ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

05/07/2013

ရောက်ခဲ့ဘူးသည့် အောက်စဖို့ဒ်တက္ကသိုလ်

1. စီးဆင်း ရင်ခွင် | 7/05/2013 | 2. 3. 4. 5. 6. Best Blogger Tips
       ထင်ရှားသည့် တောင်ပေါ်မြို့လေးတစ်မြို့၊ ထိုမြို့လေးသည် တောင်တန်းအသွယ် သွယ်တို့ဖြင့် ခြားနားထား၍သာ မြို့ငယ်လေးဟု ထင်ရသော်လည်း တကယ်တော့ မြို့ပြကြီး တစ်မြို့ဖြစ်သည်။ ရာသီဥတု ကောင်းမွန်မျှတပြီး တစ်မြို့လုံးကို ချယ်ရီပန်းတို့က အလှဆင်ထား၏။ တောင်တန်းကြီး များတစ်လျှောက်တွင် အစီအရီ ပွင့်နေကြသည့် သဇင်ပန်းတို့နှင့် အာစီယံသပြေပင်လေးများ၊ ၀င်းဝိုင်းစွာ ပြုပြင်ထားသည့် ပန်းပင်အုပ်များ၊ မိုးထိလုနီးပါး ထိုးထိုးထောင်ထောင်ဖြစ်နေကြသည့် အလှသစ်ပင်များဖြင့် လှပလွန်းသည်။ မည်သည့်အရပ်ကိုပင် ကြည့်ကြည့် စိမ်းစိုသော ရှုခင်းများဖြင့် အုံ့ဆိုင်း ညို့မှိုင်းနေကာ သာယာလွန်းလှ၏။ 


          ထို့မြို့တွင် မြို့ကို ကွေ့ပတ်ကာ စီးဆင်းနေသော မူလအမည်ရသည့် မြစ်ငယ်လေးတစ်စင်းကလည်း ရှိနေပြန်၏။ မြစ်ရေသည် ကြည်လင်အေးမျှနေပြီး စိမ်းညိုရောင်သန်းနေ၏။ ထိုမြစ်ကျောတစ်လျှောက်တွင် အရောင်မျိုးစုံရှိ သင်္ဘောငယ်လေး တို့သည် စုန်ချည်ဆန်ချည်ဖြင့် လှည့်ပတ်သွားလာနေကြ၏။ မြို့၏ အလှအပကို လာရောက်ခံစားကြသော ကမ္ဘာလှည့် ခရီးသည်များနှင့် ပြည်တွင်းခရီးသွားတို့သည် ရေလမ်း တစ်လျှောက် သင်္ဘောငယ်လေးများပေါ်တွင် စီးနင်းလိုက်ပါကြပြီး မြို့၏ အလှအပကို ရှု့မြင်ခံစားကြကာ အံ့သြဘနန်းဖြစ်ကြရသည်။ စင်္ကာပူ၏ ညနေဆည်းဆာအလှများကို ယင်းမြို့လေးက ပြည့်ဝစွာ ပိုင်ဆိုင်ထားနိုင်ပေ၏။
                                         ကဗျာဆန်ဆန် သစ်ပုပ်ပင်လမ်းကလေး

