ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

18/07/2013

အဖေရှိနေတဲ့ ဟိုက်ဒရာဘတ် (၁)

1. စီးဆင်း ရင်ခွင် | 7/18/2013 | 2. 3. 4. 5. 6. Best Blogger Tips
          လူတို့သည် များသောအားဖြင့် ခရီးသွားခြင်းကို နှစ်ခြိုက်ကြ၏။ ခရီးသွားခြင်းဖြင့် ကိုယ်ခွန်အားနှင့် စိတ်ဓာတ်တို့ကို လန်းဆန်းတက်ကြွစေကာ ဒေသန္တရဗဟုသုတ တို့ကိုလည်း များစွာ ရရှိပေ၏။ မိတ်ဆွေအသစ်တို့နှင့်လည်း ခင်မင်ဆုံစည်းခွင့်ရသဖြင့် ပျော်ရွှင်စရာ ကောင်းလှပေ၏။ ထိုကြောင့် များစွာသော လူတို့သည် မိမိတို့ လုပ်ကိုင်နေကြသော လုပ်ငန်းတို့မှ အနားယူခွင့်ရက်တို့ကို ယူကြကာ ခရီးသွားလေ့ ရှိကြသည်။ အနောက်နိုင်ငံများမှ စီးပွားရေးပြည့်စုံသော မိသားစု တို့သည် တစ်နှစ်လျှင် နှစ်ကြိမ်မျှ ပြည်ပ ခရီးထွတ်ကြကာ အပန်းဖြေလေ့ရှိသည်ဟု ဖတ်ခဲ့ဘူးသည်။ အပန်းဖြေ အနားယူကြပြီးနောက် မိမိတို့၏ လုပ်ငန်းခွင်တို့သို့ တစ်ဖန် ၀င်ကြသောအခါ ပြည့်ဝသော ခွန်အား၊ လန်းဆန်းသော စိတ်ဓာတ်တို့ဖြင့် မိမိလုပ်ငန်းတို့ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကြပေသည်။

 

     ထိုကြောင့် လူတိုင်းလူတိုင်းတို့သည် တစ်နှစ်လျှင် တစ်ကြိမ်မျှတော့ ခရီးထွတ်သင့်သည်သာ ဖြစ်၏။ စိတ်ဓာတ်မွန်းကြပ်နေသောအခါ၌ ခရီးထွတ်လျှင် ပို၍ အကျိုးများ၏။ ခရီးထွတ်ခြင်းဖြင့် မွန်းကြပ်မှုများသည် ရာခိုင်းနှုန်း အပြည့် မဟုတ်ခဲ့လျှင်သော်မှ ရာခိုင်းနှုန်း အတော်များများထိ ပျောက်ကင်းသွားတတ်၏။ စာပေတို့ဖြင့် ပိနေရသော ကျောင်းသားများသည် စာမေးပွဲပြီးလျှင် ရက်အနည်းငယ်မျှ ခရီးသွားသင့်၏။ ထို့အတူ စီးပွားရေးဖြင့် ပိနေကြသော အလုပ်ရှင်၊ အလုပ်သမားတို့ သည်လည်း ခွင့်ရက်များ၌ ခရီးသွားသင့်၏။ မည်သူမဆို တစ်နှစ်လျှင် တစ်ခါမျှ သီးသန့်အချိန်ယူကြကာ ခရီးထွတ်သင့်ပေ၏။ ထိုထက်ပို၍ စွမ်းနိုင်ပါက ခွင့်ရက်များတွင် တရားထိုင်ကြကာ အပန်းဖြေသင့်ပေ၏။ 

