“ကိုရင် နာမည်ကို နိပုဏ လို့ မှတ်ထား။ မှတ်မိလား ကိုရင်။ နိပုဏ ဆိုတာ သိမ်မွေ့တယ် လို့ အဓိပ္ပါယ်ရတယ်။ တစ်ခြား ပညာရှိ၊ နိဗ္ဗာန် ဆိုတဲ့ အနက်တွေလဲ ရှိသေးတယ်ကွဲ့။ ဒါပေမယ့် ကိုရင်ရဲ့ နေပုံ ထိုင်ပုံက သိမ်သိမ်မွေ့မွေ့ရှိတော့ နိပုဏလို မှည့်ပေးတာ။”
ငယ်စဉ် ၁၁ -နှစ် အရွယ် သင်္ကန်းစစည်းစဉ်က ဆရာ ဘုန်းတော်ကြီး ဘွဲ့နာမည်ပေးခဲ့သော ရက်ကလေးကို ပြန်လည်၍ သတိရမိပေသည်။ မိမိတို့၏ ရွာဓလေ့မှာ သင်္ကန်းခဏ၀တ်သော ကိုရင်များကို ဘွဲ့နာမည်ပေးလေ့ မရှိပေ။ ၀ါဆိုသော ကိုရင်များကိုသာ ၀ါဆိုလပြည့်နေ့ည၌ ဆရာဘုန်းတော်ကြီးက သြ၀ါဒ ပေးပြီး အသီးသီး၏ ဘွဲ့နာမည်တို့ကို ချီးမြှင့်လေ့ရှိသည်။
လပြည့်နေ့ညဖြစ်၍ ငွေလမင်းကြီး ထိန်ထိန်သာနေသကဲ့သို့ ပထမ၀ါ ဆိုရတော့မည်ဟူသော အသိဖြင့် သာသနာဘောင် တက်သက်စ မိမိတို့သည်လည်း ပျော်ရွှင် တက်ကြွလျက်ရှိသည်။ ထိုအချိန် ဆရာဘုန်းတော်ကြီးက တစ်ပါးခြင်း၏ ဘွဲ့နာမတို့ကို မိန့်ကြားရာတွင် မိမိအလှည့်ရောက်သောအခါ အထက်ပါ စကားကို မိန့်ကြားလေသည်။
ဆရာ ဘုန်းတော်ကြီးဆိုလိုသော ဘွဲ့နာမည်၏ အဓိပ္ပါယ်ကို လေးနက်စွာ သဘောမပေါက်ခဲ့သော်လည်း ဘွဲ့နာမည် ရသဖြင့် အပျော်ကြီး ပျော်ခဲ့ရသည်။ သြ၀ါဒပေးပြီးသောအခါ ဘုန်းတော်ကြီးကို လျှောက်ပြီး သင်္ကန်းရုံကာ အိမ်သို့ ပြေးတော့သည်။ အိမ်သို့ ရောက်လျှင် ရောက်ခြင်း ဖခင်ကြီးအား မိမိ၏ဘွဲ့နာမည်ကို ထုပ်ကြွားလေ၏။ ကိုရင် ဘွဲ့နာမည်က ကောင်းလှပါလား- ဟု ဖခင်ကြီးက ချီးမွမ်းပြီး ၀ါဆိုသင်္ကန်း အကောင်းစားတစ်စုံ ၀ယ်ကပ်မယ်ဟု လျှောက်ထားကာ နောက်ရက်တွင် ဂျင်းသင်္ကန်းတစ်စုံ ၀ယ်လှူ၏။ ထိုအချိန်က အကောင်းဆုံးအမျိုးအစား သင်္ကန်းရ၍ ကျေနပ်ခဲ့ရသည်။
တကယ်တော့ မိမိအနေဖြင့် ၈၈-အရေးအခင်း ကျောင်းတွေပိတ်၍သာ ဘုန်းကြီးကျောင်းသို့ ရောက်လာခြင်းဖြစ်သည်။ သင်္ကန်းဝတ်ကာနေပြီး ၀ါဆိုဖို့ စိတ်ကူးမရှိပေ။ သူငယ်ချင်းများ အားလုံး ဘုန်းကြီးကျောင်းနေကြ၍ ဆော့စရာ အဖော်မက်ကာ ဘုန်းကြီးကျောင်းသို့ ရောက်လာသည်ဟု ဆိုက ပို၍ မှန်ကန်ပေမည်။ ကိုရင်ဘ၀ရောက်တော့လည်း စာကျက်လိုက်၊ ကစားလိုက်၊ အဆုံးအမ နာယူလိုက်ဖြင့် အပျော်ကြီး ပျော်နေလေတော့၏။