        ယင်းမြို့၏ အနောက်မြောက်အရပ်တွင် ကမ္ဘာကျော် တက္ကသိုလ်ကြီးတစ်ခုက ခန့်ညားစွာ တည်ရှိနေပြန်၏။ ထိုတက္ကသိုလ်ကြီးကို “Oxford of the East” “အရှေ့တိုင်း၏ အောက်စဖို့ဒ်” ဟု ပညာရေးနယ်ပယ်က သတ်မှတ်ကြသည်။ တက္ကသိုလ်ဝင်ပေါက် မုခ်ဦးကြီးကို ဖောင်းကြွရွှေရောင် စာလုံးကြီးများဖြင့် ခန့်ညားထယ်ဝါစွာ ရေးထိုးထား လေ၏။ မုခ်ဦးကို မြင်လိုက်ရသည်နှင့် လာရောက်လည်ပတ်ကြသူများအတွက် သိမ်ငယ်စိတ်ပင် ဖြစ်သွားနိုင်သည်။ တက္ကသိုလ်ကြီး၏ ကြီးကျယ်မှုဂုဏ်ဒြပ်တို့ကို မုခ်ဦးကြီးက ပို၍ ခမ်းနားတင့်တယ်အောင် ပြုပြင်ထားလေ၏။ လျှောက်လှမ်းရာ အဓိပတိလမ်းမကြီးသည် ညီညာဖျောင့်ဖြူးနေပြီး ဘေးဝဲယာဘက်တို့တွင် ငုဝါ၊ စိန်ပန်းတို့ သည် အပြိုင်အဆိုင် ပွင့်နေကြ၏။ သက်တမ်းရင့် သစ်ပုတ်ပင်ကြီးတို့ကလည်း တက္ကသိုလ်အလှကို ပိုကြွအောင် ဖန်တီးနေပြန်၏။ တက္ကသိုလ်၏ အလည်ဗဟိုတည့်တည့် ရှိ ရေကန်ကြီးတွင် ကြာဖြူ၊ ကြာဝါ၊ ကြာနီ၊ ဗေဒါတို့ စုံလင်စွာ ပွင့်နေကြကာ ဘဲငန်းလေးတို့သည် ဥဒဟို သွားလာနေကြသည်။ ယင်းအပြင် ရေကန်ကြီးသည် တစ်ခါတစ်ရံ လေအဝှေ့တွင် တိုးခွေ့လာကြသော လှိုင်းကြက်ခွပ်လေးများဖြင့် သာ၍ပင် ပနံတင့်နေပေ၏။
                                        
                                            ကဗျာဆန်ဆန် သစ်ပုပ်ပင်လမ်းကလေး

   တက္ကသိုလ်လမ်းများတစ်လျှောက်တွင် နိုင်ငံတကာမှ လာရောက်ပညာသင်နေယူ ကြသော ကျောင်းသား၊ ကျောင်းသူတို့ဖြင့် စည်းကားနေကြပြီး ပျော်ရွှင်စွာ သွားလာနေကြ၏။ တက္ကသိုလ်ကြီးအတွင်းတွင် ဂျပ်ဆင်၊ ဘွဲ့နှင်းသဘင် ခန်းမဆောင်၊ သင်ကြားရေးကျောင်းဆောင် ၊ ကျောင်းသားနေ အဆောင်တို့ကို စည်းကမ်းတကျ သေသပ်စွာ ဆောက်လုပ်ထားသည်။ သိပ္ပံ၊ ၀ိဇ္ဇာ၊ စာပေ၊ ဂီတ၊ အနုပညာစသော မိမိတို့ နှစ်သစ်ရာပညာရပ်တို့ကို အဆင်မြင့်မြင့် သင်ယူနိုင်သဖြင့် ပညာဆည်းပူကြတို့၏ ကွန်းခိုရာ တက္ကသိုလ်ကြီးတစ်ခု ဖြစ်နေလေ၏။ ယင်းတက္ကသိုလ်ကို ၁၉၄၈-ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၀ိတိုရိယ ဘုရင်မကြီး၏ အပန်းဖြေ အနားယူသော နေရာတွင် တည်ထောင်ခဲ့ခြင်းဖြစ်၍ သမိုင်းဝင်နေရာကြီးဖြစ်ကာ ရှေးဟောင်း အဆောက်အအုံကြီးတို့ကလည်း ထူထပ် ပြည့်သိပ်နေလေ၏။ ကျွန်ုပ် စိတ်ကူးထဲတွင် ပုံဖော်မိခဲ့သော အရှေ့တိုင်း၏ အောက်စဖို့ဒ် ဟု နာမည်ကြီးလှသည့် ပုနေးတက္ကသိုလ်ကြီး၏ ပုံရိပ်များကား ဤသို့ပင် ဖြစ်လေ၏။ 

        ကျွန်ုပ် ပုနေးကို ရောက်ဘူးချင်သည်။ အင်္ဂလန်၊ အောက်စဖို့ဒ် တက္ကသိုလ်ကြီးကို ရောက်ရန် အလှမ်းဝေးသော်လည်း အရှေ့တိုင်း၏ အောက်စဖို့ဒ် တက္ကသိုလ်ကြီးကိုတော့ ရောက်လိုက်ချင်သည်။ အခွင့်သာ၍ ရောက်ခဲ့ပါက နိုင်ငံတကာ ကျောင်းသားတို့နှင့် တွေ့ဆုံပြီး ငါးပိသံမပျောက်သော အင်္ဂလိပ်သံကြီးဖြင့် စကားတွေ တစ်ဝကြီး ပြောပစ်လိုက်မည်။ နိုင်ငံတကာ ကျောင်းသူတို့၏ အလှအပတို့ကို တစ်ဝကြီး ခံစားပစ်လိုက်မည်ဟု အားခဲထားခဲ့လေ၏။ 

