ဆယ်တန်းအောင်လို့ ပထမဘွဲ့ ကို ၅ နှစ်ကြာအောင် သင်ယူပြီးကတည်းက နောက်ထပ် စုစုပေါင်း ၉ နှစ်ကြာအောင် ပညာ သင်ယူခဲ့ရသော.... ကြိုးစား တည်ဆောက်ခဲ့ရသော ဘဝကို မြတ်နိုးမိခြင်းသည် အမှားတစ်ခု... ဘဝသံသရာ ရှည်စေသော... လမ်းကြောင်းတစ်ခု...၊
ဘဝတဏှာ ..၊ ဘဝရဲ့အတ္တမာနနဲ့ ဘဝဒိဋ္ဌိကြိုးကို ပိုမို ခိုင်မာစေတဲ့ ကြိုးတစ်ချောင်းဆိုတာ ကျွန်မ အရင်က မသိခဲ့ပါ..။
ဝင့်ဝါလိုခြင်း မရှိသည့်တိုင် အသိအမှတ် ပြုတာလေးတော့ လိုချင်မိခဲ့ပါ တယ်..။
ဒါတွေ မလိုချင်ပါဘူး..အရေးမကြီးပါဘူးလို့ ကျွန်မက ပြောခဲ့ရင် ဒါဟာ ညာတာပဲဖြစ်ပါလိမ့်မယ်..။
ဘဝတဏှာ ရှိနေသေးတာ အထင်အရှားပေကိုး..။
အပါယ် မကျရင်ပဲ တော်ပါပြီဆိုတဲ့ ခံယူချက်ကလေးနဲ့ တရားရိပ်သာကို ဧည့်သည်သွား၊ ဧည့်သည်စားဖြင့် အချိန် တပိုင်းတစမျှသာ ဖဲ့ဖဲ့ပေး တတ်လေသော ချည့်နဲ့နဲ့ သဒ္စ္ဒါတရားကိုသာ ပိုင်ဆိုင်ခဲ့ပေသကိုး..။
လက်ရှိဘဝကို လွှတ်မချနိုင်သေး...လက်ရှိအချိန်ကို မခွဲဝေနိုင်သေး... လက်ရှိ အနေအထားကို မဖျက်ပစ်နိုင်သေး..။
စီမံကိန်းဖျက်.... အချိန်ပျောက် ပတ်ဝန်းကျင် ပျောက်စေသော ဝိပဿနာဥာဏ်သည် နုံနဲ့ လွန်းစွပါတကား..။
ဒေါက်တာ.. ဒေါက်တာ.... တာချင်းတူသော်လည်း ထွက်သက်ရဲ့ အဆုံးမှာ ပြိတ္တာဟူသော တာ... တစ်တာ... ရှိချင်လည်း ရှိနေနိုင်တာပါပဲ..။
ဆရာမ... ဆရာမ...... ဆိုသော်လည်း ထွက်သက်တစ်ချက်ရဲ့ အလွန်မှာ.... မသာမ ဆိုကာ.. မ ရရှာပါလိမ့်မယ်..။
ဘဝဟာ မနက်ဖြန်လား သဘက်ခါလား။ မကြာခင်လား ထွက်ခွာ သွားရလိမ့်မယ်...။
ကြိုတင်သိပြီး ထားလို့ ပြင်ဆင်ချိန် ရချင်မှလည်း... ရပါလိမ့်မယ်...။
ရုတ်တရက် ကောက်ခါငင်ခါ ဆိုသလို မျိုးလည်း ဖြစ်ပါလိမ့်မယ်..။
အသိုင်းအဝိုင်းအခြံ အရံတွေ ရှိနေချိန်လည်း ဖြစ်ချင်မှ ဖြစ်ပါမယ်...။
တစ်ဦးတည်း ငြိမ်သက် တိတ်ဆိတ်နေချိန်လည်း ဖြစ်နိုင်တာပါပဲ..။
အမှောင်နဲ့ ပိန်းပိတ် နေတာမျိုး..။
ရေတွေ မီးတွေနဲ့ မွန်းကျပ် ပိတ်ဆို့နေတာမျိုး..။
လင်းလက် ကျိန်းစပ်နေတာမျိုး ..။
လေထဲ...လွင့်ဝဲ ကျလာတဲ့ ကြယ် ကြွေ တစ်ပွင့်လို မျိုး....။
တစ်မျိုးမဟုတ် တစ်မျိုး .. တစ်မျိုးမျိုး နဲ့ လျောင်း ထိုင် ရပ် သွား.. လေးပါသော အနေအထား တစ်မျိုးမျိုး နဲ့ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာ ဆိုတာတော့ အသေအချာပါ..။
နှလုံးသွင်းတယ် ဆိုတာကတော့ တွေးတာပါပဲ ... စိတ်အစာ စားခြင်း တစ်မျိုးလို့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားက အလုပ်နဲ့ ယှဉ်တဲ့ စကားလုံးကို မှတ်မှတ်သားသား ဆင်ခြင်ရပါတယ်..။
ကျွန်မ အတွက် အလုပ်လုပ် လုပ်နေချိန်မှာ... စိတ်အစာ စားခွင့်ရရင်တော့ ဒီစိတ်အစာကို အပြည့်အဝ စာသုံးပါတယ်..။ ((သေရမှာ အသေအချာ.. မကြာခင်..)) ဆိုတဲ့ စိတ်အစာပါ..
