ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

23/08/2013

မေတ္တာလွှမ်းတဲ့ မိဂဒါဝုန် နံနက်ခင်း

1. စီးဆင်း ရင်ခွင် | 8/23/2013 | 2. 3. 4. 5. 6. Best Blogger Tips
      မေတ္တာသည် အေးမျှခြင်း သဘောရှိ၍ သတ္တ၀ါတိုင်းအတွက် မရှိမဖြစ် လိုအပ်နေသော တရားပင် ဖြစ်၏။ မေတ္တာရှိသော ပတ်ဝန်းကျင်သည် အေးမျှ၏။ မေတ္တာဖြင့် လွှမ်းခြုံအပ်သော ကမ္ဘာသည် အမြဲပင် လုံခြုံနေမည်သာ ဖြစ်၏။ ထိုကြောင့် သတ္တ၀ါတိုင်းတို့သည် ကမ္ဘာကြီး ငြိမ်းချမ်း သာယာစေရန် မေတ္တာတရားကို မဖြစ်မနေ ပွားများကျင့်ကြံသင့်ကြပေ၏။ 

      ဘုရားရှင်တိုင်း ဓမ္မစကြာ တရားဦးဟောရာ မိဂဒါဝုန်သည် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ မဇ္ဈိမပဋိပဒါတရားသံတို့ဖြင့် နေ့စဉ်ပင် ပြန့်လွှင့်နေခဲ့ပေ၏။ ဗုဒ္ဓဘာသာ ဘုရားဖူးတို့သည် အမြဲပင် လာရောက်ဖူးမျှော်ကြကာ ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ကြသဖြင့် မိဂဒါဝုန်နှင့် မဇ္ဈိမပဋိပဒါသည် ကွဲခြားလို့မရအောင် ဒွန်တွဲ၍ နေခဲ့လေပြီ။ ထိုနေ့က မိဂဒါဝုန်တွင် ဓမ္မစကြာအပြင် မေတ္တာငွေ့တို့ပါ ထူးခြားစွာ ပြန့်လွင့်ခဲ့သည်။ ထိုကြောင့် မြေမြတ်မဟာတွင် စောက်ရှောက်ကြသည့် နတ်မြတ်နတ်ကောင်းအပေါင်းတို့သည် ပို၍ နှစ်သက်ကြလိမ့်မည် ထင်၏။

 

  ထိုနေ့ကား ၁၃၇၅-ခုနှစ်၊ ၀ါခေါင်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့ (၂၁-၀၈-၁၃) ဖြစ်၏။ ယင်းနေ့တွင် ဗာရာဏသီရောက် ပညာသင် မြန်မာရဟန်းတော်များ စုစည်းကာ မေတ္တာအခါတော်နေ့ကို မိဂဒါဝုန်၌ ကျင်းပခဲ့ကြသည်။ နံနက်(၉)နာရီအချိန် ဘုရားအရောက်ကြွကြရန် ပင့်ဖိတ်ထား၍ အချို့သံဃာတော်များ သဒ္ဓါတရား ထက်သန်စွာဖြင့် စောစီးစွာ ကြွရောက်ခဲ့ကြသည်၊ နံနက်(၉)နာရီတွင် သံဃာတော်များ စုံလင်ပြီဖြစ်၍ သံဃာတော်များ စီတန်းပြီး ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တော်တို့ကို ရွတ်ဖတ်ပူဇော်ပွားများကာ ဘုရားပရိဝုဏ်ထဲသို့ ၀င်ခဲ့ကြသည်၊ တရားဦးဟောရာ ဓမ္မရာဇိကစေတီတော်ကို လက်ရာရစ်ပတ်ပြီး ပူဇော်ကြသည်။ ယင်းနောက် စေတီတော်ရင်ပြင်တွင် စီတန်းကာ နေရာ ယူကြပြီး မေတ္တာအခါတော်နေ့ အခမ်းအနားကို အစီအစဉ်(၄)ရပ်တို့ဖြင့် ကျင်းပဖြစ်ခဲ့သည်။

