စူးမှန်းသိလျက်၊ မနှုတ်ရက်ဘူး၊ ဒီထက်ပိုပြီး၊ စူးပါစေ..။
( မြ၀တီမင်းကြီး ဦးစ )
ခုတလော ငယ်ငယ်က မှတ်ခဲ့ဘူးသော ဒီစာသားလေးကို မကြာခဏ တိုးတိုးလေး ရွတ်နေမိသည်။ တိုက်ဆိုင်မှု တစ်ခုကြောင့်လည်း သတိရနေခြင်း ဖြစ်ဟန်တူသည်။ လောကီ လူသားအားလုံးအတွက် အချစ်ဆိုသောအရာသည် ခံစာရမှန်း ကြေကွဲရမှန်း ပူလောင်ရမှန်း စူးကြသည့်ဆူးမှန်း သိကြပါသည်၊ သို့သော် ပုထုဇဉ် ထုံဓလေ့မို့ ထိုအချစ်ဆူးကို မနှုတ်ရက်ကြပါ။ အချစ်ဆူးကို ရင်ထဲမှ မထုတ်ပြစ်နိုင်ကြပါ။ ဒီထက်ပိုပြီး စူးရင်လည်း စူးပါစေတော့ဟု သဘောထားပြီး စူးမှန်းသိလျက် စွတ်တိုးကာ စူးခံနေကြရသည်။ ပိုးဖလံမျိုးကဲ့သို့ မီးကို တိုးကာ အသက်ပေးကြလေသည်။
အချစ်သည် သားချစ် သမီးချစ်၊ ဆရာချစ် တပည့်ချစ်၊ မောင်ချစ် နှမချစ်၊ သူငယ်ချင်းချစ်၊ သမီးရည်းစား ချစ်သူချစ် စသည်ဖြင့် အချစ်အမျိုးမျိုး ရှိပေသည်။ ထိုအချစ်များထဲတွင် အပူလောင်ဆုံး အချစ်သည်ကား သမီးရည်းစားချစ် ဖြစ်ပေမည်။ သမိုင်းများထဲတွင် တစ်ညတာ ချောင်းခြားခြင်း ကြောင့် နှစ်ပေါင်း ခုနှစ်ရာ ဆွေးရသည့် စန္ဒကိန္ဒရီ မောင်နှံ၊ ကိုဒါသအတွက် မပဋာ၏ သောက၊ ရက်စက်စိမ်းကား ပစ်ခွါသွားသည့် သိဒ္ဓတ္တအတွက် ယသော်ဓရာ၏ အထီးကျန် ပူဆွေးမှု၊ သီပေါဘုရင်အပေါ် အသက်ပေး၍ ချစ်ခဲ့ရသည့် ဒိုင်းခင်ခင်၊ ရိုမီယိုအတွက် ဂျူးလက်၏ ခံစားမှု စသည် စသည်။
ထိုအချစ်တို့ကြောင့်ပင် တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် စစ်ခင်းခဲ့ကြလေပြီ၊ ညီအကိုအချင်းချင်း သူငယ်ချင်းအချင်းချင်း အချစ် တိမ်သလ္လာ ဖုံးလွမ်းကာ သတ်ဖြတ်ခဲ့ကြလေပြီ။ အချစ်သည် အေးချမ်း မှုကို ပေးသကဲ့သို့ ပူလောင်မှုကိုလည်း ပေးသည်။ ပျော်ရွှင်မှုကို ပေးသကဲ့သို စိတ်ဆင်းရဲမှု ကိုလည်း ပေးသည်။ အချစ်ကြောင့် ပျော်ရွှင်ကြရ၊ တက်ကြွကြရသကဲ့သို ထိုအချစ်ကြောင့်ပင် ပျင်းရိကြရ၊စိတ်ညစ်ကြရ၊ စိတ်ဓာတ်ကျဆင်းကြရသည်။ ပျင်းစွာ ပူလောင်ကြရပေ၏။ လူငယ်တို့၏ အချစ်၊ လူလတ်တို့၏အချစ်၊ လူကြီးတို့၏ အချစ်၊ မည်သူ့ အချစ်ပင် ဖြစ်စေကာမူ ကိုယ်ပိုင် အသိဥာဏ်ဖြင့် ထိန်းချုပ်မှု မရှိပါက ပို၍ပင် ပူလောင်ကြရပေမည်။