ဘယ် ဘဝ ရရ. *ပြုံးရယ် မဲ့ငို.. ချစ်မုန်းပို * တဲ့... ဒီထက် ပိုတဲ့ ခံစားချက် ရှိပါသလား..။ မရှိပါ..။ ဘာများ ထူးဆန်းနေရအုံးမည်နည်း..။
ပြုံးခြင်း... ရယ်ခြင်း...မဲ့ခြင်း..ငိုခြင်း..ချစ်ခြင်း..မုန်းခြင်း စတာတွေထက် ပိုတဲ့ စာရင်း မရှိသေးပါ..ဒီစာရင်းထဲမှာပဲ နှလုံးသားလေးက မြုပ်တစ်ဝက် ပေါ်တစ်ဝက် လှည့်လည် နေကြရတာပါ..။
တဏှာ.. ဥပါဒါန်... ကံ ဖြစ်ပြီး ဒေါသ ကာယကံ၊ ဒေါသ ဝစီကံ.. ဒေါသ မနောကံတွေ ဖြစ်ကြရတာ...။
နေ့စဉ် ကျင်လည်ရတဲ့ ဘဝကို အပါယ် မကျအောင် ထိန်းချုပ်နိုင်စွမ်းတွေ ကင်းမဲ့ရတော့တာပါ..။
တက္ကသိုလ် ဆင်စွယ် နန်းတော်တဲ့....တက္ကသိုလ် ဆရာမဆိုတာ ဆင်စွယ်နန်းတော် ထဲကလို ဟန်ကျပန်ကျ.. မရုန်းကန် ရတော့တာအမှန်ပါ..။
ဒီလို ဘဝထဲကနေ ခံယူချက် တစ်ခုဖြင့် ရွှံတော့ဗွက်တော.... လယ်တော.. ယာတောထဲ ဆင်းခဲ့သော ကျွန်မသည် တခြားသူက ဘယ်လို ဝေဖန်ဝေဖန် အသင့်ပြင်ဆင်ပြီး စကားလုံးများ ဖြင့် ခံနိုင်ရည် ရှိခဲ့သော်လည်း .........
မမျှော်လင့်ထားတဲ့ နယ်ပယ်...ရိုသေလေးစားတဲ့ တပည့်များရဲ့ အဝန်းအဝိုင်းထဲမှ သနားစဖွယ် လူတစ်ဦးလို အထင်သေးလှစွာသော မှတ်ချက်မျိုး ရုတ်တရက် ပေးလာခဲ့လျှင် ကျွန်မ ယိုင်နဲ့ ပြိုလဲ ရတော့တာ. ဝမ်းနည်းအားငယ် ရတော့တာ..။
ဒေါသ အပူလှိုင်းရဲ့ ရိုက်ခတ်ချက်နဲ့ လောင်မြိုက်ရတော့တာ..။
ဘုန်းဘုန်းက ဆုံးမထားတယ်... ဘာကြောင့်ပူပူ..ကိုယ်ရှုံးတယ် တဲ့..။
ရှုံးတယ်ဆိုတာ ဘာလဲ...။
ဒူးထောက်ရတာလား..။
ရှက်ရွံ့ ခေါင်းငုံ့ရတာလား....။
ဒေါသနဲ့ ယှဉ်တဲ့ ကံ မြောက်ခဲ့ရင် အကုသိုလ် ဖြစ်ပြီး ရှုံးရတော့တဲ့အတွက်... အမြတ် မထွက်တော့တာကို ပြောတာဖြစ်ပါတယ်လို့ နားလည် ရပါတယ်..။
ဒေါသနဲ့ ယှဉ်တဲ့ ကံ မမြောက်ရင် မရှုံးတော့ပါဘူးတဲ့..။
ကျွန်မ ဘယ်သောခါ မှ မရှုံးချင်ပါ..။
ကိုယ်သိထား၊ လေ့လာထား၊ ကျင့်ကြံ အားထုတ်ထားသောသော တရားဓမ္မရဲ့ ဆုံးမမှုကြောင့် ကျေနပ်မှု တစ်စုံတစ်ရာဖြင့် တည်ကြည် ညိမ်သက်စွာ ပြုံးပြီးသာ နေချင်ပါတယ်...။
တကယ်တော့လည်း .... အခုနေသေရင် အကုန်တန်းလန်း ထားခဲ့ရမှာ...။
ဘာတွေ ယူသွားချင်သေးသနည်း။
ကျွန်မပြုခဲ့တဲ့ အကုသိုလ်က နွားခြေရာနောက် ကလှည်းဘီးလို.. ကျွန်မပြုခဲ့ဘူးတဲ့ ကုသိုလ်က အရိပ်လို လိုက်ပါမှာက လွဲပြီး ကျန်တာမှန်သမျှ ... ထားခဲ့ရမှာ...... အသေအချာ.....။
မုန်းသူတို့လည်း မုန်းပါစေ..... ချစ်သူတို့လည်း ချစ်ကြပါစေ...။
ဒါပေမဲ့ အားလုံးရဲ့ အမုန်းနဲ့ အချစ်များ အားလုံးကိုပေါ့နော်.။
မာန၊ အာဃာတ၊ ဒေါသ၊ နောင်တ ကျွန်မ ဘာမှ ယူမသွားဘူး ဆိုတာကိုတော့ မှာထား ခဲ့ချင်ပါတယ်..။
မေတ္တာဖြင့်
သစ္စာအလင်း
(၂၅.၈.၂၀၁၃)
မောက္ခပညာရေး မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment