“နိုင်ငံခြားဆိုလို့ အထင်ကြီးပြီး ထွတ်လာမိပါတယ်။ ဒီရောက်တော့ ကိုယ့်ရွာထက်တောင် ပိုဆိုးနေသေး”
ဒီစကားကို အိန္ဒိယရောက်ခါစ ရှင်ငယ်တစ်ချို့ဆီက မကြာခဏ ကြားခဲ့ဘူးတယ်။ ဟုတ်တယ်လေ၊ ကိုယ်တို့လဲ အရင်က ဒီအတိုင်းပါပဲ။ မရောက်ဘူးခင်က အိန္ဒိယဆိုတာ အပျံစား ရုပ်ရှင်တွေထဲကလို မြို့ကြီးပြကြီး လှလှပပကြီးလို့ အထင်ကြီးခဲ့တာ...။ ရောက်လည်း ရောက်တော့ အသက်တောင် ဘယ်လို ၀၀ ရှုရမှန်း မသိတော့ဘူး။ ညစ်ပတ်လိုက်တာ ကန်းကုန်ပါရော.။ နှိုင်းပြစရာ ဥပမာတောင် မရှိလောက်ဘူး။ ဒါကြောင့် အရင်တုန်းကဆို စိတ်ဓာတ်ကို အတုံးလိုက်အတစ်လိုက် ကျခဲ့တာ။ နေသားကျသွား တော့လဲ အားလုံးအိုကေပါပဲ။
လွန်ခဲ့တဲ့ တစ်ပတ်က အိန္ဒိယ ဗီဟာနယ်မှာ ဖြစ်ခဲ့တဲ့ သတင်းတစ်ခုက အားလုံးကို အံ့သြစေခဲ့တယ်။ ရထားလမ်းကို ဖြတ်ကူးနေတဲ့ ဟိန္ဒူဘုရားဖူးတွေကို ရထားတိုက်လို့ (၃၅) ဦးထက်မနဲ သေဆုံးခဲ့ သတဲ့။ ဖြစ်ခဲ့တာက ပတ္တနာမြို့က ကီလိုမီတာ (၁၈၀) အကွာမှာတည်ရှိတဲ့ ဓမ္မရာဂတ် ဆိုတဲ့ မြို့လေးမှာ ဖြစ်ခဲ့တာပါ။ စိတ်ဆိုးနေကြတဲ့ လူအုပ်ကြီးက ဘူတာရုံနှင့် ရထားကို မီးရှို့ဖျက်ဆီးလိုက်ကြသတဲ့။ ဒီလောက်များတဲ့ လူတွေကို ရထားတိုက်လို့ သေတယ်ဆိုတာ အံ့သြစရာပါ။ ကားပေါ်စီးပါလာလို့ ကားနှင့်ရထား တိုက်ခဲ့တာမဟုတ်ဘူး။ လမ်းလျှောက်ဖြတ်ကူးလာတဲ့သူတွေကို တိုက်ခဲ့တာ။ ရထားလာရင် လမ်းပိတ်ထားပါရက်နဲ့ ဘာလို့ ဖြတ်ကူးကြသလဲလို့ စဉ်းစားစရာ ကောင်းပါတယ်။ ရထားဆိုတာ ကားလို အမြန်ဘရိတ်အုပ်လို့ လွယ်တာမှ မဟုတ်တာ။ ဒါကြောင့်လဲ သေကြပေအုံးပေါ့။
အိန္ဒိယမရောက်ဘူးရင် ဒီသတင်းဟာ ဆန်းသလိုရှိပေမဲ့ အိန္ဒိယ အနေကြာလာတဲ့ ကိုယ်အတွက်တော့ သိပ် မအံ့သြမိဘူး။ ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံဆိုပေမဲ့ စည်းကမ်းအမဲ့ဆုံးနိုင်ငံတွေထဲမှာ ဒီနိုင်ငံ ပါလိမ့်မယ်ထင်တယ်။ မြို့ထဲသွားရင် လူဦးရေ ထူထပ်လွန်းတော့ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေနှင့် အမြဲ ပိတ်နေတယ်တယ်။ လမ်းကြောတွေ ပိတ်လွန်းလို့ ကိုယ့်လမ်းကြော ကိုယ်မောင်းမယ်ဆိုပြီး စည်းကမ်း ရှိလိမ့်မယ်မထင်နဲ့။ ကိုယ့်လမ်းကြောင်း သူလမ်းကြောင်း ဂရုမစိုက်ဘူး။ တစ်လှမ်းရ တစ်လှမ်းတိုး၊ နှစ်လှမ်းရ နှစ်လမ်းတိုး။ ဒါနဲ့ လမ်းတွေ ပိတ်ရော။ ပိတ်ပြီဆိုရင် ဘယ်သူမှ နောက်မဆုတ်ဘူး။ စကားများပြီး ငြင်းခုံကြ ဆဲကြ ဆိုကြ။ အဲဒါနဲ့တင် နာရီဝက်ကြော် တစ်နာရီနီးပါး သည်းခံကာ ညပ်နေပေရော့။ စောင့်ပေအုံးတော့။ အဲဒီဒုက္ခတွေ ကြုံရတာများလွန်းတော့ ကိစ္စရှိလို့ အပြင်ထွတ်ရင်တောင် စိတ်ပျက်ပျက်နဲ့ သွားရတာ။ ဘာပဲဖြစ်ဖြစ် ကုလားနိုင်ငံ အနေကြာလာရင်တော့ သည်းခံနိုင်တဲ့ စွမ်းရည်တွေ အလိုလို ပြည့်လာတာ သေချာတယ်။ အဲဒါတော့ ကိုယ်တွေ့ပဲ။
မြို့ထဲ ဆိုင်ကယ်မောင်းရင်တောင် သတိထားပြီး မောင်းရတာ။ အဓိကတော့ ကုလားနှင့်နွား ရှောင်ရတာ။ နွားကိုးကွယ်တာအယူရှိတဲ့ နိုင်ငံ ဆိုတော့ လမ်းအလယ်မှာ သွားနေတဲ့ နွားအုပ်တွေ၊ လှဲအိပ်နေတဲ့ နွားတွေကို ရှောင်ရတယ်။ အသိဥာဏ် မရှိတဲ့ တိရိစ္ဆာန်မို့ ရှောင်ရတာ နားလည်နိုင်ပေမဲ့ အသိဥာဏ်ရှိတဲ့ လူတွေကို ရှောင်ရတာကိုတော့ ဘယ်လိုမှ နားလည်လို့ မရဘူး။ ကုလားတွေ လမ်းဖြတ်ကူးပြီဆိုရင် ဆိုင်ကယ်တွေ ကားတွေကို သတိထားလိုက်မယ်မထင်နဲ့။ မီးဝါ၊ မီးစိမ်း၊ မီးနီတွေ လာမပြောနဲ့။ ကိုယ်ပိုင်လမ်း သွားနေတဲ့အတိုင်း အေးအေးဆေးဆေးကူးပဲ။ မောင်းနေတဲ့သူတွေကသာ အလိုက်တသိရှောင်။ အမြန်မောင်းလာရင် အမြန်ဘရိတ်အုတ်။ ဒါပဲ၊ လမ်းဖြတ်ကူးတဲ့ ကုလားက လှည့်တောင် ကြည့်တာ မဟုတ်ဘူး။ ပိုဆိုးတာက ဒီလောက်ရှုပ်နေတဲ့အထဲ လမ်းအလယ်ခေါင်တည့်တည့်ကနေတောင် စကားတစ်ဖောင်ဖောင် ပြောပြီး လမ်းလျှောက်သွားနေကြသေး။ မောင်းနေတဲ့သူတွေက ဟွန်းတွေ ဆူညံအောင် တီးလို့၊ သူတို့က လှည့်တောင် မကြည့်ဘူး။ ဒါပြီး ဆဲကြ ဆိုကြနဲ့ ပြီးသွားတာပဲ။ သူ့အရပ်နဲ့ သူ့ ဇာတ်တော့ ဟုတ်နေတာပေါ့။
တစ်ခါတစ်ရံ လမ်းတွေ ပိတ်နေပြီဆိုရင် လူမပြောနဲ့ ပုရွတ်ဆိတ်တောင် ကူးဖို့ မလွယ်ဘူး။ ရှေ့ကား နောက်ကား ရှေ့ဆိုင်ကယ် နောက်ဆိုင်ကယ် ထိပြီးကို ပိတ်နေတတ်တာ။ ဒါကြောင့် ဆိုင်ကယ်၊ ကားတွေရဲ့ နောက်ပိုင်းကို ကြည့်လိုက်ရင် အပိန်တွေချည်း။ ဒဏ်ရာတွေချည်း။ မြန်မာမှာဆိုရင် ဒီကား၊ ဒီဆိုင်ကယ်တွေ ဘယ်သူမှ ၀ယ်ချင်မှာ မဟုတ်ဘူး။ ကိုယ်လဲ ခုတော့ အနေကြာတော့ အထာသိလာပြီ ထင်ပါရဲ့။ မလွဲသာလို့ မြို့ထဲသွားရရင် အနံ့ဆိုး၊ ဖုန်မှုန့်တွေက သက်သာဖို့ နှာခေါင်းပိတ်သုံးတယ်။ နားညီးဒဏ်၊ နေပူဒဏ် ခံနိုင်ဖို့ ခေါင်းကို တဘက်နဲ့ စည်းတယ်။ အဲဒါဆို အတော်ကို သက်သာတယ်။