       ကျွန်ုပ်လည်း ခရီးထွတ်ရန် စိတ်ကူးခဲ့သည်မှာ ကြာခဲ့လေပြီ။ သုံးစွဲနိုင်သော ဘတ်ဂျက်ပမာဏဖြင့် ချိန်ဆနေရသောကြောင့် ချက်ချင်း အကောင်အထည် မဖော်နိုင် ခဲ့ခြင်းဖြစ်သည်။ မရောက်ဘူးသော ထိုင်း၊ လာအို၊ ကမ္ဘောဒီယား တို့သို့ သွားရောက် လေ့လာရန် စိတ်ကူးခဲ့သည်။ မြန်မာကို ကျော်ပြီး သီးသန့် သွားရမည့်ခရီးမို့ ထိုစိတ်ကူးက ထက်ထက်သန်သန် မရှိပြန်။ ထိုကြောင့် မြန်မာပြည်ကို ပြန်ခါနီးမှ တစ်ဆက်တည်း ၀င်တော့မည်ဟု စဉ်းစားမိကာ ထိုအစီအစဉ်ကို ဖျက်လိုက်၏။ 
  တစ်ခြား အစီအစဉ်အရ အိန္ဒိယ တောင်ပိုင်းသို့ သွားလည်ရန် စိတ်ကူးမိသည်။ အိန္ဒိယ မြောက်ပိုင်းနှင့် တောင်ပိုင်းသည် တစ်နိုင်ငံတည်းဆိုသော်လည်း ဝေးလွန်းလှ၏။ ထိုစိတ်ကူးကို အကော်အထည် ဖော်ချင်သော်လည်း အိန္ဒိယ၌ ခရီးသွားရသည်မှာ ရထားလက်မှတ်ကိစ္စ ခေါင်းခဲရ၏။ ရထားလက်မှတ်ဝယ်ယူဖို့ရန် ခက်ခဲလွန်း၏။ အိန္ဒိယပြည်သူများက ရထားဖြင့်သာ အဓိက ခရီးသွားလေ့ရှိသဖြင့် အမြဲပင် ပြည့်နေတတ်လေ၏။

    အချို့ရထားတို့တွင် နိုင်ငံခြားသားများအတွက် ဘူတာရှိ တိုးရစ်ကောင်တာတွင် လက်မှတ်ဝယ်ယူနိုင်သော် လည်း အချို့ရထားတို့၌ကား လက်မှတ်ဝယ်ယူလို့ မရပေ။ တိုးရစ်ကောင်တာတွင် လက်မှတ် ၀ယ်ယူသောအခါ၌လည်း ခရီးသွားဗီဇာကိုင်သူမဟုတ်ဘဲ ကျောင်းသားဗီဇာကိုင် ထားသူ ဖြစ်၍ ၀ယ်ယူလို့မရသည့် အဖြစ်မျိုးကို ကြုံရတတ်၏။ အေးဂျင့်တို့ဖြင့် အဆင်ပြေတတ်သော်လည်း တစ်ခါတစ်ရံ အေးဂျင့်တို့သော်မှ လက်မှတ်ရရန် မကူညီနိုင်ပေ။ ရထားလက်မှတ်ယူလျှင် သုံးလကြိုတင်ဝယ်မှ စိတ်ချရတတ်၏။ တစ်ရက် ကြိုတင်ဝယ်ရသည့် Tatkal လက်မှတ်ဖြစ်နိုင်သော်လည်း တိုးဝှေ့လုယက်ဝယ်နိုင်မှ ရတတ်၏။ ယင်းလက်မှတ်လည်း ပုံသေရမည်ဟု တွက်ဆလို့ မရပေ။ အိန္ဒိယတွင် မည်သည့်ရာသီပင် ဖြစ်လင့်ကစား ရထားလက်မှတ်ကတော့ အမြဲပင် ခက်ခဲနေတတ်ပေ၏။ လေယာဉ်လက်မှတ်ကို ၀ယ်ယူရန် ဖြစ်နိုင်သော်လည်း ဈေးနှုန်းက မသက်သာပေ။ ထိုကြောင့် ခရီးသွားလျှင် ရထားကိုသာ အားထားရ၏။ 

