ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

20/07/2013

အဖေရှိနေတဲ့ ဟိုက်ဒရာဘတ် (၂)

1. စီးဆင်း ရင်ခွင် | 7/20/2013 | 2. 3. 4. 5. 6. Best Blogger Tips
       ဇွန်လ(၇) ရက် ည ၁၁-နာရီခွဲ အချိန်တွင် Secunderabad ဘူတာသို့ ဆိုက်ရောက် သည်။ အငှားသုံးဘီးကား တစ်စီးငှားပြီး ဗာရာဏသီမှနေ၍ ကြိုတင်ဘွက်ကင် လုပ်ထားသော Hotel Harsha သို့ လာခဲ့၏။ ဟိုတယ်အခန်းခမှာ တစ်ရက်အတွက် ရှုပီး (၂၃၀၀) ကုန်ကျလေ၏။ ရထားခရီး ပင်ပန်းလာခဲ့သည်မို့ ရေမိုးချိုးကာ အနားယူလိုက်၏။ မနက်ပိုင်း နံနက်စာ စားပြီးမှ ကျွန်ုပ်တည်းခိုနေသည့် ဟိုတယ်မှာ မူစလင်ပိုင်ဟိုတယ်မှန်း သတိထားမိ၏။ ထိုကြောင့် ဟိုတယ်ပြောင်းတည်းရန် စီစဉ်၏။ 

    ဟိုက်ဒရာဘတ်(Hyderabad)မြို့သည် အန်ဒရာ ပရာဒေ့ရှ် (Andhra Pradesh) ပြည် နယ်၏ မြို့တော်ဖြစ်၏။ လူဦးရေ (၅၅၃၄၀၀၀) ယောက်ရှိပြီး အိန္ဒိယနိုင်ငံ၏ နံပါတ် (၆)ခုမြောက် အကြီးဆုံး မြို့တော်ဖြစ်သည်။ မြို့ကို Hyderabad နှင့် Secunderabad ဟု နှစ်မြို့ခွဲထား၏။ ခွဲထားခြင်းဆိုရာ၌ သီးသန့်နှစ်မြို့ ခွဲထားခြင်းမဟုတ်ဘဲ တစ်ဆက်တည်း တည်ရှိနေကာ အမည် နှစ်ခု ခွဲထားခြင်းဖြစ်သည်။ မြို့ပေါ်လူတို့တော့ မြို့ဟောင်း၊ မြို့သစ်ဟု သုံးစွဲကြလေ၏။


     အိန္ဒိယနိုင်ငံရှိ ထိပ်ဆုံးမြို့ (၁၀)မြို့ဟု သတ်မှတ်ထားသည့် မြို့ကြီးတို့အနက် မြို့ကြီး (၉)မြို့သို့ ကျွန်ုပ်ရောက်ခဲ့ဘူးလေပြီ။ ထိုမြို့တို့တွင် ဟိုက်ဒရာမြို့သည် အလှပဆုံး အသန့်ရှင်းဆုံးမြို့ဟု ကျွန်ုပ် ထင်သည်။ မြို့နှစ်မြို့၏ အလယ်တွင် တည်ရှိသည့် ဟူစိန် သာဂရ ရေကန်ကြီး (Hussain Sagar Lake)သည် အလွန်ပင် ကျယ်ဝန်းပြီး သန့်ရှင်းကြည်လင်လှ၏။ မြန်မာနိုင်ငံရှိ ကန်တော်ကြီး ရေကန်ကြီး ကဲ့သို့ မြို့လည်ခေါင် အဓိကနေရာတွင် တည်ရှိနေ၏။ ကားလမ်းတို့ကို ရေကန်ကြီး ပတ်လည်ဘေးမှ ဖောက်ထားသဖြင့် မြို့ထဲ သွားတိုင်း ကန်ရေပြင်ကို ကျော်ဖြတ်တိုက်ခတ် လာသော လေအေးတို့ကို ရှုရိုက်ခွင့်ရလေ၏။ 

