ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

21/11/2011

လွမ်းမောမိသည့် နေ့ရက်လေးများ ( ၉ )

1. စီးဆင်း ရင်ခွင် | 11/21/2011 | 2. 3. 4. 5. 6. Best Blogger Tips


    နိဂြောဓာရုံကျောင်းတော်ကနေ ဘုရားလောင်းမွေးဖွားရာ လုမ္ဗိနီကို သွားရောက်ကြပါတယ်၊ လုမ္ဗိနီရောက်တော့ မှောင်ရိပ်ပျိုးနေပါပြီ၊ ဦးစွာ ဘုရားလောင်းမွေးဖွားရာ အဆောက်အဦးအတွင်းက ခြေတော်ရာနှင့် အင်ကြင်းပင် ပေါက်ရာနေရာတို့ကို ဖူးမြှင်ကြပါတယ်၊ အသောကမင်းကြီး နန်းစံနှစ် အနှစ်(၂၀) မှာ စိုက်ထူခဲ့တဲ့ ကျောင်းတိုင်ကြီးကိုလည်း တွေ့ရပါတယ်။ လက်ရှိကျောက်တိုင်မှာ ကျိုးနေတဲ့အတွက် ၁၀-ပေခန့်ပဲ မြင့်ကြရတော့တာပါ၊ စိုက်ထူတုံးက တိုင်ထိပ်မှာ မြင်းရုပ်ရှိတယ်လို့ မှတ်သားဖူးပါတယ်။ ကျောက်တိုင်အနီး ဘုရားအလောင်းတော် ဖွားလျှင်ဖွားခြင်း ခြေခုနှစ်လှမ်း ကြွလှမ်းတဲ့ အထိမ်းအမှတ်အဖြစ် တည်ထား တဲ့ စေတီအုပ်ခုံ လေးဆူကိုတွေ့ရပါတယ်။ 
   မယ်တော်မာယာရေကန်ကလည်း ကြည်လင်လှပါတယ်၊ ဘုရား အလောင်းတော် ဖွားမြင်တဲ့အခါ ကောင်းကင်ယံမှ ရေပူ ရေအေး စမ်းနှစ်သွယ်စီဆင်းလာပြီး မယ်တော်နှင့်သားတော်ကို ရေသပ္ပါယ်ကာ သန့်ရှင်းစင်ကြယ် နွေးထွေးစေခဲ့ပါတယ်။ အဲဒီရေတွေ စီးဆင်းကျလာ မှုကြောင့် ဒီရေကန် ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်၊ ပတ်လည် ၀န်းကျင် မှာလည်း ကျောင်းတော်ရာဟောင်းများ စေတီငယ်အုပ်ခုံများစွာကို ဖူးမြှင်ရပါတယ်။
      ဒီလုမ္ဗိနီဥယျာဉ်ဟာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀-ကျော်က အင်ကြင်းပင်တွေနဲ့ ဝေဆာနေခဲ့တဲ့နေရာပါ။ ကပိလ၀တ်နှင့် ဒေ၀ဒဟတိုင်းပြည် နှစ်ခု အကြားတည်ရှိပါတယ်၊ မာယာဒေ၀ီ မိဘုရားကြီးဟာ ကိုယ်ဝန် အရင့်အမာနှင့် ဒေ၀ဒဟပြည် ဆွေတော်မျိုးတော်များအထံ အသွား လမ်းခရီးအကြားက ဒီလုမ္ဗိနီသာမော အင်ကြင်းတောမှာ ဘုရား အလောင်းတော်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ အချိန်အားဖြင့် မဟာ သက္ကရာဇ် ၆၈-ခုနှစ်(ဘီစီ-၆၂၃) ကဆုန်လပြည့် သောကြာနေ့ဖြစ်ပါတယ်။
    ဘုရားဖူးကြ မှတ်တမ်းတင်ကြအပြီးမှာတော့ အတော်ကို မှောင်နေပါပြီ၊ တည်ခိုမဲ့ မြန်မာကျောင်းနှင့်လည်း သိပ်မဝေးတာမို့ ဘုရားဈေးတန်းကို လှည့်လည်ကာ လက်ဆောင်လေးတွေ ၀ယ်ဖြစ်ကြတယ်၊ လရောင်လဲ ရှိနေတာကြောင့် အပြန်မှာ စကားတပြောပြောနဲ့ ပြန်လာဖြစ်ကြတယ်။ မြန်မာကျောင်းအနီးမှာ တည်ထားပူဇော်တဲ့ လောကမဏိ စူဠာစေတီ တော်ကိုလည်း ဖူးမျှော်ဖြစ်ခဲ့ကြတယ်၊ မနက်စောစော ခရီးဆက်ရအုံးမှာမို့ စောစောပဲ အိပ်ရာဝင်ဖြစ်တယ်။