ကျောင်းတွေ ပြန်ဖွင့်တော့ ၀ါတွင်းကာလဖြစ်၏။ စာသင်ကျောင်း ဆက်တက် မတက် စဉ်းစားရတော့၏။ ဖခင်ကြီးကား မိမိသည် သားဦးဖြစ်၍ သာသနာ့ဘောင်တွင် မနေစေချင်။ စာသင်ကျောင်းထားပြီး လယ်ယာလုပ်ငန်း အလုပ်တွင် ကူညီစေချင်၏။ မိခင်ကြီး ကား အေးအေးဆေးဆေး နေသူဖြစ်၍ ပျော်ရင်နေ မပျော်ရင် ထွတ်ခဲ့ဟူ၏။ သံယောဇဉ်ကြီးရှာသော အဒေါ်ကတော့ လူထွတ်စေချင်၏။ ‘ တစ်သက်လုံး မနေနိုင်ဘဲ အသက်ကြီးမှ ထွတ်ခဲ့ရင် ကိုရင် လူထွတ် ပေါ့ပြက်ပြက် ဆိုပြီး ဘာမလုပ်တတ် ညာမလုပ်တတ်ဖြစ်နေမယ်။ သူငယ် ချင်းတွေ မြို့မှာ ကျောင်းသွားတက်နေရတာကို လယ်ကွင်းထဲက လှမ်းကြည့်ပြီး နောင်တရနေမယ်။ ထွတ်ခဲ့’ ဟု ပြောရှာသည်။ သူငယ်ချင်းများကလည်း စာသင်ကျောင်း နေဖို့ လာခေါ်ကြသည်။
ကလေးဘ၀ တိကျစွာ မဆုံးဖြတ်နိုင်ခဲ့သော်လည်း ဆိုနေဆဲ ၀ါလေး တစ်ဝါတော့ ရသွားချင်သည်။ ထိုအချိန်က အထူးသဖြင့် သူငယ်ချင်းများနှင့် ကစားရသည်တို့ကို သတိရပြီး ၀ါကျွတ်လျှင် လူထွတ်ပြီး စာသင်ကျောင်းပြန်နေမည်ဟု ဆုံးဖြတ်ခဲ့သည်။ မိမိတို့ရွာတွင် သင်္ကန်းဝတ်ဖြင့် စာသင်ကျောင်းနေလေ့ မရှိပေ။ ထိုကြောင့်လဲ သင်္ကန်းဝတ်ဖြင့် ဆက်နေမည်လား၊ လူဝတ်လဲပြီး စာသင်ကျောင်းဆက်နေမည်လား ဟူသော လမ်းနှစ်သွယ်တွင် တစ်လမ်းကို ရွှေးချယ်ရခြင်းဖြစ်သည်။
သင်္ကန်းဝတ်ဖြင့် နေရမည့်ကံ ပါခဲ့သည်ထင်သည်။ ၀ါကျွတ်သောအခါ မိမိ၏ အခင်ဆုံး သူငယ်ချင်းနှစ်ယောက် စာသင်ကျောင်းကြေး ဈေးကြီးလို့ ဆိုကာ ကျောင်းထွတ်ကြ၏။ သူတို့ မရှိက မိမိသည်လည်း စာသင်ကျောင်း နေချင်စိတ် မရှိတော့ပေ။ ထိုကြောင့် သင်္ကန်းဝတ်ဖြင့် ဆက်နေရန် ဆုံးဖြတ်ခဲ့တော့သည်။
ထိုစဉ်အတွင်း ဂန့်ဂေါမြို့တွင် နေသော အကိုဝမ်းကွဲ ဦးဇင်း တစ်ပါး ရွာသို့ အလည်ရောက်လာသည်။ ညီတောင်မောင် သာသနာဘောင်မြဲစေရန်အတွက် ဂန့်ဂေါသို့ ခေါ်သွားကာ စာသင်တိုက်တစ်တိုက်တွင် ထားမည်ဟူ၏။ ဖခင်ကြီးကလည်း အကို လာခေါ်သဖြင့် စိတ်ချကာ လိုက်စေလို၏။ ဆရာဘုန်းကြီး၏ ဆန္ဒက ရွာတွင် ၂-၀ါလောက်နေစေကာ အခြေခံစာသင်ပြီး သင့်တော်မည့် မြို့ စာသင်တိုက်တစ်တိုက် ပို့ပေးချင်သည်။ မိမိကား ထို့သို့မဟုတ်ပေ။ မြို့တွင် မနေဘူးသဖြင့် အကိုခေါ်သောမြို့စာသင်တိုက်သို့သာ လိုက်မည် တကဲကဲဖြစ်နေတော့၏။