     ထိုမြို့တွင် မူစလင်လူဦးရေ များပြားသည်၊ အိန္ဒိယတွင် ဟိုက်ဒရာဘတ်စသည်ဖြင့် ဘတ်ဟုအမည်ပါသော မြို့တို့၌ မူစလင်လူဦးရေ များသည်ကို သတိထားမိသည်။ ဟိုက်ဒရာမြို့ရှိ လူတို့သည် အိန္ဒိယမြောက်ပိုင်းသားတို့ကဲ့သို့ ကွမ်းပေါင်း နှင့် ကွမ်းယာဝါးခြင်း၊ ခေါင်းကို တဘက်စည်းခြင်းတို့ မရှိကြပေ။ မြောက်ပိုင်း၌ ခေါင်း(သို့မဟုတ်) ပခုံးတွင် တဘက်ပတ်ထားသော လူတို့ကိုသာ အမြဲ မြင်နေရ၍ ဟိုက်ဒရာဘတ်လူတို့၏ စတိုင်ကား အမြင်တစ်မျိုးဆန်းစေ၏။ လူအများစုသည် အကောင်းစားခေတ်မှီပစ္စည်းတို့ကို သုံးစွဲကြပြီး အဆင်မြင့် စားသောက်ဆိုင်ကြီး တို့တွင်လည်း စားသုံးနေသူတို့ဖြင့် ပြည့်နေလေ၏။ မိမိအမြင်ဖြင့်မူ လူချမ်းသာများသော မြို့ဟု ကောက်ချက်ချမိသည်။ 

         ဇွန်လ (၈)ရက်နေ့တွင် ဟူစိန် သာဂရ ရေကန်အနီးရှိ Hotal Vishwam တွင် တည်းခိုသည်။ တစ်ရက်အတွက် (၂၂၀၀) ရှုပီး ပေးရပြီး ဟိန္ဒူပိုင် ဟိုတယ်ဖြစ်၍ လုံခြုံမှုရှိသလို ခံစားရသည်။ မြို့ကြီးရောက်ခိုက် မစားဘူးသေးသော Kfc အဆင့်မြင့် စားသောက်ဆိုင်ကို သွားစားဖြစ်ကာ အဆင့်မြင့် ဈေးကြီးတို့ကို ၀င်ရောက် လေ့လာဖြစ်သည်။

                                                 Salar jung ပြတိုက်
        ဇွန်လ (၉)ရက်နေ့တွင် ရပ်တော်မူ မြတ်ဗုဒ္ဓရုပ်ပွားတော်နှင့် နီးသည့် ဟိုတယ်တစ်ခု ပြောင်းရန် စိတ်ကူးရသည်။ အရင်တည်းသည့် Hotal Vishwam ဟိုတယ်မှာ ရေကန်နှင့်နီးသော်လည်း ဘုရားဆင်းတုတော်ရှိသည့် ကျွန်းနှင့် ဝေး၏။ ထိုကြောင့် ဘုရားနှင့် နီးသည့် Hotal Anmal Continental သို့ ပြောင်းခဲ့သည်။ ယင်းဟိုတယ်မှာ ဘုရားရုပ်ပွားတော် စံမြန်းရာ ကျွန်းနှင့်နီးပြီး ရေကန်ဘေးဖြစ်၍ နေရာလည်း သန့်ရှင်း၏။ တစ်ရက် (၁၅၀၀) ရှုပီးကုန်ကျသည့် အခန်းကိုယူလိုက်၏။ ဟိုတယ် သုံးခုအနက် နှစ်သက်ဆုံး ဟိုတယ်ဖြစ်၏။ 