တစ်နေ့က မိမိထံသို့ မောင်မြင့်ကျော် ရောက်လာသည်။ ဒီလူငယ်သည် ငယ်ငယ်ကလေးကတဲက မိမိနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့သူမို့ မိမိအပေါ် နဲနဲမှ ကြောက်ရွံ့စိတ် မရှိပေ။ ရပ်ကွက်ထဲ ရန်ပွဲကအစ သူကိုယ်ပိုင်အတွင်းရေးများပါ မကျန် ပွင့်လင်းစွာ ရင်ဖွင့်တတ်သည်။ မိမိကို သူ့အကြံပေးအရာရှိဟု မှတ်ထင်ထားသည်လား မသိပေ။ သိချင်သည့်အရာကို အားမနာတန်း မေးတတ်ပြီး မိမိ၏ အကြံဥာဏ်ကိုလည်း ကြိမ်ဖန်များစွာ ယူလေ့ ရှိသည်။ ဒီနေ့လဲ ထုံးစံအတိုင်း ဒီလူငယ် ရောက်လာပြီး-
‘ဦးဇင်း တပည့်တော် အသဲကွဲနေတယ်၊ အဲဒါ ဘယ်လိုလုပ်ရမလဲ’
‘ဟင်…၊ မင့် အသဲကွဲတော့ ငါက ဆင်ကော်ဝယ်ပြီး ကပ်ပေးရမှာလား။ ဒါမှမဟုတ် အရေးပေါ်ကားခေါ်ပြီး ဆေးရုံ ပို့ပေးရမှာလား၊’
‘ဦးဇင်းရာ မစပါနဲ့၊ တပည့်တော် အခု တကယ် ခံစားနေရတာ ဘုရား၊ တပည့်တော် ချစ်သူက ဘယ်အချိန်ချိန် မေးမေး တပည့်တော်ကို သိပ်ချစ်တယ်လို့ ဖြေတယ်။ ဒါကြောင့်လဲ တပည့်တော်က တကယ်ယုံပြီး ရှုးရှုးမှုးမှုးကို ချစ်မိခဲ့တာ။ ခုကြတော့ အကြောင်းပြချက်မရှိဘဲနဲ့ ဖုန်းခေါ်ရင်တောင် မကိုင်တော့ဘူး။ လူချင်းတွေ့ချင်လို့လဲ မရတော့ဘူး ဘုရား။ တကယ် စိတ်ညစ်ပါတယ် ဦးဇင်းရာ။'
‘အော်- ခက်လိုက်ပါဘိ..မောင်မြင့်ကျော်ရယ်..။ လူပျိုကြီးဆီ လာပြီး ပီယဆေး တောင်း သလို ဖြစ်နေပါပကော။ ဒါဆို ငါက မင့်တို့ နှစ်ယောက်ကြား ဖိုးရွှေလမင်းကြီး လိုက်လုပ်ပေးရမှာလား။’
‘အဲဒီလိုတော့ မဟုတ်ပါဘူး ဦးဇင်း။ တပည့်တော် ခုလောလောဆယ် ဖြစ်နေတဲ့ စိတ်ညစ်မှုကို ပျောက်ချင်တာပါ။ ဦးဇင်း သိသလောက် တတ်သလောက် ဖတ်ထားသလောက် တပည့်တော်ကို နဲနဲလောက် ပြောပြပေးပါလား။ တပည့်တော် နားထောင်ပြီး အတတ်နိုင်ဆုံး သောကကို ကျိုးစားပြီး ဖြေဖျောက်ပါမယ်။’
