့်ဖြစ်တဲ့ ဇယ်တောက် တုံးခုံ နေပူလှမ်း မီးလှုံ စတဲ့ အကျင့်တွေကို ကျင့်ကြံခဲ့ကြတယ်။ အလုံးစုံဟာ မမြဲတဲ့ အနိစ္စသဘောတွေပဲ မဟုတ်လား၊ အခုခေတ်မှာတော့ သစ်ပင်လေးတွေ ကြိုးတိုး ကြဲတဲနှင့် တောအုပ်အသွင် ပျောက်နေပါပြီ။ သဲသောင်ပြင်တွေကတော့ ဥရုဝေလရဲ့ အသွင် ကို ဆောင်ပြနေတုံးပါပဲ။
     ဥရုဝေလတောက ပြန်လာပြီး နေရဉ္ဇရာမြစ်ကို ဖြတ်ကာ ဘုရားရှင်ကို ဃနာနို့ဆွမ်းဆက်ကပ်ခဲ့တဲ့ သုဇာတာ သူဌေးသမီး အိမ်နေရာ၊ ဃနာနို့ဆွမ်း ဘုန်းပေးတဲ့နေရာ၊ရွှေခွက်မျှော တဲ့နေရာ၊သောတ္ထိယ(သုဒ္ဓိယ) မြစ်ထန်းသမား မြစ်ရှစ်ဆုပ်လှူတဲ့နေရာတွေကို ၀င်ရောက်ဖူးမျှော်ကြတယ်။ ဘုရားဖူးလိုက် တရားထိုင်လိုက်နှင့် ဗုဒ္ဓဂါယာမှာ နှစ်ရက်တိတိ အချိန်ပေးပြီး ကုသိုလ်တွေ အပြည့်အ၀ယူခဲ့ကြတယ်။
  သုံးရက်မြောက်နေ့ နံနက်စောစောမှာ ရာဇဂြိုလ်ကို ခရီးဆက် ခဲ့ကြတယ်၊ မနေ့က ဥရုဝေလတောဘက်ရောက်တော့ ဆန်ဖရန်စစ္စကို - ဒေါ်အိက အိန္ဒိယမှာ ပြောင်ပြောင်လက်လက်လည်း မတွေ့ရဘူး ဆိုပြီး ပြောတယ်။ ဂိုက်လုပ်တဲ့ ဦးကုဏ်ကလဲ အားကျမခံပဲလေ။ “ရှိပါဗျာ ဒကာမကြီး၊မနက်ဖြန်မှ ပြမယ်” တဲ့။ အတွေ့အကြုံရင့် ဂိုက်ပဲ မဟုတ်လား။ ဒီနေ့ ပြမယ် ဆိုတော့ ဒေါ်အိကလည်း စိတ်ဝင်တစား စောင့်မျှော်လိုပေါ့။ ကားထွတ်ပြီး မကြာခင် နေရဉ္ဇရာမြစ်ကမ်းဘေးရောက်တော့ ဦးကုဏ်က “ဒကာမကြီး ဟိုမှာကြည့် ၊ပြောင်ပြောင်လက်လက်တွေဆိုပြီး” ပြပါလေရော။ နံနက်စောစောဆိုတော့ ရေမရှိတော့တဲ့မြစ်ထဲက သဲသောင်ပြင်မှာ မစင်စွန့်နေကြတဲ့ ကုလားတွေ စီတန်းလို့ပေါ့။ ပြောင်ပြောင်လက်လက် တွေလဲ တစီတတန်း။ ဒီတော့မှ ဒေါ်အိက သဘောပေါက်ပြီး အူတက်အောင် ရယ်ပါလေရော။ ကားပေါ်ကနေ ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ သူ့သမီးထံကို ဖုံးပြောတဲ့ အသံကိုလည်း ကြားလိုက်ရသေးတယ်။ “သမီးရေ အိန္ဒိယမှာ ပြောင်ပြောင်လက်လက်တွေ ပေါတယ်”တဲ့။ တဘက်က သမီးက“ဘာတွေလဲ အမေ”မေးတော့ “အမေပြန်ရောက်မှ ပြောမယ်”ဆိုပြီး ဖုံးချလိုက်ပါရော။ မိမိတို့ သုံးပါးက ဘေးကနေ တဟားဟားနဲ့ ရယ်မိကြတယ်။
   သုံးရက်မြောက်နေ့ နံနက်စောစောမှာ ရာဇဂြိုဟ်ကို ခရီးဆက် ခဲ့ကြတယ်။ ရာဇဂြိုဟ် ဂိဇ္ဈကုဋ်တောင်အနီးရောက်တော့ သိပ်စောနေ သေးတဲ့အတွက် ရတနာဂီရိတောင် တက်တဲ့ ကေဘယ်(စတီးကြိုးတပ် ကုလားထိုင်) က မဖွင့်သေးဘူး။ ဒါကြောင့် နံနက်စာ စားလိုက် ဓာတ်ပုံ ရိုက်လိုက် ဆိုင်ခန်းတွေ လျှောက်ကြည့်လိုက်နှင့် တစ်နာရီလောက် စောင့်ကြ ရတယ်၊ ကေဘယ် ရထားဖွင့်တော့ တစ်ယောက်ကို တစ်တွဲစီးပြီး ရတနာဂီရိတောင်ထိပ်ကို တက်ကြရတယ်။ တကယ့်ကို ရင်တုန်စရာပါ။ မစ်ဆယ်လီကတော့ ကြောက်လွန်းလို့ မျက်စိမှိတ်ပြီး တုန်ကို တုန်လို့။ ဒေါ်အိကတော့ အသဲကောင်းတယ်၊ အမူအရာ တချက်မှ မပျက်ဘူး။ တောင်ပေါ်ရောက်တော့ ဥူးနာရဒါဘိဝံသ ခေါင်းဆောင်တဲ့မြန်မာ ဘုရားဖူး အဖွဲ့နှင့် တွေ့တယ်။ ဒီအဖွဲ့ထဲမှာ ဒေါ်အိရဲ့ မိတ်ဆွေ ဆန်ဖရန် စစ္စကိုမှာနေတဲ့ မသန်းသန်းအေးနဲ့ လာတွေ့တယ်။ သူတို့ အချင်းချင်း ၀မ်းသာအားရ စကားပြောကြ ဓာတ်ပုံရိုက်ကြနှင့် အမှတ်တရဖြစ်ကြတယ်။ ရတနာဂီရိ တောင်ထိပ်မှာ သာသနာ ၂၅၀၀-ပြည့် အထိမ်းအမှတ်အဖြစ် ဂျပန်ရဟန်းတော် အရှင်ဖီဂျီ တည်ထားတော်မူခဲ့တဲ့ ၀ိရွှသျန္တီ (ကမ္ဘာငြိမ်းချမ်းရေး) စေတီတော်ကို ဖူးမျှော်ကြတယ်။ ဖွား ပွင့် ဟော စံ ပုံတော်လေးခုကို ပုံဖော်ထားပြီး ထုံးသင်္ကန်း ကပ်လှူထားတဲ့ စေတီ တော်ကြီးဟာ အလွန်ကို သပ္ပါယ်လှပါတယ်။



                                                                                                သိမ်မွေ့ဦး (BHU)

No comments:

Post a Comment