     နေ့လည်ပိုင်းတွင် လမ်းလျှောက်ကာ ဘုရားသို့ သွားခဲ့သည်။ ဟိုတယ်နှင့် ငါးမိနစ်ခန့်မျှ လမ်းလျှောက်ရသည်။ ရပ်တော်မူမြတ်စွာဘုရား ရှိရာ ကျွန်းသို့ သွားရန်အတွက် လုမ္ဗိနီ ပန်းခြံသို့ အရင်ဝင်ရသည်။ ထို့မှတဆင့် မော်တော်ဖြင့် ဘုရားသို့ သွားရသည်။ ပန်းခြံနာမည်ကပင် လုမ္ဗိနီ-ဟု ပေးထားသဖြင့် ရင်းနှီးသည့် နေရာတစ်ခုလို ထင်မှတ်မိသည်။ တနင်္ဂနွေ အလုပ်ပိတ်ရက်ဖြစ်၍ အပန်းဖြေလာရောက်ကြသူတို့ဖြင့် ပြည့်နေလေ၏။ ဘုရားသို့ သွားရန် ရေပေါ်ရှပ်ပြေး အမြန်လှေကို ငှါးပါက ရှုပီး (၃၀၀) ဖြစ်ပြီး အများသုံး အနှေးယာဉ် မော်တော်ဖြင့် သွားပါက တစ်ယောက်လျှင် (၅၅) ရှုပီးပေးရသည်။ အမြန်ယာဉ်ငှားရန် စောင့်နေကြသူများသဖြင့် မစောင့်တော့ဘဲ မော်တော်ဖြင့်သာ သွားခဲ့သည်။ (၁၅)မိနစ်ခန့်မျှ စီးရ၏။ လေကောင်းလေသန့်တို့ကို ရှုရှိုက်ပြီး ဘေးပတ်ဝန်း ကျင် မြို့အလှတို့ကို ကြည့်ရှုကာ စီးရသဖြင့် စိတ်ကြည်နူးစရာ ကောင်းလှ၏။ ရပ်တော်မူ ဘုရားတည်ရှိရာ ရေလည်ကျွန်းကလေးသည် လူများများ မဆန့်သဖြင့် ကြာရှည်နေရန် အချိန်မရပေ။ လာရောက်သူများသဖြင့် အစောင့်တို့က ၀ိစီခရာမှုတ်ပြီး ပြန်ကြရန် တိုက်တွန်းနေ၏။ ကျွန်ုပ်လည်း မြတ်ဗုဒ္ဓကို ၀တ်ချပြီး (၁၅)မိနစ်ခန့်မျှသာ နေခဲ့၏။ ဟိုက်ဒရာဘတ်မြို့ရှိ ရပ်တော်မူ မြတ်စွာဘုရားကို ဖူးမြှင်ရပြီးဖြစ်၍ စိတ်ကျေနပ်မှုကို ခံစားလိုက်ရ၏။ ရောက်ချင်သည့် အဓိကနေရာကို ရောက်ခဲ့ပြီဖြစ်၍ ကျေနပ်ရ၏။ မူစလင်ဘာသာဝင် အများစု နေထိုင်သော မြို့ကြီးဖြစ်သော်လည်း ယင်းမြို့ကြီးမှာ ကျွန်ုပ်၏ အဖေ ရှိနေသေး၏ဟူသော အတွေးတစ်ခု ဖြစ်ခဲ့၏။

        ဟော်တယ်ပြန်ရောက်တော့ ရပ်တော်မူ ဆင်းတုတော်ကြီး၏ သမိုင်းကြောင်းကို ဖတ်ဖြစ်သည်။ ယခင်က အန်ဒရာ ပရာဒေ့ရှ်ပြည်နယ်၏ ၀န်ကြီးချုပ်ဖြစ်သူသည် မစ္စတာ N.T. Rama Ral သည် အမေရိကန်၊ နယူးယောက်သို့ အလည်ရောက်ခဲ့လေ၏။ ထိုတွင် လွတ်လပ်ရေးရုပ်တု (Stutue of Liberty)ကို မြင်ပြီး မိမိ၏ ပြည်နယ်တွင်လည်း ယင်းကဲ့သို့ ရုပ်တုတစ်ခု ပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ အိန္ဒိယ ပြန်ရောက်သောအခါ ထုဆစ်ရန် ကျောက်တုံးကိုရှာပြီး ထုဆစ်ထားမည့် ပုဂ္ဂိုလ်ပုံရိပ်ကို ရွှေးချယ်လေ၏။ ထိုအခါ ပြည်နယ်ဝန်ကြီးသည် ဂေါတမဗုဒ္ဓ၏ ရုပ်တုကို ထုဆစ်ရန် ရွှေးချယ်လိုက်သည်။ အကြောင်းမှာ- ဂေါတမဗုဒ္ဓသည် လူသားတို့အတွက် ပြည့်စုံသည့် အမှန်တရားကို ဖော်ထုတ်ပြခဲ့ပြီး လူကိုအဓိကထားသူ (လူသားချင်းစာနာတတ် သူ)  ဖြစ်သောကြောင့် ရွေးချယ်ရသည်ဟူ၏။ 

