ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

16/07/2013

ကြည်နူးခဲ့ရတဲ့ ၀န္ဒာမိ ဘန္တေ

1. စီးဆင်း ရင်ခွင် | 7/16/2013 | 2. 3. 4. 5. 6. Best Blogger Tips

           အိန္ဒိယရှိ၊ ဗုဒ္ဓဘာသာဝင်တို့သည် ရဟန်းသံဃာတို့ကိုတွေ့လျှင် ၀န္ဒာမိ ဘန္တေ-ဟု ရွက်ဆိုပြီး လက်အုပ်ချီကာ နှုတ်ဆက်လေ့ရှိသည်ဟု ကြားခဲ့ဘူးလေ၏။ ထိုနှုတ်ဆက် စကားသည် လှပပြီး အဓိပ္ပါယ် ပြည့်ဝသော ပါဠိလေး ဖြစ်၏။ ၀န္ဒာမိ ဘန္တေ- အရှင်ဘုရား ရှိခိုးပါ၏။ ချစ်စရာကောင်းသော ထိုနှုတ်ဆက်စကားပါဠိလေးအား စတင်သုံးစွဲခဲ့သူကို သုတေသန မပြုခဲ့ဘူးသော်လည်း ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့၏ မြစ်မျှားခံရာ ဒေါက်တာအမ်ဘေဒကာမှ စခဲ့ဟန်တူပေ၏။ ပါဠိဘာသာဖြင့် နှုတ်ဆက်သောစကားဖြစ်၍ လူကြီးများအတွက် သုံးစွဲရန်လွယ်ကူနိုင်သော်လည်း ကလေးများအတွက်မူ ခက်ခဲနိုင်ပေ၏။ ပါဠိဘာသာဖြစ်၍ ဥာဏ်နုသေးသော ကလေးများအတွက် အခက်အခဲ ရှိနိုင်ပေ၏။ ယင်းစကားဖြင့် နှုတ်ဆက်ကာ အရိုအသေပေးသည့် ဓလေ့တို့ကို မမြင်ခဲ့ဘူးသေးပေ။ အိန္ဒိယဗုဒ္ဓဘာသာ ၀င်တို့နှင့် တွေ့မှ လက်တွေ့ လေ့လာရအုံးမည်ဟု စိတ်ကူးထားခဲ့၏။  

       ပုနေးမြို့သို့ အလည်ရောက်ခဲ့စဉ်က ကြားခဲ့ဘူးသော ထိုပါဠိနှုတ်ဆက်စကား လေးနှင့် ထိတွေ့ခွင့် ရခဲ့လေ၏။ တစ်ရက် အရှင်အာယုပါလ၊ အရှင်စန္ဒိမာတို့နှင့်အတူ ပုနေးခံတပ်ကို လေ့လာကြပြီးနောက် အချိန်ရသေးသဖြင့် ဈေးသို့ သွားရောက်ခဲ့ကြ၏။ ဈေးဖွင့်ချိန်ဖြစ်၍ လူများ ကြိတ်ကြိတ်တိုး စည်ကားနေပြီး တိုးဝှေ့ကာ သွားကြရ၏။ ထိုအချိန် လူအုပ်ထဲမှ လူတစ်ယောက်က ရုတ်တရက် မိမိ၏လက်ကို ဆွဲပြီး သူ၏နှဖူးကို တို့ထိစေကာ မိမိ၏ခြေထောက်တို့ကိုလည်း သူ၏လက်နှစ်ဘက်ဖြင့် တို့ထိလေ၏။ တို့ထိခြင်းနှင့်အတူ သူ၏ ပါးစပ်ဖျားမှလည်း ၀န္ဒာမိ ဘန္တေ-ဟု ရွက်ဆိုလေ၏။ မိမိနည်းတူ အခြား အရှင်နှစ်ပါးတို့ကိုလည်း အရိုအသေပေးလေ၏။
        မိမိအတွက် မကြုံစဖူး စကြုံရခြင်းမို့ ဘာမှပြန်မပြောဖြစ်ဘဲ အံ့ဘြဘနန်း ဖြစ်ခဲ့ရ၏။ အနည်းငယ်လွန်သွားပြီးနောက် ထိုလူက နောက်မှ အမြန်ပြန်လိုက်လာကာ မိမိနှင့် အရှင်စန္ဒိမာအတွက် ရှုပီးတစ်ဆယ်စီနှင့် အရှင်အာယုကို ရှုပီး နှစ်ဆယ် လှူဒါန်းလေ၏။ ထိုအချိန်မှ မိမိလည်း ဆုပေးရမည်ဟု သတိရကာ အခြားအရှင်နှစ်ပါးနည်းတူ သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ-ဟု ဆုပေးဖြစ်ခဲ့၏။ ယင်းဖြစ်ရပ်သည် မိမိအတွက် အိန္ဒိယဗုဒ္ဓဘာသာဝင်တစ်ယောက်ထံမှ အရိုအသေပေးခြင်း ကို ရရှိခဲ့သည့် ပထမဆုံး အတွေ့အကြုံပင် ဖြစ်၏။ မိမိကို ပထမဆုံး နှုတ်ဆက်ခဲ့သည့် ၀န္ဒာမိ ဘန္တေ-ပါပေ။ ထို ၀န္ဒာမိ ဘန္တေ-ကြောင့် မိမိမှာ ကြည်နူးလို့မဆုံး ပြောပြလို့ မဆုံးဖြစ်ခဲ့ရသည်။ သို့သော်လည်း ပုနေးနေ အရှင်မြတ်တို့အတွက်မူ ရိုးရာလိုဖြစ်နေသော စကားမို့ အထူးအဆန်း မဖြစ်တော့ပေ။ 

