ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

29/07/2013

ဒီနေ့ တွေးမိတွေးရာ (၅)

1. စီးဆင်း ရင်ခွင် | 7/29/2013 | 2. 3. 4. 5. 6. Best Blogger Tips
                                            မဟာဗောဓိမြိုင်ဆရာတော်ကြီး
     “ကိုရင်ရေ.. ငါကတော့ ခုချိန်ထိလဲ ပိဋကတ်စာပေတွေကို သင်ယူလေ့လာနေတုံး ဆိုတော့ အထူးအဆန်းတွေ လုပ်လာတာမြင်ရင် အထင်မကြီးတတ်ဘူး။ စာထဲပါတဲ့ ရဟန္တာတွေလဲ တစ်ပါးမှ အထူးအဆန်းထွင်ခဲ့ကြတာမဟုတ်ဘူး။ ဒါကြောင့်လဲ အထူးအဆန်းတွေ လုပ်လာတဲ့သူဆိုရင် အထင်ကိုမကြီးတတ်တာ။ တကယ့် အစစ်အမှန်ဆိုရင်လဲ ဖူးလိုက်ရမှာ မဟုတ်ဘူး။”

 

          ကိုယ် ခပ်ငယ်ငယ် ကိုရင်ဘ၀က ကိုယ်တို့ တောမြို့နယ်လေးမှာ သဲဆွမ်းစားကိုယ် တော်လေး တစ်ပါး ကြွလာပြီး အုပ်အော်သောင်းနင်း ဖြစ်ခဲ့ဘူးတယ်။ အဓိဋ္ဌာန်ကျင့် သဲဆွမ်းစားတဲ့ သာသနာပြု ကိုယ်တော်လေးတဲ့။ ကြည်ညိုလိုက်ကြတာ။ အထူးသဖြင့်တော့ အမျိုးသမီးတွေ ကဲကဲလှုပ် ကြည်ညိုကြတာပေါ့၊ ကိုယ်လဲ အဲဒီအချိန်က သာမဏေကျော် စာမေးပွဲအတွက် ပါဠိတော်တွေ စပြီး သင်ယူခွင့်ရနေပြီမို့ ဒါမျိုးတွေကို အထင်ကြီးတတ်တာ မဟုတ်ဘူး။ ဒါနဲ့ သီလ၊ သမာဓိ၊ ပညာ ပြည့်ဝတဲ့ ဆရာတော်ကြီး တစ်ပါးကို သွားလျှောက်ကာ မေးမြန်းခဲ့ဘူးတယ်။ ဆရာတော်ကြီးက အထက်ပါ စကားကို မိန့်ခဲ့ပြီး သူရဲ့ အယူအဆကို ပြောပြခဲ့တယ်။ နောက်တော့ အစစ်အမှန်မဟုတ်တဲ့ အဲ့ဒီ သဲဆွမ်းစားကိုယ်တော်လေးလဲ အဖမ်းခံသွားရတယ်လို့ ကြားလိုက်တယ်။ ဘယ်လိုဖြစ်သွားမှန်း မသိခဲ့ပေမဲ့ အဲဒီကိုယ်တော်လေးကတော့ ကိုယ်တို့ မြို့နယ်ကို နောက်ထပ် ပေါ်မလာခဲ့တော့ဘူး။ 

      ခုလဲ ဒီနေ့ ဖေ့ဘွတ်မှာ မြင်ရတဲ့ ဓာတ်ပုံတွေက လူတွေကို ငြင်းခုံစေပြီး အကုသိုလ်တွေကို ပွားစေတယ်။ ဒီခေတ်လူတွေက ပွင့်လင်းတဲ့ အတွေးအခေါ်တွေနဲ့ သိပ်ကို တွေးတတ်လာကြပြီ။ အရင်ကလို မျက်စိပိတ် နားပိတ်နဲ့ ယုံကြည်တတ် ကြတော့တာ မဟုတ်ဘူးလေ။ ဒီဓာတ်ပုံတွေကို စမြင်မိတာက ဖေ့ဘွတ် မိတ်ဆွေအကောင့်တွေထဲက ထိုင်းကိုယ်တော်တွေရဲ့ အကောင့်တွေ ကနေ တွေ့ခဲ့တာပါ။ အဲဒီဘုန်းကြီးက ခေါင်းပေါ်မှာ ရသေ့တွေလို ဒေါက်ချာကြီးလဲ ဆောင်းထားတယ်။ ဆံပင်ကလဲ အရှည်ကြီး၊ သင်္ကန်းအညိုရောင်ကို ၀တ်ထားပြီး ၂၄- ပစ္စည်းပါ ယပ်တောင်ကိုလဲ ကိုင်ထားတယ်။ ထိုင်းကိုယ်တော်တွေ တင်ကြတာမို့ သူတို့ထိုင်းနိုင်ငံက နာမည်ကြီး ရသေ့ဘိုးတော်တစ်ပါးရဲ့ ဓာတ်ပုံတွေ ဖြစ်မယ်လို့ ထင်ခဲ့မိတယ်။