       ထိုရပ်တော်မူ ရုပ်ပွားတော်မြတ်ကို The Buddha Statue ဟု ကမ္ဗည်းထိုးထား သည်။ ရုပ်ပွားတော်၏ ဥာဏ်တော်အမြင့်မှာ (၁၇)မီတာမြင့်ပြီး အလေးချိန် တန်(၃၂၀) လေး၏။ ထိုရုပ်ပွားတော်မြတ်ကို ထုဆစ်ရန်အတွက် ကျောက်တုံးကို Raigiri မှ ဟိုက်ဒရာဘတ်မြို့သို့ (၆၆) ကီလိုမီတာ အကွားအဝေးကို ဖြတ်ကျော်ပြီး သယ်ဆောင်ခဲ့ရ၏။ ၁၉၉၂-ခုနှစ် ဒီဇင်ဘာ တစ်ရက်နေ့တွင် ဟူစိန်သာဂရ ရေလည်ကျွန်း၌ ယင်းရုပ်ပွားတော်မြတ်ကို တည်ထားကိုးကွယ်ပူဇော်နိုင်ခဲ့ပေ၏။ အိန္ဒိယရှိ ကျောက်ဖြင့် ထုဆစ်သော ရုပ်ပွားတော်တို့တွင် အကြီးဆုံး ရုပ်ပွားတော်ဖြစ်ပေ၏။ ဤကား ဘုရားရင်ပြင်ရှိ ကျောက်ပြားတွင်ထိုးထားသည့် စာအတိုင်း ရေးလိုက်ခြင်းဖြစ်သည်။ 

      အချို့အင်တာနက် ဆောင်းပါးတို့တွင် ၁၉၈၈-ခုနှစ် နိုဝင်ဘာလက ဟိုင်ဒရာဘတ် သို့ သယ်ဆောင်ခဲ့သည်ဟု ဖတ်ရသည်။ ဆောင်းပါးတို့တွင် ရုပ်ပွားတော် ကြီး၏ ဥာဏ်တော်အမြင့်၊ အလေးချိန်၊ ထုဆစ်သည့် ရက်စွဲ နှင့် တည်ထားသည့် ရက်စွဲတို့ကို ရေးသားထားသည်မှာ အနည်းငယ်တော့ ကွဲပြားကြသည်။ အချို့က ကမ္ဘာတွင်ဥာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်ဟု အမွမ်းတင် ရေးသားထားကြသည်။ တကယ်တော့ ကမ္ဘာ့ဥာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် (၁၀) ဆူတို့တွင် ဟိုက်ဒရာဘတ် ရုပ်ပွားတော်မြတ် မပါပေ။ ကမ္ဘာ့ဥာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်မှာ တရုတ်နိုင်ငံရှိ Spring temple Buddha ဖြစ်ပြီး ဥာဏ်တော်အမြင့် (၁၂၈) မီတာ (ပေအားဖြင့် ၄၂၀ -ပေ) မြင့်ပေ၏။ ဒုတိယမြောက် ဥာဏ်တော် အမြင့်ဆုံး ရုပ်ပွားတော်မှာ မြန်မာနိုင်ငံ၊ မုံရွာမြို့ရှိ လေးကျွန်းစကြာ ရပ်တော်မူ ရုပ်ပွားတော်ဖြစ်ပြီး ဥာဏ်တော်အမြင့် (၁၁၆) မီတာ(ပေအားဖြင့်၃၈၁-ပေ) မြင့်သည်ဟု သိရပေ၏။ 