        တစ်နေ့ ပုနေးတက္ကသိုလ်နှင့် မနီးမဝေးတွင်ရှိသည့် ဒါပိုဒီဝိဟာသို့ သွားရောက်လေ့လာကြသည်။ ၀ိဟာဟု နာမည်တတ်ထားသော်လည်း ကျောင်းထိုင် ဆရာတော် မရှိပေ။ ဂေါပကအဖွဲ့က စောက်ရှောက် ထား၏။ ဘုရားဈေးဆိုင်တန်း၊ ရုံးခန်း၊ ဓမ္မာရုံ၊ ဘုရားဆောင်တို့ကို သန့်ရှင်းစွာ စီမံထားသဖြင့် မြန်မာနိုင်ငံရှိ ဘုရားတန်ဆောင်း တို့နှင့် ပိုတူလှ၏။ ဘုရားစောင်းတန်းထဲသို့ ၀င်လိုက်သည်နှင့် စောင်းတန်းဘေးက ခုံတန်းလျားတွင်ထိုင်နေသည့် အမျိုးသမီးငယ်လေး တစ်ယောက်က လက်အုပ်ချီကာ မိမိတို့ထံ လာရောက်ပြီး ၀န္ဒာမိ ဘန္တေ-ဟု ပြုံးရွှင်စွာ ရွက်ဆိုလျှက် ကိုယ်ကိုညွှတ်ကိုင်းကာ အရိုအသေပေးလေ၏။ မိမိတို့လည်း ပြန်လည်ဆုပေးကြပြီးနောက် ဓမ္မာရုံအတွင်းသို့ ၀င်ကာ ဘုရားဖူးကြ၏။ 