    ကျွန်ုပ်လည်း ခရီးထွတ်ရန် စိတ်ကူးမိသည်မှာ ကြာခဲ့ပြီမို့ သွားချင်စိတ်ကား ထက်ထက် သန်သန်ကို ဖြစ်နေ၏။ ရထားလက်မှတ်ကိစ္စအတွက် စဉ်းစာမိသောအခါ နောက်တွန့်နေပြန်၏။ သို့သော် သွားချင်စိတ်ကား မကြာခဏ နှိုးဆော်နေ၏။ ထိုအချိန်က တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်ပေါ်လာသော ခရီးသွားချင်စိတ်ကို ဖြေဖျောက်နိုင်ခဲ၏ ( ဥပ္ပန္နံ ဂမိယစိတ္တံ ၀ိနောဒေတိ) ဟူသော ဘုရားဟောပါဠိလေးကို သတိရမိခဲ့သည်။ ဤမျှ ထက်သန်နေပြီဖြစ်၍ သွားမည်ဟု စိတ်ပိုင်းဖြတ်ပြီး အိန္ဒိယတောင်ပိုင်း သွားရန်အတွက် ခရီးစဉ်ဆွဲကာ ရထားလက်မှတ်ကို ကြိုတင်စီစဉ်၏။ နှစ်ပတ်ကျော်ကြိုတင်စီစဉ်ခြင်းမို့ လက်မှတ်ကိစ္စ အဆင်ပြေတန်ကောင်းရဲ့ဟု မျှော်လင့်ခဲ့၏။ အေးဂျင့် စုံအောင် အကူညီတောင်း၏။ ပိုက်ဆံပိုပေးမည်ဟု ပြော၏။ ထိုကြောင့် သူတို့လည်း လက်မှတ်တစ်စောင် ရရန် ကြိုးစားကြ၏။ ထုံးစံအတိုင်း ဖြစ်မလာခဲ့ပေ။ 

      နောက်ဆုံးနည်းလမ်းအဖြစ် တစ်ရက်ကြိုဝယ်ရမည့် Tatkal လက်မှတ် ၀ယ်ရန်သာ ရှိတော့၏။ သို့ဖြစ်၍ နံနက် ၁၀-နာရီ တွင်ရောင်းမည့် Tatkal လက်မှတ်ဝယ်ရန်အတွက် လက်မှတ်ရုံကို သွားကာ တန်းစီရ၏။ ကျွန်ုပ်ရောက်သွားတော့ နံနက် ၉-နာရီ၊ သို့သော်လည်း လက်မှတ်ဝယ်ရန် တန်းစီနေသူများ လက်မှတ်ရုံတစ်ခုလုံး ပြည့်နေပြီ။ မထူးတော့ပြီမို့ နောက်ဆုံးကနေ၍ တန်းစီလိုက်၏။ လက်မှတ်ရောင်းရန်အချိန် နီးလာသည်နှင့် အမျှ ကျွန်ုပ်၏ နောက်မှနေ၍ တန်းစီနေသူများပင် များသထက် များလာ၏။ 

     ဤသို့ဖြင့် စောင့်မျှော်နေရသည့် နံနက်(၁၀)နာရီ ထိုးပြီ။ လက်မှတ်ရောင်းမည့် ကောင်တာလေးလည်း ဖွင့်လိုက်ပြီ။ လက်မှတ်ရုံတစ်ခုလုံး တစ်ဟုန်းဟုန်းဖြင့် တိုးဝှေ့လိုက်ကြ သည်မှာ ဆူညံသွား၏။ မိမိသည်ပင် အတန်းထဲမှ ဘေးရောက်သွားပြီး အတန်းထဲသို့ ပြန်ဝင်လို့ မရတော့။ စကားများပြီး နေရာလုလိုက်ကြ သည်မှာ ရန် ဖြစ်မတတ်ဖြစ်သွားကြသည်။ ပွတ်လောညံသွား၏။ တုတ်ကိုင်ထားသည့် ရဲသုံးယောက် ကတော့ ဘာမှမပြောဘဲ အခြေအနေကို စောင့်ကြည့်နေ၏။ မိမိနေရာပြန်ဝင်တန်းရန် ကြိုးစားသော်လည်း ကိုယ်ချင်းစာစိတ်ပြည့်ဝသော ကုလားများက လုံးဝ အ၀င်မခံ၊ ခပ်ကြမ်းကြမ်းပြောသော်လည်း မရ၊ မတတ်သာသည့်အဆုံး နောက်ဆုံးက ပြန်တန်းစီရ၏။ ကျွန်ုပ်အနီးအနားရှိ ကုလားတစ်ယောက်ကတော့ “အဲဒါ စည်းကမ်းပြည့်ဝတဲ့ အိန္ဒိယပဲ- ဘန္တေကြီး” ဟု စိတ်ပေါက်ပေါက်ဖြင့် ထောမနာပြု၏။ သွားချင်မှတော့ တန်းပေအုံးတော့၊ သည်းခံပေတော့ဟု မိမိကိုယ်ကို သတိပေးကာ စောင့်နေလိုက်၏။