      ဇွန်လ(၁၀)ရက်နေ ညနေ ၂-နာရီခွဲ ရထားဖြင့် ပုနေးသို့ ခရီးဆက်မည်ဖြစ်၍ ဟိုက်ဒရာဘတ်မြို့တွင် လေ့လာရန် တစ်မနက်လုံး အချိန်ရနေပေ၏။ လေ့လာစရာနေရာ များပြားသော မြို့ဖြစ်သော်လည်း အခြားနေရာတို့ကို စိတ်မ၀င်စားပေ။ အများစုနေရာတို့မှာ မူဆလင်သမိုင်းကြောင်းနှင့် ဆက်စပ်နေပေ၏။ ဘာသာရေးစိတ်ဓာတ် အစွန်းရောက်ခြင်း မဟုတ်သော်လည်း သွားရောက် လေ့လာလိုစိတ်မရှိပေ။ အချိန်ရခိုက် ပြတိုက်တစ်ခုကို လေ့လာရန် စိတ်ကူးမိ၏။ ထိုကြောင့် နာမည်ကြီး Salar jung ပြတိုက်ကို သွားရောက်လေ့လာဖြစ်သည်။ ထိုပြတိုက်သည် လေးထပ် အဆောက်အအုံဖြစ်ပြီး အလွန်ပင် ကြီးကျယ် ခမ်းနားသော ပြတိုက်ကြီးဖြစ်၏။

         ၁၉၅၁-ခုနှစ် ဒီဇင်ဘာ ၁၆-ရက်နေ့က တည်ထောင်ထားခဲ့ ပြီး အိန္ဒိယ ၀န်ကြီးချုပ် ပဏ္ဍိတ် ဂျဝါဟလာ နေရှုး ကိုယ်တိုင် ဖွင့်ပေးခဲ့သည်ဟု ဖတ်ရသည်။ ပြတိုက်အတွင်း တည်ထောင်ခဲ့သူ၊ စောက်ရှောက်ခဲ့သူတို့၏ ဓာတ်ပုံတို့ကို ချိတ်ဆွဲထားပြီး သူ့ပြခန်းနှင့် သူ သေသပ်စွာ ပြသထားသည်။ ပြတိုက်အတွင်း ရှေးဟောင်း ရုပ်ပွားများ၊ ဓား သေနပ်လက်နက်များ၊ ရှေးခေတ် ပန်းချီ ပန်းပုလက်ရာများ၊ ရှေးခေတ် စစ်ချီဟန် ရုပ်ကြွများ၊ ဆင်စွယ်တို့ဖြင့် ထုပ်ဆစ်ထားသောလက်ရာများနှင့် ကျောက်မြက်ရတနာ စသည်တို့ကို လေ့လာနိုင် ပေ သည်။ သုတေသန လုပ်လိုသူများ အချိန်ပေးကာ လေ့လာသင့်သော ပြတိုက်ကြီး ဖြစ်ပေ၏။ ရုပ်မြင်ဖန်သားပြင်ဖြင့် ဟောခန်းတစ်ခုကို ဖန်တီးထားပြီး ပြတိုက်အတွင်းရှိ လေ့လာစရာအားလုံးတို့ကို ဗီဒိယိုဖြင့် ရှင်းလင်းပြသနေပေ၏။
                                         ပြတိုက်အတွင်းက အများစိတ်ဝင်စားသည့် နာရီ