နောက်ဆုံး ဆရာ ဘုန်းတော်ကြီးက ဂန့်ဂေါတွင် စာသင်တိုက် ကောင်းကောင်း မရှိသေးဟု ဆိုကာ မြို့တွင် နေချင်သော တပည့်ဆန္ဒကိုလည်း မတားမြစ် မပိတ်ပင်မူ၍ ကလေးမြို့၊ မဟာ ၀ိသုဒ္ဓါရုံတိုက်သစ်သို့ ပို့ပေးခဲ့တော့သည်။ ကလေးမြို့ရောက်တော့ မိမိလို အရွယ်တူ ကိုရင်များအတူ ပညာသင်ကြားရင်း အခြေပြုမူလတန်းကို မြို့နယ်တတိယဖြင့် အောင်မြင်ခဲ့သည်။ မြို့နယ်ပထမရသူနှင့် ဒုတိယရသူမှာ အသက် ၂၀ နှင့် ၁၈ နှစ်ဖြစ်ပြီး မိမိကား ၁၂-နှစ်ဖြစ်၍ အများချီးမွမ်းခြင်းကို ခံခဲ့ရသည်။ ကမ္ဗည်းမတင်လောက် လောက်သော မှတ်တမ်းဖြစ်သော်လည်း ခုအချိန် ပြန်တွေးမိသောအခါ သတိရသလို လွမ်းဆွေးချင်သလို အမည်မဖော်တတ်သော ခံစားမှုတစ်ခုတော့ ဖြစ်ရသည်။
ယခုတော့ ကျေးဇူးကြီးမားလှသော ရွာဦး ဆရာဘုန်းတော်ကြီးသည် ဘ၀နတ်ကျောင်း ရွေ့ပြောင်းခဲ့ပါပြီ။ မွေးမိမာတာမှာလည်း သားရဟန်းတော်ကို စိတ်ချကာ နှုတ် ဆက်သွားခဲ့ပေပြီ။ အဒေါ်နှင့် အရွယ်မပျို ဖခင်အိုတို့ကတော့ တရားဘာဝနာတို့ဖြင့် ပျော်မွေ့ကာ လက်ကျန်သက်တမ်းအတွက် စောင့်နေကြဆဲပေ။ သူတို့ ပြုစုပျိုးထောင် ပေးခဲ့သော ဒီရဟန်းတော်တစ်ပါးသည်လည်း သာသနာဘောင်တွင် ပျော်မွေ့နေဆဲပါပေ။ ပစ္စုပ္ပန်သည် အတိတ်ဖြစ်ခဲ့သော်လည်း ယင်းအတိတ်ကိုတော့ လွမ်းမောတသ သတိရနေမိလေသည်။
သိမ်မွေ့ဦး (BHU)
ကိုရင်နော်. ကိုရိုင်းမဖြစ်စေနှင့်. ဟု ယောဆရာတော်ပြောခဲ့ဘူးတယ် ကိုနိပုရေး
ReplyDeleteဒီကိုရင် ငယ်ငယ်က သိမ်မွေ့ပြီး အခုကြတော့:-)? ????တယ်လည်းမလွယ်ပါလား:-) :-) :-)
ReplyDeleteဒီကိုရင် ငယ်ငယ်က သိမ်မွေ့ပြီး အခုကြတော့:-)? ????တယ်လည်းမလွယ်ပါလား:-) :-) :-)
ReplyDeleteဒီကိုရင် ငယ်ငယ်က သိမ်မွေ့ပြီး အခုကြတော့:-)? ????တယ်လည်းမလွယ်ပါလား:-) :-) :-)
ReplyDelete