    ကျွန်ုပ်လက်မှတ်ဝယ်ရန် အလှည့်အတွက် ကောင်တာသို့ ၁၂-နာရီအနီးမှ ရောက်ခဲ့သည်။ ထင်သည့်အတိုင်း လက်မှတ်ကား မရ။ waiting list ticket-ယူလျှင်တော့ ရမည်။ နံပါတ်စဉ်(၂၀)၊ မနက်ဖြန်ထွတ်မည့် ရထားတွင် စောင့်ရမည့်နံပါတ်က (၂၀)ဖြစ်၍ လက်မှတ်ရရန် လုံးဝ မဖြစ်နိုင်၊ မတတ်သာသည့်အဆုံး waiting list ticket- ကိုယူလိုက်သည်။ အင်တာနက်မှ ၀ယ်သည့် စောင့်လက်မှတ် မဟုတ်ဘဲ လက်မှတ်ရုံး တွင် ၀ယ်သည့် စောင့်လက်မှတ်ဆိုပါက ရထားစီးလို့ ရသည်။ ဒဏ်ငွေ ဆောင်စရာ မလို၊ ခုံမရသည်သာ ရှိသည်။ လက်မှတ်ကား အတည်ဖြစ်၏။ ရထားပေါ်ရောက်၍ လက်မှတ်စစ်ကို ပိုက်ဆံပေးပြီး ညှိလျှင် ခုံလွတ်ရှိနေပါက ရတတ်၏။ အရေးကြီးကိစ္စရှိပါက အိန္ဒိယသားတို့သည်လည်း ဤသို့ပင် waiting list ticket ဖြင့် ခရီးသွားကြ၏။

    ကျွန်ုပ်သည် ဇွန်လ ၆-ရက်နေ့တွင် ညနေငါးနာရီရထားဖြင့် ဗာရာဏသီမှ ဟိုက်ဒရာဘတ်သို့ ခရီးထွတ်ခဲ့သည်။ ရထားစီးချိန်မှာ ၃၁-နာရီနီးပါး ကြာမြင့်မည်။ ရထားပေါ်ရောက်သောအခါ ကျွန်ုပ် ၀ယ်ထားသည် 2 AC တွဲကို တက်စီးသည်။ ခုံတော့ မရ။ တွေ့သည့်ခုံတွင် ခုံပိုင်ရှင်တို့ကို မိမိကိုယ်ကို မိတ်ဆက်ကာ ခခယယ ထိုင်ရသည်။ ရထားလက်မှတ်စစ် လာတော့ လက်မှတ်ပြကာ ညှိသည်။ ညှိလို့ မရ၊ ခုံလွတ်မရှိသဖြင့် ပြန်ဆင်းနေရန် ပြော၏။ တိုးတိုးတိတ်တိတ်ဖြင့် ထပ်ကာ ထပ်ကာ ညှိကြည့်သည်။ အပိုငွေ ရှုပီး တစ်ထောင်ပေးရန် ပြောသည်။ ကျွန်ုပ်လည်း ပေးရန် သဘောတူသည်။ သို့သော် ခုံလွတ်က လုံးဝမရှိ။ သို့ဖြစ်၍ ခုံမဲ့ဖြင့်သာ လိုက်ရတော့၏။ အိပ်ချိန်မရောက်သေးသဖြင့် ခရီးသွားတို့က သူတို့၏ ခုံတွင် ထိုင်ရန် ခွင့်ပြုသော်လည်း အိပ်ချိန်ရောက်သည့်အခါ ခွင့်မပြုကြတော့။