         ယင်းပုနေးမြို့ကို ဗုဒ္ဓဘာသာဝင်သုတေသီတို့က သည်းခံခြင်းအရာတွင် နာမည်ကြီး ထင်ရှားလှသည့် အရှင်ပုဏ္ဏမထေရ်၏ ဇာတိမြို့ဖြစ်သည်ဟု ဂုဏ်ယူကြသည်။ မဟာရဋ္ဌပြည်နယ်အတွင်းဝင် မြို့တစ်မြို့ဖြစ်ပြီး အိန္ဒိယနိုင်ငံကြီး၏ နံပါတ်(၈) အဆင့်ရှိ အကြီးဆုံးမြို့တော်ဖြစ်သည်။ လူဦးရေအားဖြင့် (၂၈၁၁၀၀၀) သန်းရှိလေ၏။ တောင်ပိုင်းတိုင်း၏ စစ်ဌာနချုပ်မြို့ဖြစ်လေ၏။ ထိုကြောင့် စစ်တပ်နှင့်စစ်တက္ကသိုလ် တို့လည်း ပေါများသည်။ အဆင့်မြင့်ပညာရေးမြို့တော် ဖြစ်ပြီး အင်ဂျင်နီယာ၊ စီမံခန့်ခွဲမှု၊ ကွန်ပျူတာ၊ အိုင်တီတို့ကို သီးသန့်သင်ယူနိုင်သော အဆင်မြင့်ကောလိပ်တို့လည်း ပေါများပေ သည်။ နိုင်ငံခြားကုမ္ပဏီတို့၏ ရင်းနှီးမြုတ်နှံမှု များသည့် မြို့တော်တစ်ခုလည်း ဖြစ်ပေ၏။ 

     စိတ်ကူးဖြင့် အကြိမ်ကြိမ် လွမ်းခဲ့ဘူးသော ပုနေးမြို့သို့ မကြာသေးသော ရက်များက အလည်ရောက်ခဲ့လေ၏။ ညသန်းခေါင်အချိန်တွင် ရထားဆိုက်ခဲ့ခြင်းကြောင့် မြို့၏ အလှအပတို့ကို မခံစားရသေးဘဲ ပုနေးတက္ကသိုလ် မြန်မာကျောင်းသားများရှိရာ နိုင်ငံတကာကျောင်းသာဆောင်သို့ သွားခဲ့သည်။ ရာသီဥတုကား ဗာရာဏသီ၏ ဆောင်းအ၀င်ကဲ့သို့ ခပ်ပါးပါးလေး အေးနေလေ၏။ အပူဒေသက လာသော ကျွန်ုပ်အတွက် မူ ရာသီဥတုက စိတ်ကြိုက်ဖြစ်နေခဲ့၏။

