အိန္ဒိယနိုင်ငံတွင် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ပတ်သက်သော ပွဲတော်များစွာ ရှိပေ၏။ ထိုပွဲတော်များအနက် ဆာဝန်(sawan)ပွဲတော်သည် နာမည်ကြီး ပွဲတော်တစ်ခုဖြစ်သည်။ ထိုပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဟိန္ဒူဘာသာဝင်များက စိတ်အား ထက်သန်စွာ ပါဝင်ဆင်နွဲကြသည်။ ထိုပွဲတော်သည် ဟောလီးပွဲတော်ကဲ့သို့ အချင်းချင်း ရေလောင်းကြသည့် ပွဲမဟုတ်ဘဲ သျှီဝ နတ်ဘုရားကို ဂင်္ဂါမြစ်ရေဖြင့် လောင်း၍ ပူဇော်ရသည့် ပွဲဖြစ်၏။ ထိုကြောင့် ဟိန္ဒူဘာသာဝင်များ သက်ဝင် ယုံကြည်မှု ပြင်းထန်စွာ ပါဝင်ပူဇော်ကြသည်။
ဆာဝန်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဟိန္ဒူပြက္ခဒိန်ရက်အရ ဇူလိုင်လနှင့် သြဂုတ်လ တို့တွင် တစ်လနီးပါး ကျင်းပလေ့ရှိသည်။ ယခုနှစ်ပြက္ခဒိန်အလိုအရ ယင်းပွဲတော်သည် ဇူလိုင်လ (၂၂)ရက်နေ့မှ စတင်ခဲ့ပြီး သြဂုတ်လ (၁၉)ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ သို့ဖြစ်၍ ယနေ့သည် ဆာဝန်ပွဲတော် ၏ နောက်ဆုံးရက်ဖြစ်ပေ၏။ ထိုကြောင့် ဟိန္ဒူဘုရားကျောင်းတို့တွင် လာရောက်ပူဇော်သူ တို့ဖြင့် ပြည့်နက်စည်ကားနေလေ၏။
ယင်းပွဲတော်ရောက်လျှင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားတို့သည် လိမ္မော်ရောင် အကျီင်္နှင့် ဘောင်းဘီတိုတို့ကို ၀တ်ဆင်ကြပြီး ပခုံးတွင် လိမ္မော်ရောင် သဘက်ကို ပတ်ကာ နှဖူးတွင် လိမ္မော်ရောင် အ၀တ်စတို့ကို စည်းကြသည်။ ထိုအင်္ကျီနှင့် ဘဘက်၊ အ၀တ်စတို့တွင် သျှီဝ နတ်ဘုရားပုံနှင့် ဥုံဟူသော စာတမ်းတို့ကို ရေးဆွဲထားကြသည်။ ပခုံးတွင် ထမ်းပိုးတစ်ချောင်းဖြင့် မြေအိုးငယ် ကလေး နှစ်လုံးတို့ကို ထမ်းကြသည်။ ထမ်းပိုးကို အရောင်မျိုးစုံ အလှမျိုးစုံဖြင့် တန်ဆာချယ်ကြ၏။ ယင်းနောက် ဂင်္ဂါမြစ်မှ ရေကို မြေအိုးထဲထည့်ကာ အ၀တ်စ မြေအိုးဖုံးတို့ဖြင့် သေချာစွာပိတ်ပြီး သျှီဝနတ်ဘုရား ကျောင်းသို့ သွားရောက်ကာ ထိုဂင်္ဂါရေကို သွန်းလောင်းလျှက် ပူဇော်ကြသည်။ ပူဇော်ရန် သွားကြရာတွင် ဖိနပ် မစီးရပေ။ ဟိန္ဒူဆာဒူး ဘုန်းကြီးများ လိမ္မော်ရောင် အ၀တ်ကို ၀တ်ဆင်ကြသကဲ့သို့ ယင်းပွဲတော်တွင် ဂင်္ဂါမြစ်ရေကို သယ်ဆောင်ကာ ပူဇော်ကြသူအားလုံး ယင်းလိမ္မော်ရောင် အ၀တ်တို့ကိုသာ ၀တ်ဆင်ကြရသည်။