      ဘုရားဖူးပြီး ပြန်ထွတ်လာသောအခါ စောစောက တွေ့ခဲ့သည့် အမျိုးသမီးငယ်လေးကို ထပ်တွေ့ရ၏။ သူမသည် မိမိတို့ကို ပြုံးပြနှုတ်ဆက်ပြီးနောက် ဂေါပကရုံးခန်းထဲသို့ ၀င်သွားသည်ကို သတိထားမိလိုက်၏။ မိမိတို့လည်း မြို့ထဲ ဆက်သွားရန်အတွက် အငှားကား ငှားနေကြစဉ် စောစောက တွေ့ခဲ့သည့် အမျိုးသမီး ငယ်ကလေးက မိမိတို့ထံ အမြန်ပြေးလိုက်လာကာ ရှုပီးတစ်ရာ လှူဒါန်းလေ၏။ ထိုအခါမှ မိမိတို့ သဘောပေါက် လိုက်ကြသည်။ ထိုသူငယ်မလေးသည် မိမိတို့ကို တွေ့ကာ လှူချင်သော်လည်း ပိုက်ဆံပါမလာသဖြင့် ဂေါပကရုံးခန်းအတွင်းသို့ ၀င်ကာ ပိုက်ဆံချေးငှားခြင်း ဖြစ်၏။ သူမသည် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်ပြီး အသက် (၁၄)နှစ်သာ ရှိသေးသည် ၁၀-တန်းကျောင်းသူလေးဖြစ်၏။ အရွယ်နှင့် မလိုက်အောင် ထက်သန်နေသည့် သူမ၏ သဒ္ဓါတရားကြောင့် မိမိတို့ ကြည်နူးခဲ့ရသည်။ ရဟန်းသံဃာတို့ကို ဖူးမြှော်ခွင့်ရရန် ခက်ခဲသည့် နေရာတွင် ဖူးခွင့်ရခဲ့သဖြင့် သူမမှာ လွန်စွာ ကျေနပ်နေပုံရလေ၏။ မိမိကိုလည်း ကျေနပ်နှစ်သက်စေခဲ့သည့် ဒုတိယမြောက် ၀န္ဒာမိ ဘန္တေ-ပါပေ။ 

    တစ်နေ့ ပုနေးမြို့၊ ဗုဒ္ဓဘာသာအဖွဲ့တစ်ခု၏ လူကြီး (သူတို့အခေါ် ဂုရုကြီး ) နှစ်ယောက် မြန်မာရဟန်းတော်များရှိရာ အဆောင်သို့ ရောက်လာပြီး န၀ကမ္မ လှူဒါန်းလေ ၏။ အရင်ပွဲတော်တစ်ခုတွင် ပင့်ဖိတ်ပြီး မလှူရသေးသဖြင့် လာရောက်လှူဒါန်းခြင်းဟု သိရသည်။ ထို ဂုရု ကြီးနှစ်ယောက်တို့သည် အောက်ဆုံးထပ် မြေကြီးပြင်တွင် မိမိတို့နှင့် တွေ့ရာ ၀န္ဒာမိ ဘန္တေ-ဟု နှုတ်ဆက်ပြီး ပြားပြားဝပ် ဦးချလေ၏။ မြန်မာပြည်ဒကာကြီး များကဲ့သို့ အိန္ဒိယ လူမျိုးတို့မှ မြေကြီးပြင်ပေါ် နှဖူးတိုက်လျှက် ဦးချခြင်းခံရသည်ကို ပထမဆုံး အကြိမ် တွေ့ကြုံရခြင်းပင်ဖြစ်သည်။ 

          တစ်ရက် အရှင်စန္ဒိမာနှင့်အတူ ဗုဒ္ဓဘာသာဝင်မိသားစု နှစ်အိမ်သို့ အလည် ရောက်ခဲ့သည်။ ဦးစွာ ဖိနပ်ဆိုင် ဖွင့်ထားသည့် ဆန်ဂ၀ိ အမည်ရှိသော သူ၏ အိမ်သို့ ရောက်ခဲ့၏။သူ၏အိမ်သို့ ရောက်စဉ် မိသားစုများက ၀န္ဒာမိ ဘန္တေ-ဟု ကန်တော့ကြကာ ထိုင်ရန် နေရာစီမံပေးလေ၏။ သို့သော် ညနေပိုင်း ဈေးဝယ်ကျချိန်ဖြစ်၍ အိမ်ရှင်များက အေးဆေးစွာ ဧည့်မခံနိုင်ပေ။ အိမ်ရှင်များက မိမိတို့ကို ကျေပွန်စွာ ဧည့်မခံနိုင်ခြင်းကြောင့် အားနားနေကြ၏။ အလိုက်တသိဖြင့် မိမိတို့ ပြန်ရန် နှုတ်ဆက်သောအခါ မိမိတို့ကို မပြန်စေချင်သေးပေ။ ဗုဒ္ဓဘာသာဝင် နောက်တစ်အိမ်သို့ သွားစေချင်၏။ သူတို့၏ ပို့ဆောင်ပေးမှုဖြင့် ဗုဒ္ဓဘာသာဝင် မစ္စတာဝိဂျေး၏ အိမ်သို့ရောက်ခဲ့သည်။ 

