ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

09/07/2013

အမဲစက် နှစ်စက်နှင့် ဆဲဗင်းဇူလိုင်

1. စီးဆင်း ရင်ခွင် | 7/09/2013 | 2. 3. 4. 5. 6. Best Blogger Tips
         အသိဥာဏ်ပြည့်ဝသော လူသားတို့သည် မိမိတို့၏နိုင်ငံ၊ မိမိတို့၏ အသင်းအဖွဲ့၊ မိမိတို့၏ဘ၀တို့တွင် အမဲစက်များ စွန်းထင်းခဲ့မည်ကို အထူးပင် စိုးရိမ်ကြ၏။ ထိုသို့သော အမဲစက်များ ဘ၀သမိုင်းတွင် မကျန်ခဲ့စေရန်အတွက် သတိထားကြသည်။ မိမိတို့၏ ဘ၀တို့ကို အဖြူစက်တို့ဖြင့် ရေးခြစ်ကြရန် ကြိုးစားကြသည်။ ဘ၀၏ သမိုင်းတွင် အဖြူစက် များကိုသာ ချန်ထားခဲ့လိုကြသည်။ အဖြူစက်တို့ဖြင့် ရေးထိုးထားခဲ့သော ဘ၀သမိုင်း တို့သည် အနာဂါတ်လူတို့ကို လွမ်းမောစေပြီး အမဲစက်တို့ဖြင့် ပက်ဖြန်းထားခဲ့ကြသော ဘ၀သမိုင်း တို့သည်ကား အနာဂါတ်လူတို့ကို နာကျင်စေလေ၏။ ထိုကြောင့် အသိဥာဏ် ရှိသော လူဟု ခံယူထားသူတိုင်း မိမိတို့၏ ဘ၀နှင့် ပတ်ဝန်းကျင်တို့ကို အဖြူထည်တို့ဖြင့်သာ ဖန်တီးထားခဲ့နိုင်ရန် ကြိုးစားကြရပေမည်။


         ဗုဒ္ဓဂယာ-ဟု ဆိုလိုက်လျှင် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ရင်းနှီးပြီးသားနေရာ ဖြစ်နေပေ၏။ အပေါ်ယံသာ မက နှလုံးသားနှင့်ပါ နက်နက်ရှိုင်းရှိုင်း ရင်းနှီးထားကြသည်။ အခြားနေရာ တို့တွင် ထေရ၀ါဒနေရာ ၊ မဟာယာန နေရာဟု ကွဲပြားနိုင်သော်လည်း ဤနေရာမြတ်ကို ကား နှစ်ဖြာမကွဲမပြား တစ်သားတည်းပင် ချစ်မြတ်နိုးကြပေ၏။ ဗုဒ္ဓဘာသာဝင်တိုင်းတို့သည် ဗုဒ္ဓဂယာကို မရောက်ခဲ့ဘူးသေးပါက ရောက်ရှိ ဖူးမျှော်ခွင့် ရရန်ဟူသော ဆန္ဒ အာသီသတို့ အမြဲပင် ရှိနေကြပေ၏။ 

     ဘုရားရှင်တိုင်း ပွင့်ထွန်းပေါ်ပေါက်ရာ မဟာဗောဓိပင်မြတ်နေရာသည် ရောက်လာ သူတိုင်းကို ငြိမ်းချမ်းစေသည်။ ရောက်ဘူးသူတိုင်းတို့ ဖူးမျှော်မ၀ဖြစ်ကြရကာ ထပ်ခါထပ်ခါ ဖူးမျှော်ချင်ကြသည်သာ ဖြစ်၏။ အိန္ဒိယတွင် အနေကြာခဲ့သော မိမိသည်လည်း မဟာဗောဓိ နေရာမြတ်ကို ကြိမ်ဖန်များစွာ ဖူးခဲ့ဘူးသည်။ ဗုဒ္ဓဂယာရောက်တိုင်း (၁၀)ရက်နေလျှင် (၁၀)ခေါက်မက ရောက်ခဲ့သည် သာ ဖြစ်၏။ သို့သစေ ဖူးမျှော်လို့ ၀သည်ဟု မဆိုနိုင်ပေ။ မဟာဗောဓိပင်အောက် ရောက်လျှင်ပင် မိမိအပေါ် အအေးဓာတ်များ ကူးစက်လာသလို ခံစားရသည်သာ ဖြစ်၏။

      ယခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့သည် ဗုဒ္ဓဘာသာတို့၏ နှလုံးသားတို့အား ဒဏ်ရာတို့ ပြင်းထန်းစွာ ရစေခဲ့သော နေ့တစ်ရက်ဖြစ်ခဲ့သည်။ မြေမြတ်မဟာ၏ သမိုင်းအတွက် အမဲစက်တစ်စက် ကို ရေးထိုးလိုက်၏။ မင်္ဂလာရှိသော ဥပုဒ်နေ့တွင် မင်္ဂလာမရှိသော သတင်းများက ဆီးကြိုခဲ့ကြသည်။ ဘုရားရှင်တိုင်း ကိလေသာတို့ ကုန်ခမ်းပြီး သဗ္ဗညုတရွှေဥာဏ်ကို ရရှိခဲ့ရာ နေရာမြတ်မှာ လူ့အန္ဓတို့က လောဘ၊ဒေါသ၊မောဟ မီးတို့ကို အစွမ်းကုန် ပေါက်ကွဲခဲ့ကြသည်။ အကြမ်းဖက်သမားတို့က ဘုရားပရိဝုဏ်အတွင်း ဗုံးလေးလုံးတို့ကို ခွဲပစ်ခဲ့ကြသည်။ အပြစ်မဲ့ ဘုရားဖူးသူအချို့တို့တွင် စိတ်ဒဏ်ရာနှင့် ကိုယ်ဒဏ်ရာတို့ ပြည့်နက်စွာ ရခဲ့ကြသည်။ ရက်စက်ယုတ်မာကြပါပေ၏။ အတိုင်းထက် အလွန် အံ့သြ၀မ်းနဲမိသည်တစ်ပါး အခြားဆိုဖွယ်ရာစကား မရှိတော့ပါချေ၊ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားဆိုသကဲ့သို့ လုံးဝ ထင်မှတ်မထားသည့် လုပ်ရပ်ဟု သာ မှတ်ချက် ပြုရတော့မည်။ အိန္ဒိယအစိုးရက ဖော်ထုတ်အပြစ်ပေးမည့် အကြမ်းဖက် သမားတို့ကိုသာ စောင့်ကြည့်ရတော့မည်။ 

    ယခုဖြစ်ခဲ့သော အကြမ်းဖက်လုပ်ရပ်သည် ဗုဒ္ဓဂယာ မြေမြတ်မဟာ၏ သမိုင်းတွင် အမဲစက်တစ်စက် အဖြစ် အမြဲ ကျန်ခဲ့တော့မည်သာ ဖြစ်သည်။ ဆဲဗင်းဇူလိုင်သည် အကြမ်းဖက်ခြင်းခံခဲ့ရသည့် နေ့စွဲအဖြစ် ဗုဒ္ဓဂယာ၏ သမိုင်းကို ရေးထိုးခဲ့လေပြီ။

   မြန်မာနိုင်ငံ၏ သမိုင်းတစ်ကွေ့တွင်လည်း ဆဲဗင်းဇူလိုင် ဟု ဆိုလိုက်လျှင် အကြမ်းဖက်ခြင်း ခံခဲ့ရသည့် နေ့စွဲအဖြစ် ပြည်သူအားလုံး သိရှိပြီးဖြစ်၏။ ထိုကြောင့် ဆဲဗင်းဇူလိုင် မမေ့နိုင်ဟုပင် ဥဒါန်းရေးထိုးကြ၏။ ဆဲဗင်းဇူလိုင်ရောက်တိုင်း ခံတပြင်းပြင်း တောက်ခေါက်ကြသည်။ ရက်စက်ယုတ်မာခဲ့သည့် သွားလေသူကြီးကို နာကျည်းစွာ အမှတ်ရကြသည်။