     နောက်တစ်ရက် မနက် ငါးနာရီလောက်ထကြပြီး မိမိနဲ့ ဦးကုဏ်တို့ဟာ နေ့ဆွမ်းအတွက် ဆွမ်းချိုင့်စီစဉ်ကြတယ်။ ဒီနေ့လည်း အချိန်အတော်ကြာ မောင်းရမဲ့ ခရီးလမ်းပါ၊ လုမ္ဗိနီကနေ သာဝတ္ထိကို ဆက်ရမှာပါ။ နံနက်၇-နာရီလောက်မှာ လုမ္ဗိနီကနေ စတင်ထွတ်ခွါပါတယ်၊ ၀န်းကျင်တစ်ခု လုံးလည်း ဆီးနှင်းတွေ လွှမ်းခြုံထားဆဲပါ။ အဆင်တပြေပဲ နီပေါဂိတ်ကို ဖြတ်ကျော်ပြီး အိန္ဒိယထဲကို ၀င်ခဲ့ကြတယ်၊ တစ်ခါတစ်ရံ နီပေါလမ်းဟာ ပြဿနာများပြီး တစ်နေကုန်လမ်းပိတ်တတ်လို့ ဘုရားဖူးတွေ စောင့်ကြရ တတ်ပါတယ်။
   လမ်းဘေးတစ်လျှောက် လယ်ကွင်းတွေ ယာခင်းတွေ စိမ်းစိမ်းစို့စို့မို့ ကြည့်ရတာ မျက်စိပသာဒ ဖြစ်လှပါတယ်၊ စိတ်ကိုလည်း လန်းဆန်း ကြည်နူးစေပါတယ်။ မတူညီတဲ့ ဓလေ့တွေက လမ်းဘေးမှာ စားသောက်ဆိုင်ကြီးကြီးမားမားမရှိတာ၊ အပေါ့အလေး စွန့်ဖို့ သီးသန့်နေရာ မရှိတာတွေက ဘုရားဖူးခရီးသည်တွေအတွက် စိတ်အနှောက် အယှက်ဖြစ်စေပါတယ်။ ကားကလည်း အရှိန်နဲ့ မောင်းလာလိုက်တာ ၁၀-နာရီတောင်ခွဲခဲ့ပါပြီ၊ မစ္စတာIan က နေ့ဆွမ်းအတွက် အချိန်ကို သတိ ပေးပါတယ်၊ ဒါနဲ့ လမ်းဘေးကားရပ်နားပြီး ဆွမ်းစားလို့ကောင်းမဲ့နေရာကို ကားပေါ်ကနေပဲ မောင်းရင်းရှာရင်း ရှာကြပါတယ်။ နေရာကို မတွေ့နိုင်အောင်ပါပဲ၊ သစ်ပင်တွေပေါပြီး အုပ်အုပ်မှိုင်းမှိုင်းနေရာတွေဆိုရင်လဲ မစင်ပုံတွေ များလွန်းတဲ့အတွက် အဆင်မပြေ ပါဘူး။ မြန်မာနိုင်ငံလိုသာဆိုရင် အိန္ဒိယမှာ စိမ်းစိမ်းစိုစိုနဲ့ အနားယူဖို့ကောင်းတဲ့နေရာတွေ သိပ်ကိုပေါတာပါ။
     အချိန်ကလဲ ၁၁-နာရီကျော်လာပြီမို့ အရိပ်ကျိုးတိုးကျဲတဲရှိတဲ့ သစ်ပင်တန်းလေးရဲ့အောက်မှာ ဆွမ်းစားဖို့ ဆုံးဖြတ်ကြပါတယ်။ ရွာနှင့်လဲ တော်တော်ဝေးတဲ့နေရာပါ၊ သတင်းစာတွေ ချခင်းကာ ဆွမ်းဟင်းတွေ ပြင်ဆင်ပြီး စားဖို့ အဆင်သင့်ဖြစ်နေမှ ဦးကုဏ်က သတိပေးပါတယ်။ ကြည့်လိုက်တော့ အန္တရာယ်တွေက မလွတ်ပြန်ပါဘူး၊ ပြင်ဆင်ပြီးပြီဆိုတော့ ဖြစ်သလိုပဲ စားလိုက်ကြပါတယ်။ ဦးသိရိန်က အရယ်အသွမ်းလေးတွေနဲ့ မှတ်တမ်းတင်သလို ဒေါ်အိကလည်း တဟားဟားရယ်ပါတယ်၊ ကောင်းမဲ့ ထင်တဲ့ လွတ်မယ်ထင်တဲ့ နေရာရွေးလိုက်ကာမှ မစင်ပုံတွေ ရှိနေပြန်တော့ မိမိမှာ ငိုရမလို ရယ်ရမလို ပါပဲ။ တူညီခဲ့ကြတာကတော့ အားလုံး အဆာပြေ လောက်ပဲ ထမင်းစားနိုင်ကြတာပါ။

 
                                                                                      သိမ်မွေ့ဦး (BHU)

No comments:

Post a Comment