အထူးသဖြင့် ဗာရာဏသီ၊ ဟရိဒွါ (Haridwar) တို့နှင့် ဗီဟာပြည်နယ်ရှိ ဒီယဂတ်(Deogarh) ဟူသော သုံးဌာနတို့၌ စည်းကားစွာ ကျင်းပလေ့ရှိသည်။ ပူဇော်ရန် သွားကြသူတို့သည် မိမိတို့နှင့်ဆက်စပ်ရာ မိသားစု၊ မိတ်ဆွေ၊ အိမ်နီးနားချင်း စသည် အချင်းချင်း အုပ်စုဖွဲ့၍ သွားရောက်ကြသည်။ တစ်ချို့ အဖွဲ့က တစ်ပတ်၊ တစ်ချို့ အဖွဲ့က (၁၀) ရက် စသည်ဖြင့် မိမိတို့ သတ်မှတ်သည့်ရက်အတိုင်း လမ်းလျှောက်သွားကာ ပူဇော်ကြသည်။ တစ်ချို့အဖွဲ့တို့ကား မိမိတို့အဖွဲ့၏ အင်အားအလိုက် ကားကြီး၊ ကားငယ်၊ ဆိုင်ကယ် စသည်တို့ဖြင့် သွားရောက်ကြ၏၊ ကားပေါ်တို့တွင် အသံချဲ့စက်တို့ဖြင့် Bol bam kawariya ပွဲတော်သီချင်းတို့ကို ဖွင့်ကြပြီး ပျော်ပျော်ပါးပါးဖြင့် သွားကြသည်။ ထိုပွဲတော်သီချင်းတို့သည် အမိမြန်မာပြည် သင်္ကြန်သီချင်းများကဲ့သို့ နှစ်စဉ်နှစ်တိုင်း အသစ် အသစ် စီဒီခွေများစွာ ထွတ်ရှိလေ၏။ သျှီဝကျောင်းတို့တွင်လည်း ထိုသီချင်းတို့ကို ကျယ်လောင်စွာ ဖွင့်ထားလေ၏။
ပူဇော်ရန်သွားကြသူတို့သည် ပွဲတော်သီချင်းတို့ကို ဆူညံစွာ ဖွင့်ကြပြီး အုပ်စုလိုက် ကားကြီး ကားငယ်တို့ဖြင့် သွားရောက်လေ့ရှိသဖြင့် မြန်မာနိုင်ငံမှ သင်္ကြန်ပွဲတော်နှင့် ခပ်ဆင်ဆင် တူသည်။ ခြားနားသည်မှာ ဆင်နွဲသူအားလုံး လိမ္မော်ရောင် ပွဲတော်ဝတ်စုံကို သာ ၀င်ဆင်ကြသည်။ ရထားတို့တွင်လည်း လိမ္မော်ရောင် သန်းနေကာ ရေလှူရန် သွားကြသူတို့ဖြင့် ပြည့်နေလေ၏။ လမ်းဘေးတစ်လျှောက်တွင်လည်း လမ်းလျှောက်ကာ သျှီဝ ကျောင်းသို့ သွားနေကြသော ပူဇော်သူတို့ဖြင့် ပြည့်သိပ်နေလေ၏။ နှစ်စဉ်နှစ်တိုင်း ယင်းဘာဘာရေးပွဲတော်ကို ဟိန္ဒူဘာသာဝင် သန်းချီဆင်နွဲကြသည်။ တစ်ချို့သူတို့မှာ အကျိုးများစေရန်အတွက် မနားတမ်းပင် လမ်းလျှောက် သွားကြသည်။ (၁၀၅) ကီလိုမီတာအထိ လမ်းလျှောက်သွားကာ ပူဇော်ကြသည်ဟု သိရသည်။ ဖိနပ်မစီးဘဲ သွားကြရသဖြင့် ပင်ပန်းမည်မှာ သေချာ၏။ များသောအားဖြင့် လူငယ်၊ လူလတ် အမျိုးသားတို့ ပါဝင်ကြပြီး လူကြီးတို့နှင့်အမျိုးသမီး အချို့ကိုလည်း တွေ့ရ၏။
