ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

02/08/2013

နှာနှပ်မယူရစေနဲ့

1. စီးဆင်း ရင်ခွင် | 8/02/2013 | 2. 3. 4. 5. 6. Best Blogger Tips
      “မငတ်ခြောက်လ၊ ငတ်ခြောက်လ” ဟူသော စကားသည် အိန္ဒိယနေ အရှင်တို့အား ရယ်မောဖွယ်အဖြစ် အသုံးပြုနေကြသော စကားတစ်ခု ဖြစ်နေပေ၏။ တစ်နှစ် (၁၂)လ ရှိသည်တွင် ခြောက်လမှာ အစားအသောက်ရှားပါးပြီး ခြောက်လမှာ အစားအသောက် ပေါများသည်ဟု ဆိုလိုပေသည်။ မြန်မာပြည်မှ ဘုရားဖူးတို့သည် အိန္ဒိယသို့ များသောအားဖြင့် စက်တင်ဘာ ဒုတိယပတ်လောက်မှ စ၍ မတ်လကုန်ထိ လာရောက်လေ့ရှိကြသည်၊ ဘုရားဖူးတို့နှင့်အတူ အိန္ဒိယနေအရှင်တို့အတွက် ငါးပိကြော်၊ ငါးခြောက်ကြော်၊ လက်ဖက်၊ ခေါက်ဆွဲ၊ ကြာဆံ၊ ကော်ဖီမက်ထုပ် စသော မြန်မာ့လက်ရာ စားသောက်စရာ လှူဘွယ်တို့ကို ယူလာခဲ့ကြ၏။ ထိုကြောင့် အိန္ဒိယနေအရှင်တို့အား ဘုရားဖူးရာသီအချိန်ဆိုလျင် အစားအသောက်ပေါများပေ၏။ ရာသီကုန်လျင် အစားအသောက်ရှားပါး၏။


     သို့ဖြစ်၍ “မငတ်ခြောက်လ၊ ငတ်ခြောက်လ” ဟူသော စကားပုံလိုလို စကားတစ်ခုကို အချင်းချင်း စနောက်ကာ အသုံးပြုကြခြင်း ဖြစ်၏။ ယင်းစကားသည် အိန္ဒိယမြောက်ပိုင်းနေ အရှင်တို့အတွက် မှန်ကန်မှုရှိသော်လည်း တောင်ပိုင်းနေ အရှင်တို့အတွက်မူ ပြည့်ဝသောမှန်ကန်မှု မဖြစ်နိုင်ပေ။ ဘုရားဖူး တို့သည် အိန္ဒိယမြောက်ပိုင်းသာ ရောက်ကြ၍ တောင်ပိုင်းသို့ မရောက်ကြပေ။ ထို့ကြောင့် မြန်မာ အစားအစာနှင့်ပတ်သက်၍ တောင်ပိုင်းနေအရှင်တို့အား အနည်းငယ် ရှားပါးမှု ရှိမြဲပေ။ သို့သော် တစ်ခါတစ်ရံတွင် ဘုရားဖူးတို့မှ တဆင့် မှာယူကာ အဆင့်ဆင့် ပို့ပေးကြသဖြင့် အဆင်ပြေတတ်ပေ၏။ ယခုအခါ ဘုရားဖူးတို့သည် တစ်နှစ်လျင် (၇) လကျော်ထိ လာရောက်နေကြသဖြင့် မြောက်ပိုင်း မဇ္ဈိမဒေသနေ အရှင်တို့အား မြန်မာအစားအစာကိစ္စ အလွန်ပင် အဆင်ပြေလှ၏။ 

      အမိနိုင်ငံနေစဉ်အတွင်း၌ ကုန်ဈေးနှုန်း တန်ဖိုး၏ အတက် အကျတို့ကို စိတ်ဝင်စားမှု သိပ်မရှိခဲ့ပေ။ ကုန်ဈေးနှုန်းကြီးလွန်းလို့ ကန်ဇွန်းရွက်ပဲ ပုံမှန် စားနိုင်တော့တာ ဟူသော အိမ်ရှင်မ အမျိုးသမီးတို့၏ ညည်းညူသံတို့ကို မကြာခဏ ကြားခဲ့ဘူးသော်လည်း ကြားယုံမျှသာ။ ဘယ်ကုန်ပစ္စည်းက ဘယ်ဈေးထိ တက်နေသည်ဟု တစ်ခါမှ မလေ့လာဘူးခဲ့၊ စိတ်မ၀င်စားခဲ့ဘူးပေ။ စားရေးသောက်ရေး ၀ယ်ခြမ်းချက်ပြုတ်ခြင်းကိစ္စ သည် ကိုယ်နှင့် တိုက်ရိုက်မပတ်သက်သေးသမို့ ဘာသိဘာသာပင် နေခဲ့လေ၏။