‘အေး.. ဒါဆိုလဲ ပြောပြရတာပေါ့.။ မင့်သိဖို့က အချစ်တစ်ခုရှိရင် သောကတစ်ခု ရှိတယ်၊ အချစ်များများ ရှိရင် သောကများများရှိတယ်တဲ့။ သောကမဖြစ်ချင်ရင် မချစ်ဘဲ နေနိုင်အောင် ထိန်းရမယ်။ သိပ်ချစ်ရင် စိတ်ညစ်မယ်။ စွဲလန်းရင် အသဲကျွမ်းမယ် တဲ့။’
‘အချစ်ဆိုတာကတော့ တဏှာမကင်းတဲ့ သတ္တ၀ါတိုင်း ဖြစ်နေတာပါပဲ။ တကယ် တွေ့ကြုံခံစားရပြီဆိုရင် ကိုယ်ပိုင်အသိဥာဏ်တွေနှင့် ထိန်းထားနိုင်မှ တော်ကာကြတာ။ ဒီလိုမှ မဟုတ်ရင် ခံရတာ မသက်သာဘူးလေ။ ဒါကြောင့်လဲ ကိုယ့်ကိုယ်ကို ဒုက္ခပေးပြီး သတ်သေတာမျိုးတွေ ဖြစ်နေကြတာပေါ့။ တစ်ခြား ဖျားနာတာလို ကုစရာ ဆေးမှ သီးသန့်မရှိတာ၊ ဒါကြောင့် မဃဒေ၀ လင်္ကာကြီးမှာ- ကာမရောဂါ၊ ကိုယ်တွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိဘူး၊ မိမိပညာ၊ သတိသာလျှင်၊ မဟာသြသဓ၊ ဆေးမည်စွာရှင့်။ ဟု ဆုံးမထားတယ်။ မင့်သဘောပေါက်လား မသိဘူး။’
‘တင်ပါ။ ပေါက်ပါတယ် ဦးဇင်း။ ဆက်မိန့်ပါအုံး ဘုရား။’
‘ဒို့ဘုရားဟောစာပေမှာ- တစ်ခါက မြတ်စွာဘုရားက အချစ်ကြောင့် စိုးရိမ်ရတယ်၊ အချစ်ကြောင့် ဆင်းရဲဒုက္ခ ဖြစ်ရတယ်လို့ ဟောတယ်။ ဒီစကားကို သာဝတ္ထိပြည့်ရှင် ဘုရင် ကောသလက သိပ်မကြိုက်လှဘူး။ အဲဒီအတွက် သူ့မိဘုရားခေါင်ကြီး မလ္လိကာကို ပြောတယ်လေ။ ဒီစကား မှန်နိုင်ပါမလား။ လူတိုင်း အချစ်ကို မျှော်လင့် တောင့်တနေကြတာ။ အချစ်ကြောင့် ပျော်ရွှင်ချမ်းသာနေကြတာပဲ။ ဒါကို ဘုရားက အချစ်ကြောင့် စိုးရိမ်ရ၊ ဆင်းရဲရတယ်လို့ ဟောတယ်၊ ဖြစ်နိုင်ပါ့မလား ဆိုပြီး မေးတယ်။’
‘မလ္လိကာကလဲ ဘုရားဟောတာ မှန်ကန်ကြောင်း လုံးဝ လက်ခံတယ်။ ဒါကို ဘုရင်က မကျေနပ်ဘူး။ မိဘုရားကို ဘုရားပြောသမျှ ကိုယ်ပိုင်ဥာဏ်နဲ့ မဆန်းစစ်ဘဲ အကုန်လုံး လက်ခံနေတယ်ဆိုပြီး အပြစ်တင်တာပေါ့။’
‘အဲဒါနဲ့ မိဘုရားကြီးက အရှင်မင်းကြီး နန်းတွင်းမှာ ဘယ်သူကို အချစ်ဆုံးလဲ- လို့ မေးတယ်။ မင်းကြီးက ၀ဇီရ သမီးလေးကို အချစ်ဆုံးဆိုပြီး ဖြေတယ်။ တကယ်လို့ သမီးလေး နာမကျမ်းဖြစ်ရင် အရှင်မင်ကြီး စိုးရိမ်သောက မဖြစ်ဘဲ နေနိုင်ပါ့မလား လို့မေးတယ်။ မနေနိုင်ပါလို့ မင်းကြီးက ဖြေတော့ မိဘုရားကြီးက ဒါဆို အချစ်ကြောင့် စိုးရိမ်ရတယ်ဆိုတာ မှန် မမှန် မေးတယ်။ ဒီတော့မှပဲ ဘုရင်က ဘုရားဟောစကားကို လက်ခံတော့တာ။’