      ဦးစွာ နမောတဿ-ဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် နတ်ဗြဟ္မာတို့ကို ဖိတ်မံကာ ဓမ္မစကြာ တရားတော်၊ မေတ္တာသုတ်တို့နှင့် ပရိတ်တရားတော်တို့ကို သံပြိုင်ညီညာစွာ ရွက်ဖတ် ပူဇော်ကြသည်။ ယင်းနောက် အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ၏ ပြည်တွင်း သြ၀ါဒါစရိယဖြစ်သော ဆေးဝင်္ကဘာကျောင်းဆရာတော်မှ မေတ္တာအခါတော်နေ့ အကြောင်းနှင့် သြ၀ါဒတို့ကို ချီးမြှင့်ကာ ကုသိုလ်၏ အဘို့ဘာဂကို (၃၁)တို့အား အမျှပေးဝေခဲ့ကြသည်။ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု- သုံးကြိမ် ရွက်ဖတ်ပြီး ရုတ်သိမ်းခဲ့ကြ၏။ ယင်းနောက် သံဃာတော်များ စုပေါင်းကာ ဓာတ်ပုံ မှတ်တမ်းတင်ကြသည်။ ပူဇော်ရာ ဓမ္မရာဇိက စေတီတော်၊ ဓမ္မေခစေတီတော်ကြီးတို့ကို ပါဝင်စေလျက် ဓာတ်ပုံယူခဲ့ကြသည်။ ရာသီဥတု သာယာသဖြင့် ရှုခင်းများ တောက်ပ ကြည်လင်နေကာ ဓာတ်ပုံကောင်းများကို ရိုက်ယူနိုင်ခဲ့သည်။ ညီညာစွာ စုစည်းကြသော သံဃာတော်တို့၏ ပုံရိပ်တို့သည် ဖူးမြင်ရသူတို့ကို ကုသိုလ်သဒ္ဓါ များစွာ တိုးပွားစေ၏။

   မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာပုံအကျဉ်းမှာ ဘုရားရှင်ခေတ်က ရဟန်းတော်ငါးရာ တို့သည် မြတ်ဗုဒ္ဓထံမှ ကမ္မဋ္ဌာန်းကို ယူပြီး တောအုပ်တစ်ခုတွင် ပထမ၀ါဆိုကာ တရားအားထုတ်ကြသည်။ ထိုအခါ မြေဘုတ်ဘီလူး၊ သစ်ပင်စောင့်နတ်၊ တောစောင့်နတ် စသည်တို့သည် သီလရှိသော ပုဂ္ဂိုလ်များ ရောက်လာသဖြင့် အမြင့်တို့တွင် မနေနိုင်ဘဲ သားသ္မီးတို့ကို လက်က ဆွဲကိုင်ကာ မြေပြင်တွင် နေကြရသဖြင့် ပင်ပန်းကြရ၏။ ထိုကြောင့် ရဟန်းတော်များ ယင်းတောအုပ်၌ မနေနိုင်စေရန် အမျိုးမျိုး ခြောက်လန့်ကြသဖြင့် ရဟန်းတော်များ တရားအားထုတ်လို့ မရကြပေ။ ထိုအခါ မထေရ်ကြီး၏ ဆုံးဖြတ်ချက် အတိုင်း ရဟန်းတော်အားလုံး ဘုရားရှင်ထံ ပြန်လာခဲ့ကြ၏။ 

    ထိုအချိန် ဘုရားရှင်က မေတ္တာသုတ်ကို ဟောကြားပြီး မေတ္တာလက်နက်ကို ကိုင်ဆောင်ကာ တောတွင်းဝင်ကြရန်၊ မေတ္တာကို အမြဲပွားကြရန် ညွှန်ကြားသဖြင့် တစ်ဖန် ပြန်လာကြရာ ပစ္ဆိမ၀ါဆိုအမှီ ၀ါခေါင်လပြည့်နေ့တွင် တောအုပ်သို့ ပြန်ရောက်ခဲ့ကြ၏။ ဘုရားရှင်၏ ညွှန်ကြားချက် အတိုင်း တောအုပ်အ၀င်မှ စကာ မေတ္တာပွားများကြသဖြင့် တောစောင့်နတ်စသော သတ္တ၀ါများ ချစ်ခင်ကြပြီး စောက်ရှောက်ပေးသောကြောင့် ကောင်းမွန်စွာ ကမ္မဋ္ဌာန်းအလုပ် လုပ်နိုင်ခဲ့ကြသည်။ ထိုအခါမှစ၍ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ဟု အမှတ်ရကြလေ၏။