         နောက်တော့ အဲဒီဓာတ်ပုံတွေကို မြန်မာတွေကပါ ဖြန့်လာကြတယ်။ အဲဒီအခါမှ သိတော့တာ။ အဲ့ဒီဘုန်းကြီးက ရှမ်းပြည်နယ်က မိုင်းဖုန်းဆရာတော်တဲ့။ ၃-နှစ် ၃-လ ၃-ရက် တိတိ ဂူအောင်းပြီး အဓိဌာန်ကျင့်မယ်တဲ့။ ၃-နှစ်ပြည့်ပြီးလို့ ခဏ အပြင်ထွတ် အပူဇော်ခံတာတဲ့။ ဆရာတော်ရဲ့ သီလ၊ သမာဓိ၊ ပညာကို ဦးခိုက်ပါတယ်။ သို့ပေမဲ့ ထေရ၀ါဒစစ်စစ် ဖြစ်တဲ့ မြန်မာပြည်မှာ ဘာဖြစ်လို့ ရသေ့တွေလို ခေါင်းဆောင်း အရှည်ကြီးကို ဆောင်းထားရတာလဲ။ မြတ်စွာဘုရားက ဆံပင်ကို နှစ်လ( သို့မဟုတ်) လက်နှစ်သစ်ရှည်ထားဖို့ ခွင့်ပြုခဲ့တာပဲ၊(၀ိနည်း-စူဠ၀ါပါဠိ နှာ-၂၃၉)၊ ဘာဖြစ်လို့ မရိတ်ဘဲ အရှည်ကြီး ထားပြီး ဆံကျစ်ထုံးထားရတာလဲ၊ ဂူအောင်းနေလို့ အချိန်မရဘူးဘဲ ထားပါ။ ဂူအပြင်ထွတ်ပြီး အကြည်ညိုမခံရင် ခေါင်းရိပ်ဖို့ အချိန် (၃)မိနစ်လောက်တောင် မရတော့ဘူးလား။ ဆရာတော်ရဲ့ အသွင်အပြင်ဟာ အများအတွက် တကယ့်ကို ပြောစရာဖြစ်ပါတယ်။
                                                       မိုင်းဖုန်းဆရာတော်
        အဲဒီပုံတွေရဲ့အောက်မှာ လူတွေက အမျိုးမျိုး ကွန်မန့်တွေ ပေးကြတယ်။ ဆရာတော်ကို ကြည်ညိုတဲ့သူတွေကလဲ ခပ်ရိုင်းရိုင်း ပြန်ရေးကြတယ်။ စာပေတတ်ကျွမ်းပြီး ပရိယတ်ကို တကယ်လုပ်နေတဲ့ ဆရာတော်အချို့ကလဲ သတိ ပညာနှင့် စူးစမ်းဆင်ခြင်ကြဖို့ သတိပေး စကား ရေးကြတယ်။ ကြည်ညိုသူတွေကလဲ ဆတ်ဆတ်ထိမခံ ပြန်ရေးတယ်။ ဂူ(၃)နှစ်အောင်းပြီး ထွတ်လာတာ၊ ဆံပင်ရိတ်ဖို့ အချိန်မရဘူး။ ဖေ့ဘွတ် (၃)နှစ်ထိုင်သုံးပြီး ထွတ်လာတာ မဟုတ်ဘူးတဲ့။ အော်- ကိုယ်တော့ သူတို့ရဲ့ ဥာဏ်တွေကို လိုက်မမှီတော့ဘူး။ အဂုင်္တ္တိုရ်ထဲမှာ ဘုရားဟောထားတဲ့ ပုဂ္ဂိုလ်စွဲ ကြည်ညိုခြင်းရဲ့ အပြစ်ငါးပါးဆိုတာကိုပဲ သတိရမိတော့တယ်။ 

       မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ပုံတော်တွေများ ဘယ်အချိန်ပဲ ရိုက်ယူခဲ့။ ဖေ့ဘွတ်ကို တင်လာခဲ့။ ကြည်ညိုစရာ အပြည့်၊ ပြောစရာ ဘာအပြစ်မှကို မရှိတာ။ သင်္ကန်းကို ညီညာစွာရမ်းလို့၊ မျက်လွှာလေး ချလို့၊ သမဏရဲ့ အသွင်အပြင်က ဘာတစ်ခုမှကို မပျောက်တာ။ ဆရာတော်ရဲ့ ပုံတော်အောက်မှာ ကွန်မန့်တွေ ရေးလိုက်ကြတာလဲ ကြည်နူးစရာချည်း၊ အပြစ်ပြောသူရယ်လို့ တစ်ယောက်မှကို မရှိတာ၊ ခုလဲ မိုင်းဖုန်းဆရာတော်ရဲ့ ဓာတ်ပုံတွေမှာ နလပိန်းတုံး ပြန်ငြင်းနေကြမဲ့အစား အဲဒီလိုလေးတွေ ပြုပြင်လိုက်ရင် ဘယ်လောက်ကောင်းလိုက်လေမလဲ။ 

       ကိုယ်တော့ မိုင်းဖုန်းဆရာတော်ကို တစ်ကြိမ်ဖူးခဲ့ဘူးတယ်။ ၂၀၀၈-ခုနှစ်က ထင်ပါတယ်။ ဗုဒ္ဓဂယာက ရှမ်းကျောင်းရေစက်ချကို ကြွလာတာပါ။ တိပိဋကချတ်တင်းပွဲ အချိန်မို့ ဗောဓိပင်အောက်မှာ တရားတစ်ပွဲဟောတယ်။ ဆရာတော်က ရှမ်းဘာသာဖြင့် ဟောပြီး ဒေါက်တာဓမ္မသာမိ(ရှမ်း) က အင်္ဂလိပ်ဘာသာပြန်ပေးတာပါ။ ကိုယ်လဲ ရှမ်းဆရာတော်ကြီးတစ်ပါး တရားဟောမယ်လို့ သိရတာကြောင့် တရားနာဖြစ်တယ်။ တရားဟောတဲ့ ဆရာတော်လိပ်စာကို ထိုင်းနိုင်ငံလိပ်စာတပ်ပြီး ထိုင်းဘုန်းကြီးအမည်နှင့် ကြေငြာကာ ဟောသွားတယ်။ မှတ်မှတ်ရရ တရားနာသူတွေထဲမှာ ထိုင်းတစ်ယောက်မှ မပါဘူး။ ရှမ်းကျောင်းရေစက်ချလာတဲ့ ရှမ်းလူမျိုးများနှင့် ဘုရားဖူးလာရောက်ကြတဲ့ မြန်မာတွေ ချည်းပဲ။ ဆရာတော်က ပုတီးကြီးတစ်ကုန်းကို လည်းပင်းမှာ ပတ်ထားပြီး အညိုရောင် သင်္ကန်းကို ၀တ်ထားပါတယ်။ ထိုင်းဘုန်းကြီးတွေလို အပြင်ကနေ ခါးပတ်ထားတယ်။ 

      အဲဒီအချိန်က ကိုယ်တော့ တရားနာရင်း တွေးမိခဲ့သေးတယ် ။ ဆရာတော်အနေနဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ဂုဏ်တက်အောင် ရှမ်းပြည်လိပ်စာလေးတပ်ပြီး ဟောရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ ဒီလိုဆိုရင် တရားနာသူတွေကလည်း မြန်မာတွေချည်းဆိုတော့ အားလုံးပဲ ကျေနပ်ကြမှာ။ ခုတော့ ဟောတာက ရှမ်းဘုန်းကြီး၊ နာယူတာက မြန်မာတွေ၊ နှိုးဆော်ထားတဲ့ လိပ်စာက ထိုင်းနိုင်ငံက ထိုင်းဘုန်းကြီး၊ နာယူသူ ပရိသတ်တွေထဲ ထိုင်းတွေ တစ်ယောက်မပါခဲ့ပေ။ တစ်မျိုးတော့ တစ်မျိုးပါပဲ။ 

         ကိုယ်တော့ တွေးမိတာလေးကို ရေးချလိုက်တာပါ၊ မနာလိုစိတ် လုံးဝ မရှိပါဘူး။ ဆရာတော်ရဲ့ သီလ၊ သမာဓိ၊ ပညာကိုလဲ မစော်ကားပါဘူး။ အသွင်အပြင်ကတော့ တကယ့်ကို ပြုပြင်သင့်တာပါ။ ငယ်ငယ်ကတော့ ဆရာတော်ကြီးတစ်ပါး ပြောခဲ့တာကိုပဲ သတိရမိတယ်။

     “အထူးအဆန်းထွင်ရင် အထင်မကြီးတတ်ဘူး။ တကယ့်စစ်မှန်ရင်လဲ ဖူးခွင့်ရလိုက်မှာ မဟုတ်ဘူး”တဲ့။ 

သိမ်မွေ့ဦး (BHU)
 (၂၀-၀၇-၁၃)

No comments:

Post a Comment