‘အချစ်ကြောင့် ဒုက္ခရောက်ရတဲ့ ဇာတ်တော်တွေ ဘုရား ဟောခဲ့တာ အများကြီးပါ၊ ဆဒ္ဒန်ဆင်မင်းဇာတ်မှာ စူဠသုဘဒ္ဒါဟာလေ အချစ်ကြောင့် အမျက်ကြီးပြီး ရန်ငြိုးထားကာ ဆင်မင်းရဲ့ အစွယ်ကို ဖြတ်စေခဲ့တယ်၊ ဇာတ်သိမ်းမလှခဲ့ကြဘူး။ မင့် ဒီအချိန်မှာ အချိန်ပေးပြီး ဆဒ္ဒန်ဆင်မင်းဇာတ်တို့၊ စန္ဒကိန္ဒရီဇာတ်တို့၊ ဘုရင်ဘေးမှာ မခွဲအတူ လိုက်ပြီး ပါရမီဖြည့်ပေးတဲ့ မဒ္ဒီမိဘုရားရဲ့ အချစ် ဝေဿန္တရာ ဇာတ်တော်၊ ညီတော်မင်းနန် တို့ မြန်မာပြန်တွေ ဖတ်ပြီး သင်္ကန်းစာ ယူသင့်တယ်။’
‘အဿကဇာတ်မှာလည်း အဿကမင်းကြီးက သေလွန်သူ ဥပရိမိဘုရားကို မပြစ် ရက်နိုင်ဖြစ်ပြီး ဆေးစိမ်သိမ်းထားကာ ပူဆွေးခဲ့တယ်။ အစွဲကြီး စွဲလန်းခဲ့တာမို့ တိုင်းပြည်ရေး ရာတွေပြစ်ပြီးကို စိုးရိမ်ပူဆွေးခဲ့ရတာ။ ကံကောင်းလို့ ဘုရားလောင်း ရသေ့နဲ့တွေ့ပြီး နွားချေးပိုးမ ဖြစ်နေတဲ့ ဥပရိမိဘုရားကို ခေါ်စေကာ သံဝေဂ ရစေခဲ့တယ်။ နွားချေးပိုမ ပြောတဲ့ စကားကို ကြည့်အုံး။ ဖြစ်နိုင်ရင် သူ့ချစ်သူ နွားချေးပိုးဖိုကို ဂုဏ်တက်စေချင်လို့ အဿကဘုရင်ရဲ့ လည်ချောင်းသွေး နဲ့ ခြေဆေးပေးချင်ပါသတဲ့’
‘တကယ်တော့ အချစ်ဆိုတာ ကိုယ်ကသာ မြတ်မြတ်နိုးနိုး စွဲလမ်းနေတာပါ။ သူ့ဘက်က ဟုတ်ချင်မှ ဟုတ်တာ။ အကျိုးမရှိ စွဲလမ်းမှုတွေနဲ့ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ တက်ကြွတဲ့ လူငယ်ဘ၀တွေကို မကုန်ပါစေနဲ့။’
‘အချိန်သည် အကောင်းဆုံး သမားတော်-တဲ့၊ နဲနဲကြာလာရင် ဒါတွေ အားလုံး မေ့သွားပါလိမ့်မယ်။ ခုချိန်မှာ သူ့အကြောင်းတွေ မတွေးမိပါစေနဲ့၊ ကြိုးစားပြီး မေ့လိုက်ပါ။ မေ့ဖို့ ခက်ပါလိမ့်မယ်။ တွေးပြီး စိတ်ကူးထဲ မျှောသွားရင် ပိုခံစားရမယ်။ လွမ်းစရာကို နာစရာနဲ့ ဖျောက်ရတယ်တဲ့။ သတိရရင်လဲ နာစရာကို ရှာကြံတွေးပါ။ ချစ်နေတော့ ရှာဖို့ ခက်ခဲပါတယ်။ သေသေချာချာ ရှာတွေးပါ။ တွေးပြီး စိတ်နာလိုက်ပါ။ မုန်းခိုင်းတာ မဟုတ်ဘူး။ နာစရာ တွေးပြီး မေ့ခိုင်းတာ။’