လမ်းဘေးမှာ ကျင်ကြီး ကျင်ငယ် စွန့်တဲ့ အကျင့်ကိုလဲ ပြင်ဖို့ မကြိုးစားကြသေးဘူး ထင်ပါရဲ့။ လူမြင်ကွင်းသော ဘာသော ညာသော လုံးဝဂရုမစိုက်ဘူး။ အရှက်လုံးဝ မရှိဘူး။ စွန့်ချင်ရင် လမ်းဘေးထိုင် စွန့်လိုက်တာပဲ။ ဒါကြောင့် ဘယ်နေရာ သွားသွား အနံတွေ နံစော်နေတော့တာ။ ညပိုင်း ခရီးသွားရင် ပိုသိသာတယ်။ ကားလမ်းဘေးမှာ ထိုင်ပြီး စွန့်နေကြလိုက်တာ သူတို့မို့ မွေမကြောက် ကင်းမကြောက်၊ တချို့များ စကားတစ်ပြောပြော နဲ့တောင် ထိုင်နေလိုက်ကြသေး။ တစ်ခါကများ ကားလမ်းဘေးထိုင်ပြီး စွန့်နေတဲ့ ကုလားမကြီး တစ်ယောက်ကို ကုန်ကားကြီးက တိုက်သွားလိုက်တာ နေရာမှာတင် ပွဲချင်းပြီးပဲ။ လမ်းဘေးမှာ အလောင်းက မြင်မကောင်း ရှု့မကောင်း။ အဲဒီလို အနိဋ္ဌာရုံတွေလည်း တွေ့ရတတ်တယ်။
အဲဒီလို ကားလမ်းဖြတ်ကူးတာ စတဲ့ ကိစ္စတွေမှာတောင် စည်းကမ်းတွေ ဒီလောက်မဲ့လွန်းနေတော့ ရထားတိုက်တို့ (၃၅)ယောက် သေတယ်ဆိုတာ ဖြစ်မှာပဲ။ အရှိန်နဲ့ မောင်းလာတဲ့ ရထားက ဘယ်လိုလုပ် အမြန်ရပ်မလဲ၊ မနေ့ကလဲ သတင်းတွေမှာ ကြည့်လိုက်ရတယ်။ မွန်ဘိုင်းမှာ (၂၁)နှစ်အရွယ် သတင်းထောက်မ တစ်ယောက်ကို ကုလားငါးယောက်က ၀ိုင်းပြီး မဒိန်းကျင့်ကြသတဲ့။ မသေလို့ တော်သေးလို့ တွေးမိ သေးတယ်။ မနှစ်က ဖြစ်ခဲ့တဲ့ ဒေလီမြို့က မိန်းကလေးခမျာတော့ ငါးယောက်က အဓမ္မပြုကျင့်ပြီး ကားပေါ်က ပြစ်ချထားခဲ့တာ။ ဆေးရုံရောက်တော့ အဲဒီမိန်းကလေးလဲ သေရော။
အော်-- စာနာလိုက်ကြတဲ့ ကိုယ်ချင်းစာတရားတွေ။ ဒီမိုကရေစီအင်အားကြီးဆိုတဲ့ အိန္ဒိယအကြောင်း ပြောရရင်တော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲလေ။ ဒီလောက်ပဲ အတွေးရပ်တာ ကောင်းပါတယ်။ ဆက်တွေးရင် ကုလားဒဏ် ခံလာရတာ ကြာနေပြီဖြစ်တဲ့ ကိုယ့်အတွက် ပြောစရာတွေ တစ်ပုံကြီး။ ကိုယ်ကိုတိုင်က နေချင်လို့ လာနေမှတော့ ခံပေတော့ပေါ့။ သူတို့က အတင်းအကြပ်ခေါ်ပြီး နေခိုင်းတာမှ မဟုတ်တာ။ ဒါပေမယ့် ခွဲပြီးရင် မလွမ်းလောက်တဲ့ နေရာတွေထဲမှာ ဒီနေရာ ပါမှာတော့ သေချာတယ်။
သိမ်မွေ့ဦး (BHU)
(24-08-13)
No comments:
Post a Comment