    အိန္ဒိယရောက်သောအခါတွင် ထိုသို့ နေလို့မရတော့ပေ။ ချက်ရေးပြုတ်ရေးကိစ္စ သည် ကိုယ်နှင့် တိုက်ရိုက်ပတ်သက်ရပြီ။ မပတ်သက်ဘဲ နေလို့ မရတော့။ အလှည့်ကျ လျင် ထမင်း၊ဟင်း ချက်ရမည်။ မချက်တတ်လျင် ချက်တတ်အောင် သင်ရမည်။ ပုံမှန်ဈေးနှုန်းတန်ဖိုးတို့ကို သိအောင် လုပ်ထားရသည်။ ဈေးဝယ်တတ်ရန် ဟိန္ဒီလို သင်္ချာ အသုံးအနှုန်းလောက်တော့ သိအောင် သင်ထားရသည်။ ဈေးဝယ်သောအခါ ဟင်းသီးဟင်းရွက်ကို လက်ညိုးထိုးပြီး ဘယ်လောက်လဲဟု မေးကာ ၀ယ်ယူနိုင်သော်လည်း တန်ဖိုးကို ဟိန္ဒီလို ပြောသောအခါ သိအောင် လုပ်ထားရသည်။ တချို့ ဈေးသည်တို့သည် အရေအတွက်ကို အင်္ဂလိပ်လို မပြောတတ်ကြပေ။ ထိုကြောင့် သင်္ချာအရေအတွက်ကို ဟိန္ဒီလို သိမှသာ အဆင်ပြေသည်။

    ယခုနှစ်တွင် ဒေါ်လာ ဈေးနှုန်းများ အဆမတန် တက်သည်။ ဒေါ်လာဈေးမြင့်ခြင်း ကို စီးပွားရေးနယ်ပယ်နားမလည်၍ အဘယ်ကြောင့် မြင့်တက်လာသည်ဟု မသိသော် လည်း ယင်းကိစ္စသည် ဒေါ်လာ ကိုင်၍ ရပ်တည်ရသော မိမိတို့နှင့် သက်ဆိုင်လာသည်။ ယခုဆို ဒေါ်လာတစ်ရာပေါက်ဈေးမှာ အိန္ဒိယရှုပီး ခြောက်ထောင်ဝန်းကျင်ကနေ မကျဆင်းတော့။ အိန္ဒိယတွင် နေထိုင်စဉ်အတွင်း မကြုံစဖူး ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းပင် ဖြစ်၏။ ဒေါ်လာ တန်ဖိုးမြင့်လာသော်လည်း မိမိမှာ ရှုပီးနှင့် လဲစရာ ဒေါ်လာ မရှိတော့ပေ၊ ရှုပီးငါးထောင် ဈေးပေါက်ကတဲက ရှိသမျှ ဒေါ်လာ အကုန်လဲထားလိုက်၏။ နောက်လည်း ရှုပီးလဲသုံးရမည့် အတူတူမို့ တန်ဖိုးမြင့်တုံး ရှိသမျှဒေါ်လာ အကုန်လဲထားလိုက်ခြင်း ဖြစ်သည်။

     ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းသည် မိမိတို့အတွက် ပြဿနာအထူး မရှိပေ။ ရှုပီးငါးထောင်နှင့် လဲမိတာ ရှုံးလေခြင်းဟု နောက်တလည်း မဖြစ်မိပါ။ ထိုက်သ လောက်သာ ရသည်မို့ ရောင်ရဲနိုင်ပါ၏။ သို့သော် ပြဿနာက ကုန်ဈေးနှုန်းများ အဆမတန် မြင့်မားလာခြင်းဖြစ်၏။ ၀ယ်ရသည့်ပစ္စည်းတိုင်း၏ တန်ဖိုးများက ခေါင်တက်နေ၏။ ကိုယ့်သင်္ကန်းနှင့်ကိုယ် လုံလောက်အောင် ရှိပြီးသားမို့ အ၀တ်အစားဖိုးက ပြဿနာ မရှိသော်လည်း နေ့စဉ် သုံးစွဲနေရသည့် စားဝတ်နေရေးက အခက်တွေ့သည်။ ဟင်းချက်စရာ ၀ယ်ရန် ဈေးသွားလိုက်ပါက သက်သက်လွတ်မျှသာ ၀ယ်လိုက်လျှင်ပင် ရှုပီး သုံးရာက လျှောကနဲ။ မြန်မာပြည်မှ အိမ်ရှင်မများ ပြောကြသကဲ့သို့ ကုန်ဈေးနှုန်းကြောင့် ကြက်သား၊ ၀က်သားနား မကပ်နိုင်ဘဲ ကန်ဇွန်းရွက်ကို ပုံမှန်ချက်စားရမည့်ကိန်း ဆိုက်နေ၏။ ကန်ဇွန်းရွက် မစားကြသောနေရာမို့ ဈေးချိုသော အာလူးနှင့် ကျပါတီကိုသာ ပုံမှန်စားရတော့မည့် အနေအထားဖြစ်နေ၏။

    ပုံမှန် စားနေကြ ဆန်အိပ် (၂၅) ကီလိုတစ်အိပ်လျှင် ယခင် တစ်နှစ်ကျော်က ရှုပီး (၈၅၀)သာ ပေးရသည်။ ယင်းနောက် ရှုပီး (၉၀၀)၊ တစ်ထောင်၊ (၁၃၅၀) စသည်ဖြင့် တဖြေးဖြေး ဈေးတက်လာရာ မနေ့က ဆန်ကုန်နေပြီဖြစ်၍ ထပ်ဝယ်ရာ ရှုပီး (၁၅၀၀) ဖြစ်နေပေ၏။ ပုံမှန်ဝယ်နေကျ ဖောက်သည်မို့ ဈေးလျှော့ခိုင်းကြည့်ရာ ကုန်ဈေးနှုန်းကြောင့် လုံးဝ လျှော့မရဟု ဆိုလေ၏။

     နေ့စဉ် ၀ယ်နေကျ ဟင်းသီးဟင်းရွက်တို့၏ ယခုဈေးနှုန်းတို့မှာ- ကြက်သွန်နီ တစ်ကီလို (၄၀)၊ ကြက်သွန်ဖြူ တစ်ကီလို (၈၀)၊ ဂျင်း ကီလိုဝက် (၃၀)၊ ခရမ်းချဉ်သီး တစ်ကီလို (၆၀)၊ ခရမ်းသီး တစ်ကီလို (၅၀)၊ ဗူးသီး တစ်ကီလို ( ၃၀) ၊ ရုံးပတေသီး တစ်ကီလို (၄၀)၊ ကြင်ဟင်းခါးသီး တစ်ကီလို (၄၀)၊ ဆီ တစ်ထုပ် (၉၀)၊ အလတ်စားပဲ တစ်ကီလို (၆၀ ) တို့ဖြစ်သည်။ 

     ယခင်ဈေးနှုန်းတို့မှာ- ကြက်သွန်နီ တစ်ကီလို (၂၀)၊ ကြက်သွန်ဖြူ တစ်ကီလို (၄၀)၊ ဂျင်း ကီလိုဝက် (၁၀)၊ ခရမ်းချဉ်သီး တစ်ကီလို (၂၅)၊ ခရမ်းသီး တစ်ကီလို (၂၀)၊ ဗူးသီး တစ်ကီလို (၁၂)၊ ရုံပတေသီး တစ်ကီလို (၁၆)၊ ကြင်ဟင်းခါးသီး တစ်ကီလို (၂၀)၊ ဆီ တစ်ထုပ်(၇၀)၊ အလတ်စားပဲ တစ်ကီလို (၅၀)ရှုပီး မျှသာ ဖြစ်သည်။ ရာသီအလိုက် တန်ဖိုးအနည်းငယ် အပြောင်းအလဲ ရှိသော်လည်း အဆမတန် မြင့်တက်ခြင်းမျိုး မရှိခဲ့ပေ။ ယခုမူ အချို့ ကုန်ဈေးနှုံးတို့မှာ အဆမတန် တက်လာခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမရောက်မှ မြန်မာအိမ်ရှင်မတို့၏ဘ၀တို့ကို ကိုယ်ချင်းစာမိတော့သည်။ အလားတူ တက္ကသိုလ်ဖီးကြေးတို့မှာလည်း မြင့်တက်လာခဲ့ပြီ။ 