          ကျွန်ုပ် ပြတိုက်အတွင်းကို ၀င်သောအခါ လက်မှတ်စောင့်က နိုင်ငံခြားသားဖြစ်၍ ရှုပီး (၁၅၀) ပေးရန် တောင်း၏။ မြန်မာဖြစ်၍ အိန္ဒိယနိုင်ငံသားများကဲ့သို့ (၂၀) ရှုပီးသာ ပေးရမည်ဟု ရှင်းပြသောအခါ ထိုလက်မှတ်စောင့်က နားမလည်သဖြင့် အထက်လူကြီးကို မေးလေ၏။ ထိုအခါမှ အရှေ့တောင်အာရှနှင့် တောင်အာရှဝင် နိုင်ငံသားတစ်ယောက်ဟု နားလည်ပြီး ရှုပီး(၂၀)ဖြင့် ၀င်ခွင့်ရ၏။ ကင်မရာ ရိုက်ခွင့်မပေးသဖြင့် အတွင်းသို့ ကင်မရာ မယူရပေ။

     လေ့လာစရာများပြားသော်လည်း ကျွန်ုပ်ရင်သို့ ထိမှန်သော ပစ္စည်းမှာ ဆင်စွယ်ဖြင့် ထုဆစ်ထားသော မြန်မာမှုလက်ရာ ပန်းပုရုပ်ထုတို့ပင်ဖြစ်သည်။ ဆင်စွယ်အစစ်ဖြင့် တိုက်ပုံဝတ်ထားသော မြန်မာ အမျိုးသား၊ ပုသိမ်ထီးဆောင်းထားသော မြန်မာအမျိုးသမီး၊ စစ်သည်တော် ပုံ၊ လှည်းယာဉ်ကလေးဖြင့် သွားနေကြသော သတိုးသား၊ သတိုးသမီးအတွဲ၊ ဆံထုံးဖြင့် ကချေသည်တစ်ဦး၏ ပုံတို့ကို ထုဆစ်ထားသည်။ မြန်မာမှုလက်ရာ တန်ဘိုးကြီး ရတနာ ဆင်စွယ်အစစ်ဖြစ်သော် လည်း ဒေါ်လာမျက်နှာဖြင့် ဤပြတိုက်သို့ ရောက်နေခဲ့ဟန် တူသည်။ မြန်မာပြည်ဖြစ်ကလေးမို့ ဓာတ်ပုံ ရိုက်ခွင့်မပေးသော်လည်း အမှတ်တရ ရိုက်ချင်လှသည်။ ထိုကြောင့် အစောင့်၏ အလစ်တွင် ပါလာသော ဟန်းဆက်ဖြင့် ဖြတ်ကနဲ ရိုက်ယူခဲ့၏။ အစောင့်ကုလားက သိပြီး အော်ငေါက်ကာ ကျန်ခဲ့လေ၏။