    ပုနေးနေ့ရက်များအတွင်း မိုးကလည်း နေ့စဉ်လို ရွာ၏။ မိုးကလေး တစ်ဖွဲဖွဲကြားတွင် ပုနေးညီနောင်များကလည်း မညည်းမညူ နေ့စဉ်ပင် နေရာအနှံ့ လိုက်ပို့ကြသည်။ တကယ်ရောက်ခဲ့သောအခါ ပုနေးတက္ကသိုလ်ကြီးကား ကျွန်ုပ် ထင်ထား ခဲ့သလောက် ကြီးကျယ် မနေခဲ့ပေ။ ရှေးဟောင်းအဆောက်အအုံကြီးများကိုလည်း များများစားစား မတွေ့ခဲ့ရ။ စိန်ပန်းတို့ လှပစွာ ပွင့်နေကြပြီး သက်တမ်းရင့် သစ်ပုတ်ပင်ကြီးတို့ဖြင့် စီခြယ်ထားသော လမ်းလေးကတော့ ကဗျာဆန်သည်။ တောရိုင်းပင်တို့ ပေါများလှသည်။ တက္ကသိုလ် တစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ကျေးငှက်သာရကာတို့၏ တွန်းကြူးသံတို့ကို အမြဲပင် ကြားနေခဲ့ရ သည်။ ကျောင်းပိတ်ရက်အတွင်းဖြစ်၍ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူ အနည်းငယ် တို့ကိုသာ ဆုံဆည်းခွင့် ရခဲ့သည်။
                                            ပုနေးညီနောင်တို့ရဲ့ မမေ့နိုင်တဲ့ လက်ရာ
        တောင်ပေါ်မြို့ကလေး စည်းကားသော်လည်း မြို့ကို ပတ်လည်ရစ်ထားသည် မူလမြစ်ကလေးကတော့ သန့်ရှင်းလတ်ဆတ် မနေခဲ့ပါ၊ ကာလာစုံ သင်္ဘောငယ်ကလေးများလည်း ရှိမနေခဲ့ပေ။ အဆင့်မြင့် ကောလိပ်ကြီးများကတော့ မြင့်မားစွာ စီးဆင်းနေလေ၏။ စိတ်ကူးထဲက ပုနေးမဟုတ်ခဲ့သော်လည်း ပုနေးတွင် ကျွန်ုပ် ပျော်ခဲ့သည်။ ပုနေးကို မိုးရေစက်များက နေ့စဉ်လို ဖြန်းပေးထားသဖြင့် ကျွန်ုပ် နှစ်သစ်သော မန်းကျည်း ရွက်နုနု၊ ခွေးတောက်ရွက်တို့ကို အလျှံပယ် ရနိုင်သည်။ ဖော်ရွှေကြသော ပုနေညီနောင်များနှင့်အတူ မန်းကျည်းရွက် ချဉ်ရည်၊ ခွေးတောက်ရွက်ကျော်၊ ခွေးတောက်ရွက် ကြက်သားဟင်းချို၊ အဝေရာရွက် အတို့အမြုတ်တို့ကို နေ့စဉ် သုံးဆောင်ခဲ့ရ၏။ 

      တစ်ခါတစ်ရံ ဘုန်းကြီး ဥူးပညိန်က အမဲသားနပ်နှင့် မြောင်းမြဒေါ်ချို ငိုသွားနိုင်သော မုန့်ဟင်းခါးတို့ကို အစွမ်းပြ ချက်ပြုတ်ကာ ကျွေးမွေး ဧည့်ခံသည်။ ဘုန်းကြီးဥူးဣန္ဒာစာရကလည်း အာရုဏ်ဘုန်းပေးရန်အတွက် ကိတ်မုန့်နှင့်ရေနွေးကော်ဖီတို့ကို အသင့်စီမံပေးလေ၏။ အမဲသားချက်ရာတွင် ကျွမ်းကျင် သော ဥူးစန္ဒိမာ၏ လက်ရာ အမဲသားချက်နှင့် အစပ်ကြိုက်တာခြင်းတူညီသော ဦးသီလာစာရ၏ အစပ်ဟင်းလျှာတို့သည်လည်း တစ်မျိုးကောင်းလှ၏။ ဦးအာယုပါလ၏ အားလူးချက်ကလည်း လျှာလည်စေသည်။ တစ်ရက် ကြက်သားအိုးကို လုံးရန် မီးဖိုပေါ်တင်ထားခဲ့ပြီး ကျွန်ုပ်၏ လေကြောတွင် မေ့မျှောသွားခဲ့သဖြင့် ကိုရင်အာယု၏ ကြက်သားအိုးကြီး တူးသွားခဲ့၏။ အမှတ်တမဲ့၏ အမှတ်တရများပါပေ။ ညီငယ် အရှင်ခေမာနန္ဒ၏ ကြက်ဟင်းခါးသီးကျော်ကိုလည်း လွမ်းတသသ ဖြစ်မိ၏။ ညတိုင်း ကြားနာခွင့်ရခဲ့သည့် ပုနေးသာသနာပြု ဦးကုသလ၏ သာသနာပြုအတွေ့အကြုံများကို လည်း ကြားရောင်မိသည်။ ပုနေးတက္ကသိုလ်ကြီးသည် ဆိတ်ငြိမ်လွန်းသဖြင့် ပုနေးရောက်ညီနောင်များက ပုနေးတောရဟု ကင်ပွန်းတပ်ကြလေ၏။ ကျွန်ုပ်အနေဖြင့် ပုနေးတွင် နေရန် (၄) ရက်ခန့်သာ စိတ်ကူးခဲ့သော်လည်း ပုနေးညီနောင်များ၏ ဧည့်ဝတ်ကျေပွန်မှု၊ နွေးထွေးမှုတို့ကြောင့် (၈)ရက်မျှ ကြာခဲ့လေ၏။ 