      မစ္စတာဝိဂျေး မိသားစုကား အိမ်နှင့်တွဲကာ မှန်ဘောင်ဆိုင် ဖွင့်ထား၏။ အရောင်ပါးချိန်မို့ မိသားစု အားလုံး ပျော်ရွှင်စွာ ဆီးကြိုကြ၏။ သူတို့၏အိမ်တွင် ဘုရားစဉ်ကို သန့်ရှင်းအောင် ပြုပြင်ထားပြီး ဗုဒ္ဓဆင်းတုတော်နှင့် ဒေါက်တာအမ်ဘေ ဒကာပုံတို့ကို ချိတ်ဆွဲထား၏။ မိသားစု ခြောက်ယောက်ရှိပြီး တစ်ယောက်ချင်းစီမှ ၀န္ဒာမိ ဘန္တေ-ဟု ရွက်ဆိုနှုတ်ဆက်ကြကာ သံပြိုင်ဖြင့် ကန်တော့ကြ၏။ သူတို့မိသားစုအတွက် ပရိတ်ရွက်ဖတ်ပြီး မေတ္တာပို့ပေးခဲ့ကြသည်။ သူတို့ မိသားစုလည်း ၀မ်းသာအားရ ဖြစ်ခဲ့ကြပြီး မကြာခဏ ကြွရောက်ပေးပါရန် ဖိတ်မံနေလေ၏။ 

       တစ်ရက် ပုနေးမြို့မှ မနီးမဝေး တွင် တည်ရှိသည့် ကာလာဂူနှင့် ဘာဂျာဂူတို့ကို သွားရောက်ခဲ့ကြသည်။ မစ္စတာယောဂေ့ရှ် အမည်ရသည့် ဗုဒ္ဓဘာသာဒကာတစ်ယောက်က သူ၏ကားလေးဖြင့် ပို့ဆောင်ပေးခြင်းဖြစ်၏။ အပြန်တွင် သူ၏ အိမ်သို့ကြွပေးပါရန် ပင့်ဖိတ်သဖြင့် သွားခဲ့ကြသည်။ သူ၏အိမ်သည် ပုနေးမြို့အနီး Punawabe ရွာတွင် တည်ရှိသည်။ မိသားစုများက အိမ်အပေါက်ဝမှ ဆီးကြိုကြပြီး ၀န္ဒာမိ ဘန္တေ-ဟု လက်အုပ်ချီကာ နှုတ်ဆက်ကြသည်။ ငါးနှစ်အရွယ် ကလေးငယ်ကလေးများသည်ပင် ၀န္ဒာမိ ဘန္တေ-ဟု ရွက်ဆိုပြီး လက်အုပ်ချီကာ နှုတ်ဆက်လေ၏။

    သူ၏ အိမ်သည် ကျယ်ဝင်းပြီး သန့်ရှင်း၏။ ဘုရားစဉ်ကိုလည်း အထူးသန့်ရှင်း အောင် ပြုပြင်ထားလေ၏။ သူ၏ အိမ်တွင် စကားအချိန်ကြာ ပြောဖြစ်ကြပြီး ပရိတ်တရား တော်တို့ကို ရွက်ဖတ်ပေးခဲ့ကြသည်။ ပရိတ်ကြိုးလေးကို လက်တွင် ပတ်ထားရမှ လုံခြုံမှုရှိသည်ဟု ခံစားရကြောင်း လျှောက်ထားသဖြင့် ပရိတ်ကြိုးတို့ကို လက်တွင် ချည်ပေးခဲ့ရသည်။ ယောဂေ့ရှ်၏ ဖခင်ကြီးမှာ ပျော်လွန်းသဖြင့် မျက်ရည်များပင် လည်နေလေ၏။ မိမိကို ဆွမ်းစားတစ်ရက်ပင့်လိုသည်ဟု လျှောက်ထားသော်လည်း အချိန်မရသဖြင့် လက်မခံနိုင်ခဲ့ပေ။ မိမိတို့အဖွဲ့ အဆောင်သို့ ပြန်ခါနီးတွင်လည်း မိသားစု တစ်စုလုံး အိမ်ပေါက်ဝသို့ ထွတ်ကာ နှုတ်ဆက်ကြ၏။ 

