ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။
06/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ (၁)
1. စီးဆင်း ရင်ခွင် | 11/06/2011 | 2. 3. 4. 5. 6. Best Blogger Tips
                                                        သိမ်မွေ့ဦး (BHU)
                              ချစ်ကျွမ်းဝင်ခြင်းသည် မြတ်သော အရသာ ဖြစ်၏။
                               ချစ်ကျွမ်းဝင်သူသည် အကောင်းဆုံးဆွေမျိုးဖြစ်၏။
    ဘုရားဟော ဒေသနာလေးတွေပါ။ မိမိနားလည်မိသလောက် ဖွင့်ပြ ရရင် ဘယ်လို ပင် ဆွေမျိုးတော်စပ်နေပါစေ ဖော်ရွှေ ရင်နှီးမှု,နွေးထွေခင်မင် မှုတွေ မရှိခဲ့ရင် အကောင်းဆုံးဆွေမျိုးတွေ မဟုတ်သေးပါဘူး။ တစိမ်းတရံတွေ ဖြစ်နေကြပေမဲ့ ဖော်ရွှေရင်နှီးမှု,အကျွမ်းဝင်မှု,နွေးထွေးမှုတွေ အပြည့်ရှိနေ ကြရင် အဲဒီသူဟာ ကိုယ့်ဘ၀အတွက် အကောင်းဆုံး ဆွေမျိုးပါ။
           ဘယ်လောက်ကောင်းတဲ့ အရသာတွေ ဖြစ်နေပါစေ၊ဖော်ရွှေ ရင်နှီးမှု မရှိတဲ့နေရာမှာ ခင်မင်မှုမရှိတဲ့ သူတွေနဲ့ အတူစားရရင် အကောင်းဆုံး အရသာလို့ မဆိုနိုင်သေးပါဘူး။စာကောင်းသောက်ဖွယ်တွေ မဟုတ်ပေမဲ့ ကိုယ်သိပ်ခင်မင်ရင်းနှီးတဲ့သူတွေနဲ့ အတူစားရရင် အကောင်းဆုံး အရသာ ဖြစ်ပါတယ်။မြိန်ရည်ယှက်ရည် ရှိလှတယ်ပေါ့။ ဒါကြောင့်လဲ မြန်မာ စကားပုံ မှာ“ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း“ လို့ ဆိုကြတယ် မဟုတ်လား။
     ပိဋကတ်စာပေတွေ ဖတ်နေရင်း ဒီစာပိုဒ်တွေ တွေ့မိတော့ ၂၀၀၉ခုနှစ် မတ်လက သံဝေဇနိယ လေးဌာန ဘုရားဖူးသွာခဲ့တဲ့ အချိန်လေးတွေကို ပြန်လည်ပြီး သတိရမိပါတယ်။ သတိရမိတာကြောင့် အခုလို ခရီးသွား မှတ်တမ်းလေးကို ချရေးဖြစ်ပါတယ်။
    အမေရိကန်ဆရာတော် ဥူးသိရိန်က သူ့ရဲ့ကျောင်းက ဒကာ, ဒကာမတွေ ဖြစ်ကြတဲ့ မစ္စတာလန်း,မစ်ဆယ်လီ၊ ဆန်ဖရန်စစ္စကိုက ဒကာမကြီး ဒေါ်အိတို့နှင့် အတူ အိန္ဒိယကို ဘုရားဖူးလာမဲ့အကြောင်း,ဘုရားဖူး ခရီးစဉ်ကို မိမိလိုက်ပါ ပို့ဆောင်ပေးစေချင်ကြောင်း ကြိုတင်အကြောင်း ကြားလာပါတယ်။
    တကယ်တော့ မိမိဟာ အိန္ဒိယမှာ ပညာသင်ကြားနေတဲ့ စာသင်သား တစ်ပါးပါ၊ သူများကို လမ်းညွှန်လုပ်ဖို့ မပြောနဲ့ မိမိကိုယ်တိုင်တောင် သံဝေဇနိယ လေးဌာနစုံအောင် မရောက်ဖူးသေးပါဘူး၊ ဒါပေမဲ့ နှစ်ပေါင်း များစွာကတဲက ညီအကို အရင်းလို ခင်မင်ရင်းနှီးနေတဲ့ ဥူးသိရိန်တို့ လာမယ်ဆိုတော့လည်း လိုက်ပါပို့ဆောင်ပေးစေချင်တဲ့စိတ်တွေ တားမရ အောင် ဖြစ်ရပါတယ်။ ဒါကြောင့်လဲ လိုက်ပါဖို့ ဆုံးဖြတ်ပြီး ဘုရားဖူးခရီးစဉ်ကို နှစ်ကြိမ်ရောက်ဖူးတဲ့ ဦးကုဏ်နဲ့ တိုင်ပင်ကာ အစီအစဉ်တွေ ရေးဆွဲ ကြပါတယ်။ တည်းခိုမဲ့ နေရာတွေနှင့် ငှားမဲ့ ကားကို ကြိုတင် ဘွတ်ကင် လုပ်ကြ ပါတယ်။ ဘုရားဖူးခရီးစဉ်တလျှောက် ဘုန်းပေးပို့အတွက် လ္ဘက်, ငါးပိကြော်နှင့် ချဉ်ပေါင်ကြော်တို့ စီမံကြပါတယ်။
     ဦးကုဏ်နှင့် မိမိတို့ဟာ ဥူးသိရိန်တို့ ဗုဒ္ဓဂါယာကို မရောက်ခင် ကြိုတင်ပြီး ရောက်နေခဲ့ကြတယ်၊ သူတို့လာရင် လေဆိပ်မှာ အဆင်သင့် ကြိုနိုင်အောင် ဖို့ပါ၊ စရောက်တဲ့ရက်မှာတော့ ဘုရားဖူးမသွားသေးဘဲ ဗုဒ္ဓဂါယာ ကျောင်းသားပညာရေးဗိမာန်တော်မှာ တည်းခို အနားယူကြပါတယ်။ နောက်တစ်ရက်မှ ဘုရားဖူးခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။
     မဟာဗောဓိစေတီတော်ဝန်းကျင်မှာ တိဗက်ဘုရားဖူးတွေ နိုင်ငံတကာ ဘုရားဖူးတွေနှင့် ကြက်ပျံမကျ စည်ကားနေပါတယ်၊ အိန္ဒိယမှာ နေထိုင်ကြတဲ့ တိဗက်လူမျိုးအများစုဟာ ဘုန်းကြီး ကိုရင်တွေရော လူဝတ်ကြောင်တွေပါ အေးချမ်းတဲ့ ဆောင်းရာသီ ဒီဇင်ဘာလ ရောက်ပြီဆိုရင် ဗုဒ္ဓဂါယာမှာ လာရောက်နေထိုင်လေ့ရှိကြပါတယ်၊ တချို့သူတွေက သုံးလ လောက်နေ ကြပြီး တချို့သူတွေ ကတော့ လေးလလောက်နေကြပါတယ်။ ဘုရားဖူးရင်း အပူရှောင်ရင်း လာရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။ နံနက် လေးနာရီ မဟာဗောဓိဘုရားဝန်းဖွင့်တာနဲ့ တဖွဲဖွဲ လာရောက်ကြပြီး ၀တ်ပြုမှုကို စကြပါတယ်။တချို့က ဘုရားဝန်းအစပ်ကနေ ထိုက်ထိုး ၀တ်ပြုလာကြပြီး တချို့ကတော့ဘုရားဝန်း မိမိသတ်မှတ်ထားတဲ့ နေရာ ရောက်မှ ၀တ်ပြုကြပါတယ်၊ ခိုက်ခိုက်တုန်အောင် အေးနေတဲ့ ရာသီဥတုမှာတောင် သူတို့မှာ ချွေးတွေပျိုင်းပျိုင်းကျနေကြပါပြီ၊ သူတို့ရဲ့ ထက်သန်တဲ့ သဒ္ဓါတရားကို အကြိမ်ကြိမ် သာဓု ခေါ်မိပါတယ်၊ တနေကုန် ထိုက်ထိုးလိုက်, ရွတ်ဖတ်လိုက်နှင့် ပူဇော်ကြပါတယ်၊ အများစုကတော့ ညနေလေးနာရီ လောက်ဆိုရင် မိမိတည်းခိုတဲ့ နေရာကို ပြန်ကြပါတယ်၊ တချို့ကြတော့လဲ ညကိုးနာရီ ဘုရားဝန်းတံခါးပိတ်တဲ့အချိန်ထိ ပူဇော် ကြပါတယ်။ ၀တ်ပြုနေတဲ့ သူအားလုံးကို သူတို့ရဲ့ အဖွဲ့အစည်းတွေက နေ့စဉ် နှစ်ရာ သုံးရာ စသည်ဖြင့် စားသောက်စရိတ် လိုက်လံလှူဒါန်းပါတယ်၊ တိဗက်လူမျိုးတွေတင် မဟုတ်ဘဲ အခြားဝတ်ပြုနေတဲ့ သံဃာအားလုံး ကိုလည်း လှူပါတယ်။
     မိမိတို့ မဟာဗောဓိကို ရောက်တဲ့အချိန်ဟာ ကြုံတောင်ကြုံခဲ တိဗက်ဘုရားတွေ စည်ကားနေတဲ့အချိန်ပါ၊ ဘုရားဝန်းတစ်ခုလုံး ထိုင်ဝတ်ချစရာ နေရာမရှိလောက်အောင် စည်ကားနေပါတယ်။ အားလုံးဟာ အညိုရောင်သင်္ကန်းတွေ ၀တ်ဆင်ထားပြီး ၀တ်ပြုကြ ရွတ်ဖတ်ကြနှင့် ပူဇော်နေကြပါတယ်။ ဘုရားရင်ပြင်တစ်ခုလုံး စိတ်ကို အေးမျှ ချမ်းမြေ့စေတဲ့ အရောင်တွေ ဖုံးလွှမ်းပြီး ဓမ္မသံတွေ ပျံ့လွင့်နေပါတယ်၊ မြင့်မြတ်ဆုံးနေရာမှာ အမြတ်ဆုံးဘုရားရှင်ကို အာရုံပြုပြီး ဖူးမြင်ရတဲ့ ကြည်နူးမှု၊ ဘုရားဖူးကြ ရွတ်ဖတ်ပူဇော်နေကြတဲ့ သံဃာတွေနှင့် ၀န်းကျင်တခုလုံး ပြည့်နှက်စွာ ဖူးမြင်ရတဲ့ ၀မ်းမြောက်မှုတွေဟာ မိမိတို့ကို ကုသိုလ်သောမနဿဇောတွေ များစွာ ဖြစ်စေပါတယ်။ သံဃာတွေ သိန်းပေါင်းများစွာ ခြံရံပြီး တရားဟောနေတဲ့ သက်တော်ထင်ရှားဘုရားရှင်ရဲ့ ပုံရိပ်တွေကိုလည်း မှန်းဆမိ ကြည်ညိုမိစေပါတယ်။
                                                                                          သိမ်မွေ့ဦး (BHU)
No comments:
Post a Comment