‘စာတစ်ခု ဖတ်ဖူးတယ်။ လူတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် အဲဒီလူရဲ့ အမုန်းကို ခံနိုင်ပြီလားလို့ အရင်စဉ်းစားတဲ့။ သူ့ရဲ့ အမုန်းတရားကို ပြုံးပြုံးကြီး ခံရဲမှ သူ့ကို ချစ်ရမယ်တဲ့လေ။ မင့်အရင်က ဒီလို မစဉ်းစားခဲ့လို့နေမယ်။ ယောင်္ကျားပဲ မောင်မြင့်ကျော်ရာ။ ကိုယ့်မာနကို ထားမှပေါ့။ ဟုတ်ဘူးလား။’
‘ခုအချိန်မှာ အောက်က မြန်မာပြန်စာလေးကို ကျက်ပြီး ခဏခဏ ရွက်ပေးပါ။ ကျေနပ်မှုတွေ၊ တက်ကြွမှုတွေ ပြန်ရလာလိမ့်မယ်။ ခုလို ငါ့နဲ့ လာဆွေးနွေးတာ သိပ်ကောင်းပါတယ်။ တစ်ခြား လူငယ်တွေ ဖြေရှင်းသလို အရက်ကို အဖော်လုပ်ပြီး ထွတ်ပေါက်မလုပ်တာကိုပဲ ငါတော့ မင့်ကို ကျေနပ်လှပြီ။’
‘ချစ်ခြင်းကြောင့် စိုးရိမ်ပူဆွေးခြင်း ဖြစ်ရသည်။ ချစ်ခြင်းကြောင့် ဘေးရန်ဒုက္ခ ဖြစ်ရသည်။ ချစ်ခြင်းမှ လွတ်မြောက်သောသူအား စိုးရိမ်ပူဆွေးခြင်းသည် မရှိ၊ ဘေးရန်သည် အဘယ်မှာ ရှိပါအံ့နည်း။’
‘ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏ ။
ချစ်ခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏ ။’
‘တင်ပါ ။ ခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား။ တပည့်တော် အရှင်ဘုရား ပြောသလို ကြိုးစားပြီး ဖျောက်ပါမယ်။ တပည့်တော်ကို ခွင့်ပြုပါအုံးဘုရား..။’
မောင်မြင့်ကျော်သည် မိမိကို ပေါက်ဆိမ်ပေါက် ဦးသုံးကြိမ် ချကာ နှုတ်ဆက်ပြီး ပြန်သွားလေပြီ။ မိမိသည်သာ သူ့ကျောပြင်ကို လှမ်းမျှော်ကြည့်ရင်း မိမိကိုယ့်ကို မေးခွန်းတစ်ခု ပြန်မေးကာ ကျန်ရစ်ခဲ့သည်။ မိမိရော ရင့်ကျက်သယောင်ယောင်မို့ အချစ်တွေ၊ သံယောဇဉ်တွေ အတော်ပင် ကင်းနေပြီလား..။ တိကျသော အဖြေတစ်ခု ထွတ်မလာခဲ့ပါပေ။ မြ၀တီမင်းကြီး၏ ကဗျာစလေးကိုတော့ နှစ်ခြိုက်စွာပင် သဲ့သဲ့လေး ရွက်ဆိုဖြစ်သည်။
စူးမှန်းသိလျက်၊ မနှုတ်ရက်ဘူး၊ ဒီထက်ပိုပြီး၊ စူးပါစေ..။
သိမ်မွေ့ဦး (BHU)
(02-01.2013)
No comments:
Post a Comment