     ယခုတော့ မိမိသည် ခရီးစဉ်ပြီးဆုံး၍ ဗာရာဏသီသို့ ပြန်ရောက်ခဲ့ပါပြီ။ ဗာရာဏသီ သည် မြတ်ဗုဒ္ဓတရားဦးဟောရာ နေရာမြတ်ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်တို့ အားကောင်းမနေတော့ပေ။ ဟိန္ဒူဘာသာဝင်တို့သာ အားကောင်းလှသည့် ရှေးဟောင်းမြို့တော် တစ်ခု ဖြစ်နေပေ၏။ ဗုဒ္ဓဘာသာဝင် ဇာတ်နိမ့်ဆင်းရဲသားအချို့ ရှိနေသော်လည်း ဗုဒ္ဓဘာသာဝင်တို့မှ ၀န္ဒာမိ ဘန္တေ-ဟု လက်အုပ်ချီကာ နှုတ်ဆက်ခြင်းကို တစ်ခါမှ မကြုံခဲ့ဘူးပေ။ တစ်ခါတစ်ရံ ဇာတ်စနစ်စွဲပြင်း ထန်လှသော ဟိန္ဒူဘာသာဝင်တို့နှင့်သာ ငြင်းခုံခဲ့ရဘူး၏။

     မိမိကို အရိုအသေပေးစေချင်၍ မဟုတ်သော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓဘာသာဝင် လူကြီး၊ လူငယ်တို့မှ နှုတ်ဆက်ကြသည့် ၀န္ဒာမိ ဘန္တေ-ဟူသောစကားကို သတိရမိသည်။ ထိုအသံကြားရတိုင်း အိန္ဒိယမှာ ဗုဒ္ဓဘာသာတွေ ရှိနေကြသေးသည်ဟု ကြည်နူးခဲ့ရသည်။ ခုတော့ ထိုအသံများနှင့် ဝေးခဲ့လေပြီ။ အိန္ဒိယတောင်ပိုင်းက ၀န္ဒာမိ ဘန္တေ-ဟူသော ဆည်းလည်းသံလေးများ မြောက်ပိုင်းသို့ ပျံ့နှံ့လာစေချင်သည်။ ထိုသို့ပြန်နှံ့လာပါက ဘုရားပွင့်ရာ မဇ္ဈိမဒေသကို သူတို့ မြတ်နိုးစွာ ထိန်းသိမ်းကြလိမ့်မည်။ ထိန်းသိမ်းစောက်ရှောက်ခြင်း နှင့်အတူ မဇ္ဈိမဒေသသည်လည်း ငြိမ်းချမ်းရေး နယ်မြေအစစ်အဖြစ် မှန်ကန်စွာ ရပ်တည်နိုင်ပေလိမ့်မည်။ ဖြစ်နိုင်ဖို့ အင်အားနည်းပါးလှသော်လည်း တချွင်ချွင် မြည်နေသည့် ၀န္ဒာမိ ဘန္တေ-ဟူသော ဆည်းလည်းသံလေးကို ကြားရသည်မှာ စိတ်ကူးဖြင့်ပင် ပျော်စရာကောင်းနေပေ၏။ 

သိမ်မွေ့ဦး (BHU) 
(15-07-13)

1 comment:

  1. ဖတ်ရင် ဖတ်ရင် ကြည်နူးရ၊ ဝမ်းမြောက်ရသော မှတ်တမ်းဆောင်းပါးလေးဖြစ်ပါပေသည်။ သည်ဆောင်းပါလေးဖြင့် စာရှုသူများအားလုံးကို ပူနေးတောရမှ ဖိတ်ခေါ်ပါရစေလား

    ReplyDelete