       ဘုရားရှင်ခေတ်က သံဃာတော်အပါး (၆၀) တို့သည် မိဂဒါဝုန် ဤနေရာ၌ ယင်းကဲ့သို့ စုစည်းခဲ့ဖူးလေ၏။ ထိုအချိန်ကား မြတ်ဗုဒ္ဓ၏ ပထမ၀ါရပြီးခါစ ဖြစ်၏။ ယင်းအခါမှ စ၍ လောကကြီးတွင် သံဃာရတနာ ဖြစ်ပေါ်ခဲ့၏။ ၀ါကျွတ်ပြီဖြစ်၍ မြတ်စွာဘုရားက စရထ ဘိက္ခဝေ စာရိကံ-စသည်ဖြင့် သာသနာပြုသွားကြရန် ဤနေရာမှ စတင်ကာ စေလွှတ်ခဲ့၏။ ထိုကဲ့သို့ သံဃာ့ရတနာ စတင်ပေါ်ပေါက်ရာ မြေမြတ်မဟာတွင် ဗာရာဏသီရောက် မြန်မာသံဃာတော်များ ညီညွတ်စွာ စည်းဝေးခဲ့ကြသည်။ သမဂ္ဂရသ-ညီညွတ်ခြင်း၏ အရသာအဖြစ် ဓမ္မတို့ကို သံပြိုင် ရွတ်ဖတ်ပူဇော်ကြကာ ကုသိုလ်များစွာ ယူနိုင်ခဲ့ကြသည်။ 

     ယခုနှစ် ဗာရာဏသီမိုးသည် အထူးပင် ကောင်းမွန်လှ၏၊ နေ့စဉ်ရက်ဆက် သဲသဲမဲမဲ ရွာလွန်းသဖြင့် မေတ္တာအခါတော်နေ့ ရွတ်ဖတ်ပူဇော်ကြချိန်တွင် မိုးမှ လွတ်ပါ့မလားဟု ကြိုတင်၍ စိုးရိမ်ခဲ့သည်။ သို့သော် သံဃာတော်တို့၏ ဘုန်းကံကြောင့် ရွက်ဖတ်ပူဇော် ပွားများချိန် တစ်လျှောက်လုံး မိုးမရွာဘဲ အုံ့ဆိုင်းကာသာ ရှိနေခဲ့သည်။ ထိုကြောင့် သက်သောင့်သက်သာဖြင့် ရွတ်ဖတ်ပူဇော်ပွားများကာ ကုသိုလ်ယူနိုင် ခဲ့ကြသည်။ 