ဂင်္ဂါမြစ်ရေကို မြေအိုးလေးထဲတွင် ထည့်ထမ်းကာ သျှီဝကျောင်းသို့ ပူဇော်ရန် သွားကြသူတို့သည် လမ်းတစ်လျှောက် ဗိုး ဗမ် (bol bam)ဟုလည်းကောင်း၊ ဥုံ နမော သျှီဝ (Om Namoh Shivaya) ဟု လည်းကောင်း ရွက်ဆိုကာ ပူဇော်ကြသည်။ ပွဲတော်ကို ဗိုး ဗမ် က၀ရိယ ပွဲ (Bol Bam Kawariya) ဟု တစ်ချို့ ခေါ်ကြ၏။ ဗမ်(bam) ဟူသည် ဗြဟ္မာကို အတိုနာမည် သုံးစွဲခြင်းဖြစ်ပြီး က၀ရိယ (kawariya) ဟူသည် ဆာဒူး ပုဂ္ဂိုလ်ကို သုံးစွဲခြင်းဖြစ်သည်။ ဗာရာဏသီသို့ ပူဇော်ရန် လာကြသူတို့သည် ဦးစွာ အလဟာဘတ် (Allahabad)မြို့မှ ဂင်္ဂါမြစ်ရေကို ခပ်ခဲ့ပြီး ဗာရာဏသီမြို့ရှိ နာမည်ကြီး ကာသျှိ ၀ိသျှဝန သျှီဝ နတ်ဘုရားကျောင်းသို့ သွားရောက် သွန်းလောင်းကာ ပူဇော်ကြ၏။ အချို့က ဗာရာဏသီမှ ဂင်္ဂါမြစ်ရေကို ခပ်ခဲ့ပြီး မိမိတို့ အိမ်သို့ သယ်ဆောင်ခဲ့ကာ သျှီဝနတ်ကို သွန်းလောင်း၍ ပူဇော်ကြ၏။
အလားတူ ဗီဟာပြည်နယ်တွင်လည်း စည်ကားပေ၏။ ယင်းပွဲတော်ရက်အတွင်း ရာဇဂြိုဟ် နာမည်ကြီး ရေပူစမ်းတွင် ပူဇော်ရန်သွားရင်း ရေချိုးသူတို့ဖြင့်သာ ပြည့်သိပ်နေလေ၏။ ယူဆောင်လာခဲ့သော ဂင်္ဂါမြစ်ရေကို သျှီဝနတ်ဘုရားကျောင်းတိုင်းတွင် သွန်းလောင်း ပူဇော်ခြင်းမျိုး မဟုတ်ဘဲ မိမိရည်မှန်းထားသည့် အဓိကနတ် ဘုရားကျောင်း၌သာ ရေသွန်းလောင်း ပူဇော်မှုပြုသည်ဟု သိရပေ၏။
နှစ်စဉ်နှစ်တိုင်း ယင်းပွဲတော်ကို ၀ါဆိုဦး၊ ၀ါဆိုပြီးခါစတွင် ကျင်းပမြဲဖြစ်၍ မိမိအနေဖြင့် တစ်မြို့လုံး လိမ္မော်ရောင် ၀တ်စုံ လွမ်းနေသည်ကို မြင်ရလျင် ၀ါဆိုရတော့မည်ကို သတိရစေသည်။ မြန်မာနိုင်ငံ၌ ၀ါဆိုဦး၊ ၀ါတွင်းတို့တွင် ဘာသာရေး အသင်းအဖွဲ့များက တရားပွဲလုပ်ရန်၊ အာရုဏ်ဆွမ်းလောင်းလှူရန် အက၊အခုန်တို့ဖြင့် အလှူခံထွတ်သည့် ဓလေ့ပုံရိပ်တို့ကို ယင်းပွဲတော်မြင်တိုင်း အမှတ်ရမိသည်။ ဟိန္ဒူဘာသာရေးပွဲတော်များကား ဗာရာဏသီရောက် မိမိအတွက် လေ့လာဆည်းပူး၍ မကုန်နိုင်အောင် များပြားလှလေ၏။ အထူးပင် စိတ်ဝင်စားဖွယ်လည်း ကောင်းလှပေ၏။
သိမ်မွေ့ဦး (BHU)
(19-08-13)
၂၀၁၃-ခု၊ ဗိုး ဗမ်း သီချင်းအသစ်တို့ကို ယင်းလင့်ခ်တွင် နားဆင်နိုင်သည်။
http://www.youtube.com/watch?v=AEGYIw7E1PU&list=PLCqWLShJxG33HLlX684Nfw5L6HYDt1Ewv
၂၀၁၃-ခု၊ ဗိုး ဗမ်း သီချင်းအသစ်တို့ကို ယင်းလင့်ခ်တွင် နားဆင်နိုင်သည်။
http://www.youtube.com/watch?v=AEGYIw7E1PU&list=PLCqWLShJxG33HLlX684Nfw5L6HYDt1Ewv
No comments:
Post a Comment