     သူတို့၏ ကူညီပို့ဆောင်ပေးမှုကြောင့် ဗုဒ္ဓဘာသာဝင်မိသားစုများနှင့် တွေ့ဆုံခွင့် ရခဲ့ကာ ပုနေးအနီးက နာမည်ကြီး ရှေးခေတ် ရဟန်းတော်များ တရားအားထုတ်ရာ ကာလာဂူ၊ဘာဂျဂူတို့ကို ဖူးမြှော်ခွင့် ရခဲ့သည်။ ပုနေးမြို့အတွင်းက ခံတပ်နှင့် ဈေးများ၊ ဖာဂူဆန်ကောလိပ်၊ ဗုဒ္ဓသာသာ ကျောင်းတော်တို့ကို လေ့လာ ခွင့်ရခဲ့သည်။ သူတို့နှင့်အတူ Aurangabad မြို့အနီးက ကမ္ဘာ့ရှေးဟောင်းသမိုင်းဝင် နာမည်ကြီးဖြစ်သော ဗုဒ္ဓသာသာနှင့်သာ ဆက်စပ်သည့် အဂျန်တာဂူတန်းများ၊ ဘာသာသုံးခု ရောနှောနေသော အလောရာ ဂူတန်းများကိုလည်း ရောက်ခဲ့လေ၏။
                                              ပုနေးမြို့အနီးက ကာလာဂူ

      အင်္ဂလန်မှ အောက်စဖို့ဒ်တက္ကသိုလ်ကြီးသည် နွားကျောင်းသားများကို ခရစ်ယာန်သာသနာပြုများက ပညာသင်ပေးခြင်းမှ စတင်၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ် သည်ဟု မှတ်ခဲ့ဘူးသည်။ အရှေ့တိုင်း၏ အောက်စဖို့ဒ် ဖြစ်သည့် ပုနေးတက္ကသိုလ်သည်လည်း ၀ိတီုရိယဘုရင်မကြီး၏ အပန်းဖြေ အနားယူသော တောနေရာအရပ်တွင် တည်ထားခဲ့သည်။ ပုနေးတက္ကသိုလ်သည် ယခုအချိန်ထိ အိန္ဒိယပညာရေးလောကတွင် နာမည်ကြီးနေဆဲပင်ဖြစ်သည်။ နိုင်ငံတကာမှ လာရောက်ပညာသင် ယူနေကြသော ကျောင်းသား အများဆုံး ရှိသည့် ပညာရေးနယ်ပယ်တစ်ခုအဖြစ် ထင်ရှားနေဆဲဖြစ်သည်။ 

    ပုနေးတက္ကသိုလ်တွင် ပကာသနဖြစ်သည့် ပြင်ပအဆောက်အအုံများသည် ကြီးကြီးကျယ်ကျယ် ရှိမနေခဲ့ပါ။ သို့သော် မမြင်ရသည့် ပညာအနှစ်သာရတို့သည်ကား မြင့်မားစွာ ရှိနေပေ၏။ ထို့ကြောင့်လည်း အရှေ့တိုင်း၏ အောက်စဖို့ဒ်အဖြစ် နာမည်ကြီးနေခြင်းပင် ဖြစ်၏။ အမြဲတစ်စေ မဟုတ်သော်လည်း တစ်ခါတစ်ရံ၌ အရှေ့တိုင်း ၏ အောက်စဖို့ဒ်ရောက် မြန်မာရဟန်းတော်များနှင့် အတူ အောက်စဖို့ဒ်တက္ကသိုလ် အတွင်းက မန်းကျည်းရွက် ၊ ခွေးတောက်ရွက်တို့ကို အမှန်တကယ်ပင် သတိရမိပါသည်။
                                           ပုနေးညီနောင်တို့နှင့် အမှတ်တရ

သိမ်မွေ့ဦး (BHU)
(05-07-13)

1 comment:

  1. ကျေးဇူးပါ ဘဖုန်း၊ ခွေးတောက်ရွက် အကြောင်း ထဲရေးလို့။

    ReplyDelete