     ကုသိုလ်အခွင့်အရေးကို ကြည့်ကာ လှူဒါန်းခဲ့ကြသော ကုသိုလ်ရှင်တို့ကြောင့် ဤကဲ့သို့ စုစည်းဖြစ်ခဲ့ခြင်းဖြစ်၏။ အခွင့်အရေးကောင်းကို အမိဆုတ်ကိုင်ကာ ကံထူးခဲ့ကြသော ကုသိုလ်ရှင်တို့မှာ အမေရိကန်နိုင်ငံ၊ ပေါ့တလန်မြို့မှ အရှင်သိရိန္ဒနှင့် ဆန်ဖရန်စစ္စကိုမှ ဒါယကာ၊ ဒါယိကာမများပင် ဖြစ်၏။ သူတို့၏ လှူဒါန်းမှုကြောင့် ပြီးခဲ့သည့် ကဆုန်လပြည့်နေ့က ဗုဒ္ဓနေ့ကျင်းပဖြစ်သကဲ့သို့ မေတ္တာအခါတော်နေ့ ကျင်းပရာ ၀ါခေါင်လပြည့်နေ့၌လည်း သံဃာတော်အပါး (၅၀)တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းနိုင်ခဲ့သည်။ ဘုရားသို့ သံဃာတော်များသွားရန်အတွက် အဲယားကွန်းမှန်လုံ ဘတ်စ်ကားကြီးတစ်စီး၏ ငှားရန်းခ ကို ဆေးဝင်္ကဘာကျောင်းဆရာတော်မှ လှူဒါန်းပြီး မြတ်သော ယာဉ်ဒါန ပြုခဲ့ပေ၏။ အားလုံးသော အလှူရှင်များ စိတ်ချမ်းသာ ကိုယ်ကျမ္မာရှိစေရန်အတွက် သံဃာတော်များက မေတ္တာ အခါတော်နေ့တွင် မေတ္တာတော်တို့ကို အထူးပင် ပွားများခဲ့ကြသည်။

      နေ့ဆွမ်းကို ဆေးဝင်္က ဘာကျောင်းသား မောင်နိုင်လင်းမှ လက်စွမ်းပြ ချက်ပြုတ်ပြီး ဆက်ကပ်ပေ၏။ ဟင်းတို့မှာ စုံလင်ပြီး အရသာရှိလှသည်။ မောင်နိုင်လင်းမှာ အဆင်မြင့်ချက်ပြုတ်နည်း သင်တန်းဆင်း ဖြစ်၍ လက်ရာမှာလည်း အဆင့်မြင့်၏။ ငါးကျင်းကြော်၊ ကြက်သား မှို နို့ခဲ ဟင်းသီးဟင်းရွက် တို့ကို ရောနှောကာ ကြော်သည့် အစိမ်းကြော်၊ ၀က်သား၊ ချဉ်ပေါင်ရွက်နှင့် ကန်ဇွန်းရွက်ကို ရောနှောကာ ချက်သည့် ချဉ်ရေတို့ဖြစ်သည်။ အချိုပွဲမှာ ပန်းသီး၊ ငှက်ပျောသီး၊ ပိန္နဲသီး၊ ကိတ်မုန့်၊ ရေခဲမုန့်တို့ ဖြစ်၏။ ခဲဘွယ် ဘောဇဉ် စုံလင်သကဲ့သို့ အရသာလည်း ရှိလှ၏။ ထိုကြောင့် သံဃာတော်များ မြိန်ယှက်စွာ ဘုန်းပေးသုံးဆောင်ကြ၏။ နေ့ဆွမ်း၏ ကုန်ကျစရိတ်မှာ ရှုပီး တစ်သောင်းတစ်ထောင်ခန့် ဖြစ်၏။ သံဃာတော်များ၏ အပြန်ကားငှားခကိုလည်း လှူဒါန်းခဲ့၏။

    ရာသီဥတု အေးချမ်းသာယာခဲ့သော မိဂဒါဝုန်နံနက်ခင်းသည် ထိုနေ့က ကောင်းသော နံနက်ခင်းဖြစ်ခဲ့သည်။ ယင်းအပြင် သမဂ္ဂီဘူတ-ဖြစ်သော မြန်မာသံဃာတော် တို့၏ မေတ္တာတို့ဖြင့် လွှမ်းခြုံခဲ့သောကြောင့် မိဂဒါဝုန်နံနက်ခင်းသည် ပို၍ပင် အဓိပ္ပါယ်ပြည့်ဝခဲ့ပေ၏။ ထို့အတူ စာရှုသူတို့သည်လည်း မိမိတို့၏ ပတ်ဝန်းကျင် မိမိတို့၏ နေရာတို့ကို မေတ္တာတို့ဖြင့် အမြဲပင် လွှမ်းခြုံနိုင်ကြပါစေသတည်း။
 

သိမ်မွေ့ဦး (BHU)
 (၂၂-၀၈-၀၃)

No comments:

Post a Comment