    ၁၉၆၂-ခုနှစ်၊ ဆဲဗင်းဇူလိုင်နေ့တွင် စစ်အစိုးရက မိမိတို့၏ ဆန္ဒတို့ကို ပွင့်လင်းစွာ ဖော်ထုတ်ပြခဲ့သော ကျောင်းသား၊ ကျောင်းသူတို့ကို အာရှကျား-ဟု သတင်းဆောင်သည့် ရန်ကုန်တက္ကသိုလ် ကြီးအတွင်း ရက်စက်စွာ ပစ်သတ်ခဲ့သည်။ အပြစ်မဲ့ ကျောင်းသား၊ ကျောင်းသူတို့၏ ရဲရဲတောက်သွေးများ မြေကျခဲ့ရပေ၏။ ထို့မျှသာမက ဗိုလ်နေ၀င်းတို့၏ စစ်အစိုးရက ကျောင်းသားထုအပေါ် အပြတ်ချေမှုန်းလိုသဖြင့် ကျောင်းသာသမဂ္ဂ အဆောက်အအုံကြီးကို ဇူလိုင်လ ၈-ရက် နံနက်စောစော၌ ဗုံးခွဲကာ ဖျက်ဆီးခဲ့လေ၏။
 

      စစ်အာဏာရှင်တို့က ကျောင်းသားလူထုကြီး၏ စိတ်ဓာတ်ကို အပြတ်ရိုက်ချိုးလို သဖြင့် ရက်စက်ခဲ့သော်လည်း ကျောင်းသားလူထုကြီး၏ သွေးတို့ကား ခုချိန်ထိ ရဲရဲနီနေ ဆဲဖြစ်၏။ တက်ကြွ ရှင်သန်နေဆဲပင်ဖြစ်၏။ ဆဲဗင်းဇူလိုင်သည် နေရာများစွာ ၊ ဘ၀များစွာအတွက် သမိုင်းများစွာ ရှိခဲ့မည် ဖြစ်သော်လည်း မိမိရင်ထဲရှိ ဆဲဗင်းဇူလိုင်ကတော့ အမဲစက်နှစ်ပျောက်ဖြင့် အမြဲပင် ရှိနေတော့မည်။ အမိနိုင်ငံ၏ ဆဲဗင်းဇူလိုင်တွင် စစ်အာဏာရှင်တို့က ကျောင်းသားများ အပေါ် ရက်စက်စွာ အကြမ်းဖက်ခဲ့သည်။ မြေမြတ်မဟာ၏ ဆဲဗင်းဇူလိုင်တွင် မသိရသေးသည် အကြမ်းဖက်သမားတို့က မဟာဗောဓိဝန်းကျင်ကို ယုတ်မာစွာ ဗုံးခွဲပြခဲ့သည်။ 

         ထိုကဲ့သို့ အကြမ်းဖက်ခဲ့သော်လည်း ကျောင်းသားတို့၏ စိတ်ဓာတ်သည် အမြဲပင် တက်ကြွနေသကဲ့သို့ ဗုဒ္ဓဘာသာတို့၏ ဘာသာချစ်စိတ်၊ သာသနာချစ်စိတ်သည်လည်း အမြဲပင် ရှင်သန်နေမည်သာ ဖြစ်သည်။ လူမိုက်တို့၏ ယုတ်မာမှုတို့ကြောင့် ဆဲဗင်းဇူလိုင်သည် အမဲနှစ်စက်တို့ဖြင့် သမိုင်းကျန်ခဲ့လေပြီတကား..။ 

သိမ်မွေ့ဦး(BHU)
 (08-07013)

No comments:

Post a Comment