  ယခင်က နိုင်ငံခြားသားကျောင်းသားတစ်ယောက်၏ ၀င်ခွင့်လျှောက်လွှာကြေး မှာ ဒေါ်လာ(၈၀)မျှ ဖြစ်သော်လည်း ဒေါ်လာတစ်ရာအဖြစ် တိုးမြှင့်ခဲ့သည်မှာ လေးနှစ်ပင် ရှိခဲ့ပြီ။ ယခင်က ဘီအေနှင့် အမ်အေ ကျောင်းသားတို့၏ တစ်နှစ် နိုင်ငံခြားကျောင်းသားကြေးမှာ ရှုပီး (၈၀၀၀)ဖြစ်သော်လည်း ၂၀၁၀-ခုနှစ်မှ စတင်၍ ရှုပီး (၁၂၀၀၀) ပြောင်းလဲခဲ့ကာ ၂၀၁၂-ခုနှစ်မှစပြီး တစ်ဖန် ရှုပီး (၂၀၀၀၀) ဖြစ်ခဲ့လေ၏။ ယခင်က ဒေါက်တာ ကျမ်းပြု ကျောင်းသားတို့၏ နိုင်ငံခြားကျောင်းသားကြေးမှာ ရှုပီး (၁၂၀၀၀) ဖြစ်သော်လည်း ၂၀၁၂-ခုနှစ်မှ စတင်၍ ရှုပီး (၂၅၀၀၀)အဖြစ် မြင့်တက်ခဲ့လေပြီ။ ဌာနကြေး၊ စာကြည့်တိုက်ကြေး၊ အဆောင်ကြေး၊ မီးကြေး၊ စသည်ဖြင့် အခြားဖီးကြေး တို့မှာလည်း ဒေါ်လာဈေးနှင့်အတူ မြင့်တက်ခဲ့လေ၏။

        မိမိ အိန္ဒိယကို မလာခင်တွင် ၀ိနည်းဓိုရ် သီတင်းသုံးဖော်တစ်ပါးက ပြန်လာရင် “နှာနှပ်မယူရစေနဲ့”ဟု မိမိကို မိန့်ခဲ့ဘူးသည်။ အိန္ဒိယသို့ ကျောင်းသွားတက်ပါက ငါးနှစ်လောက်တော့ အချိန်ပေးရမည်။ ထိုနှစ်များအတွင်း ကိုယ်တိုင် ဈေးသွားကာ ချက်ပြုတ်စားနေရသဖြင့် ပါစိတ်အာပတ်တွေ ဗလပွ သင့်နေလိုက်မည်။ ပညာရေးကိစ္စပြီး၍ အမိနိုင်ငံသို့ ပြန်လာပါက ပါစိတ်အာပတ်တွေ များနေပေပြီ။ ထိုကြောင့် ဒေသနာပြောကြားရုံမျှဖြင့် မလုံလောက်တော့ဘဲ နှာနှပ်ယူတော့မည့်ကိန်းဖြစ်နေပေ၏။ ထိုအရာကို သတိပေးလိုသော သီတင်းသုံးဖော်က “ပြန်လာရင် နှာနှပ်မယူရစေနဲ့” ဟု ဆိုခဲ့ခြင်းဖြစ်၏။ 

         ပါစိတ်အာပတ်ကြောင့် နှာနှပ်ယူရမည်က နောက်ပိုင်းကိစ္စ ဖြစ်နေလေ၏။ ယခုတော့ မိမိမှာရှိသော ဘတ်ဂျက်နှင့် တရိပ်ရိပ်တက်နေသော အိန္ဒိယကုန်ဈေးနှုန်း ကြောင့် ချွေတာစွာ သုံးစွဲနေရတော့သည်။ ကုန်ဈေးနှုန်းတန်ဖိုး သိရတိုင်း အံ့သြထိန့်လန့် နေရ၏။ မိမိကိုယ်ကို နှာနှပ်ယူရတော့မလို ဖြစ်နေသည်။ ယခုလောလောဆယ်ဝယ် ကုန်ဈေးနှုန်းကြောင့် နှာနှပ်မယူရစေနဲ့အုံးဟုသာ ဆုတောင်းနေရသည်။


 သိမ်မွေ့ဦး (BHU) 
(2-8-13)

1 comment:

  1. ပူနေးတောရဝယ် ဆန်တစ်အိပ် (၂၅ကေဂျီ) (၁၇၀၀) ဖြစ်တော့သည် ဦးရီးတော်ဘုရား။

    ReplyDelete