                           မြန်မာမှုလက်ရာ ဆင်စွယ်ဖြင့်ပြုလုပ်ထားသော ပန်းပုများ

          အခြား စိတ်ဝင်စားစရာ ကောင်းသည့်အရာမှာ နာရီကြီး ဖြစ်၏။ ထိုနာရီကြီးမှာ မြန်မာနိုင်ငံရှိ အိမ်များတွင်မြင်ရသည့် နံရံကပ် နာရီကြီးကဲ့သို့ ဖြစ်သည်။ ကျွန်ုပ်အတွက် မြင်နေကြ နာရီဖြစ်၍ စိတ်မ၀င်စားပေ။ သို့သော် လာရောက်လေ့လာသူများက အထူးစိတ် ၀င်စားကာ လေ့လာကြသည်။ ယင်းနာရီကြီးနှင့် ပတ်သက်၍ ရောက်ဘူးသူတို့ ပြောပြခြင်းကြောင့် သိရသည်မှာ နာရီထိုးလျှင် နာရီထိပ်ပိုင်းရှိ မုတ်ဆိတ်မွေး ဖားဖားနှင့် ကုလားတစ်ယောက် ထွတ်လာပြီး လက်ကိုင်တုတ်ဗုသီးကို ကိုင်ကာ ခေါင်းလောင်းကို ထိုးလေ၏။ ဥပမာ- (၁၀)နာရီဆိုလျှင် (၁၀) ချက်တိတိ ခေါင်းလောင်းကို ထိုးလေ၏။ ထိုကြောင့် ကုလားနှစ်ယောက်၏ ဖောင်းကြွ ပုံတို့ကို နာရီအတွင်း ထိပ်ပိုင်းတွင် တွေ့ရလေ၏။ အင်တာနက်မှ ပြန်ရှာကြည့်သောအခါတွင်လည်း ယင်းကဲ့သို့ နာရီထိုးဟန်တို့ကို ပြသထားလေ၏။
                                    မုတ်ဆီးဖွားဖွားဖြင့် ကုလားကြီးက နာရီထိုးနေစဉ်
          နေ့လည် ၂-နာရီခွဲတွင် ဟိုက်ဒရာဘတ်မှ ပုနေးသို့ ခရီးဆက်ခဲ့ပါသည်။ ရထားစီးချိန် (၉) နာရီနီးပါး ကြာခဲ့သည်။ အိပ်စဉ်ဖြင့် မဟုတ်ဘဲ ဆိုဖာထိုင်ခုံဖြင့် စီးလိုက်ရသော ရထားမို့ ပို၍ သက်သာသလို ရှိသည်။ 
     အိန္ဒိယကို ဖြတ်ကျော်ပြီးပါက ကမ္ဘာသည် ပေါင်မုန်တစ်ချပ် ဖြစ်လေပြီဟူသော စကားကို မှတ်ခဲ့ဘူးသည်။ ပြောခဲ့သူသည် မည်သည့် အဓိပ္ပါယ်ဖြင့် ပြောခဲ့သည်ဟု မသိသော်လည်း ကျွန်ုပ်ကတော့ အိန္ဒိယတွင် ခရီးသွားရတိုင်း ယင်းစကားကို အမှတ်ရမိသည်။ အိန္ဒိယတွင် ရထား၊ ကားတို့ဖြင့် ခရီးသွားရသည်မှာ လွန်စွာ ပင်ပန်းသလို ရှိသည်။ ရထားတို့တွင် အထူးတန်း ထိုင်ခုံရပါက သက်သာသော်လည်း ရိုးရိုးတန်းဖြစ်ပါက လူပေါင်းစုံတက်စီးကြကာ စည်းကမ်းမဲ့လွန်းသည်။ သုံးစွဲသူ အဆင့်နိမ့်သဖြင့် အိမ်သာတို့သည်လည်း ညစ်ပတ်သည်။ ကားဖြင့် သွားရလျှင်လည်း လူဦးရေထုထပ်လွန်းသောကြောင့် အမြဲပင် ပိတ်ဆို့နေလေ၏။ မြို့ အများစုတွင် သန့်ရှင်းမှု နည်းပါးပြီး လေကောင်းလေသန့် မရရှိပေ။ ထိုကြောင့် အိန္ဒိယကို ဖြတ်ကျော်ပြီးသူတိုင်း ကမ္ဘာသည် ပေါင်မုန့်တစ်ချပ်ဖြစ်နိုင်ပေ၏။ 

      ခုတော့ ဟိုက်ဒရာဘတ်မြို့သည် ကျွန်ုပ် အတွက် သူစိမ်းဆန်ဆန် ဖြစ် မနေတော့ပါ။ မြတ်ဗုဒ္ဓဆင်းတုတော်မြတ်သည် မြို့၏ အထင်ကရနေရာတွင် ထီးထီးမာမား သပ္ပါယ်နေ သဖြင့် ဖခင်ရှိနေသော မြို့ကဲ့သို့ နွေးထွေးစွာ ခံစားမိသည်။ အခွင့်ရေးပေးလျှင် အဖေရှိနေသော ဟိုက်ဒရာဘတ်မြို့သို့ နောက်ထပ်တစ်ဖန် အလည်ရောက်ချင်ပါ သေးသည်။ 

သိမ်မွေ့ဦး (BHU)
 (၂၀-၀၇-၁၃)

No comments:

Post a Comment