    ကျွန်ုပ်ကို နိုင်ငံခြား သား ကျောင်းသားမှန်းသိထားသော သဘော ကောင်းသော ခရီးသွားလူငယ်နှစ်ဦးက သူတို့၏ ခုံခြေရင်းတွင် ထိုင်ရန် ခွင့်ပြုပြီး သူတို့က ခပ်ကြုံ့ကြုံ့လေး အိပ်ပေးကြသည်။ သို့သော် သူတို့၏ ခုံတို့က အပေါ်ထပ်ဖြစ်နေပေ၏။ သူတို့၏ ခြေရင်းတွင် ထိုင်လိုက်ပြီး အိပ်ငိုက်၍ ပြုတ်ကျပါက မသက်သာ။ ထို့ကြောင့် အိမ်သာအနီးရှိ တွဲစောင့်ခုံတွင် ၀င်ထိုင်ရသည်။ ကျွန်ုပ်နည်းတူ စောင့် လက်မှတ်ဖြင့် လိုက်လာသော အိန္ဒိယအမျိုးသာနှစ်ဦးလည်း တွဲစောင့်ခုံတွင် ထိုင်နေတာ တွေ့ရသည်။ သူတို့က နံပါတ်စဉ်ကား (၆) နှင့် (၇) ဖြစ်၍ ကျွန်ုပ်ထက် အများကြီး စောနေသေးသည်။ သူတို့ကား အိန္ဒိယအမျိုးသားများ ဖြစ်နေကြ၍ ခုံရထားသူတို့က သူတို့၏ခုံတို့တွင် ထိုင်ရန် ခွင့်မပြုကြ။ ကျွန်ုပ်မှာမူ နိုင်ငံခြားသားဖြစ်နေသဖြင့် အိပ်ချိန်မရောက်မှီ မည်သည့်ခုံမဆို ထိုင်ရန်လွယ်ကူ၏။

      ည(၁၂)နာရီ နီးတော့ တွဲစောင့်ကလည်း သူ၏ခုံမှ ကျွန်ုပ်တို့ကို ခပ်ရိုင်းရိုင်း မောင်းထုတ်ပြီး အိပ်လေတော့၏။ ခုနက ခုံမရသူနှစ်ဦးက သတင်းစာခင်းပြီး အိမ်သာဘေးတွင် နေရာယူကြ၏။ ကျွန်ုပ်ကတော့ အတွင်းကို ပြန်ဝင်ကာ လူငယ်တစ်ဦး၏ ခုံခြေရင်းတွင် ထိုင်လိုက်၏။ အပေါ်ထပ်ဖြစ်၍ အိပ်မငိုက်ရန် အမြဲသတိထားနေရ၏။ အိပ်ချင်လာသောအခါ အိမ်သာဘက် ပြန်ထွတ်ပြီး ခုံမဲ့လိုက်လာသူ နှစ်ဦးနှင့် လေပေါရ၏။ တစ်ခါတစ်ရံ ညောင်းလာလျှင် သူတို့ဘေးတွင် ခဏ၀င်ထိုင်၏။ မတ်တပ်ရပ်၏။ အတွင်းပြန်ဝင်၏။ ခုံခြေရင်းတွင် ထိုင်၏။ ဤသို့ဖြင့် မိုးစင်စင် လင်းခဲ့ရ၏။ ယင်းညကား ကျွန်ုပ်ဘ၀အတွက်တော့ အရှည်လျားဆုံး ညတစ်ညဖြစ်ခဲ့ပေ၏။ 

သိမ်မွေ့ဦး (BHU)
(18-07-13)

No comments:

Post a Comment