ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

01/09/2013

ဒီနေ့ တွေးမိတွေးရာ (၇)

1. စီးဆင်း ရင်ခွင် | 9/01/2013 | 2. 3. 4. 5. 6. Best Blogger Tips
                     ကိုယ်နှုတ်စိတ်တွင်၊ အလှပြင်၊ နေ့စဉ် နံနက်ခါ။ 
                     ကိုယ်နှုတ်စိတ်တွင်၊ အလှပြင်၊ နေ့စဉ် နေ့ခင်းခါ။ 
                     ကိုယ်နှုတ်စိတ်တွင်၊ အလှပြင်၊ နေ့စဉ် ညချမ်းခါ။
                     ငါးပါးသီလ၊ လုံခြုံက၊ မုချလှမည်သာ။ 
                     ကိုယ်ကျင့်သီလ၊ ကောင်းမွန်က၊ မုချလှမည်သာ။ 
                                                  (မဟာသုဗောဓာရုံဆရာတော်ဘုရားကြီး) 

     သက်ရှိလူသားတိုင်း လှချင်ကြတာမဟုတ်လား။ လှချင်ကြတော့လဲ လှပအောင် ပြင်ကြရပြီပေါ့။ လှဖို့အတွက် ငွေကုန်၊ အချိန်ကုန်ခံပြီး အမျိုးမျိုးပြုပြင်ကြရတယ်။ ပြုပြင်တဲ့ အလှဟာ တခဏတော့ အဆင်ပြေ လှပပါတယ်။ ဒါပေမယ့် အချိန်တန်တော့ အလှတွေ ပျက်ပြီး အိုကြရတာပါပဲ။ မမြဲတဲ့ ရုပ်အလှကို ပြင်ထားတော့ အလှမမြဲတော့ဘူးပေါ့။ အမြဲတန်း အိုသည်ထိတိုင်အောင် လှပဖို့ဆိုတာ စိတ်အလှကို ပြင်မှ ဖြစ်မှာပါ။ လူသားတိုင်း ကိုယ်ကျင့်သီလတွေ ကောင်းမွန်နေကြမယ်ဆိုရင် ငါးပါးသီလတွေ လုံခြုံနေကြမယ်ဆိုရင် အိုသည့်တိုင်အောင် အလှမပျက်ဘဲ လှပနေပါမှာ။ ကိုယ်အလှတင် သာမက စိတ်အလှ ကိုလည်း ပြုပြင်ဖို့ အရေးကြီးတယ်မဟုတ်လား။ 


     နယူးဒေလီ တက္ကသိုလ်ကြီးမှာ ပညာသင်ကြားနေတဲ့ မိတ်ဆွေရဟန်းတော် တစ်ပါးက ဖုန်းဆက်လာတယ်။ ဒီနေ့- မျက်စိတစ်ဖက်က ပါဝါလေးရာကျော် တစ်ဖက်က ပါဝါ ခုနှစ်ရာလောက် မျက်မှန်ကို တတ်ဆင်ထားရတဲ့ မိတ်ဆွေကြီးတစ်ပါးက သူရဲ့ မျက်လုံးတွေကို လေဆာနဲ့ ကုတာ အောင်မြင်သတဲ့။ ခု မျက်မှန်လွတ်တော့မယ်တဲ့။ ဒေလီက ပုဂ္ဂလိကမျက်စီဆေးခန်းတစ်ခုမှာ ကုသဖြစ်သတဲ့။ မိတ်ဆွေရဟန်းတော်ပြောတဲ့ မျက်စိကုသမှု သတင်းဟာ ပါဝါနှစ်ရာကို တတ်ထားရတဲ့ ကိုယ့်အတွက် အတော်လေး စိတ်ဝင်စားသွားမိတယ်။ ဒါနဲ့ ဆက်ပြီး စပ်စုကြည့်တော့…

       လေဆာနဲ့ ကုသမှုဈေးက သုံးမျိုးရှိတယ်။ ရှုပီး သုံးသောင်းကျော်၊ လေးသောင်း၊ ရှစ်သောင်းကျော်ဆိုပြီး ခွဲခြားထားတယ်။ သုံးသောင်းကျော် လေးသောင်းတို့ကတော့ ကုသပြီးရင် အချိန်ပေးပြီး အနားယူရမယ်။ ရာနှုံးပြည့် အာမခံတဲ့ အဆင့်တော့ မဟုတ်ဘူး။ ရှစ်သောင်းကျော်ကတော့ ပိုသေချာတယ်။ စက်နှစ်လုံးနဲ့ ကုတယ်။ ပထမစက်နဲ့ မျက်လုံးထဲက အမှိုက်တွေ ထင်ပါရဲ့။ အဲဒါတွေကို ရှင်းပစ်လိုက်တယ်။ ဒုတိယစက်နဲ့ မျက်စိကိုကာထားတဲ့ အသားတွေကို လှန်ပြီး လေဆာနဲ့ ကုတာ။ ပြီးရင် နေကာမျက်မှန် တစ်ရက်တတ်၊ ပြီးရင် ပါဝါမပါတဲ့ ရိုးရိုး အလှမျက်မှန် တစ်ပတ်တတ်ထားပြီးရင် ကောင်းပြီ။ ပါဝါမျက်မှန် တတ်စရာ မလိုတော့ဘူး။

 ဘုန်းကြီးလှတဲ့ မိတ်ဆွေရဟန်းတော်ကြီးကတော့ ရှစ်သောင်းကျော်ကုသမှုကို ရွေးချယ်လိုက်သတဲ့။ ကုသချိန်(၂)နာရီသာ ကြာခဲ့ပြီး ခုတော့ ထိုမိတ်ဆွေရဟန်းတော်ဟာ နေကာမျက်မှန်အကောင်းစားကြီးနဲ့ အခန့်သားဖြစ်နေတယ်ဆိုပဲ။ ဗလက တောင့်တောင့် မျက်မှန်အမဲကြီးကလဲ တပ်ထားသေးဆိုတော့ အဆိုတော် ခင်မောင်တိုးနဲ့များ တူနေမလားမသိဘူး။ ဖုန်းဆက်သူကို သိချင်တာ မစုံသေးလို့ ထပ်စပ်စုတယ်။ ပါဝါမျက်မှန် တတ်ထားရတဲ့ သူတိုင်း ကုလို့ ရသလားပေါ့။ အဲဒီလိုတော့ မဟုတ်ဘူး။ ပါဝါ (၄၀၀)အထက် တပ်ထားရတဲ့သူမှ လေဆာနဲ့ကုလို့ ရတယ်။ မျက်သား ပါးရင်လဲ ကုလို့မရဘူး။ အသက်ကြီးရင်လဲ ကုလို့မရဘူး။ အသက်ကြီးရင် မျက်လွှာတွေ ပျက်စီးမှာစိုးလို့ ကုသရင် စွန့်စားရလိမ့်မယ်။ ဒါကြောင့် မရဘူးလို့ပြောတယ်။

          အော်-ဒီလိုလား။ ဒီလောက်ဆိုရပြီ။ သိချင်တာ စုံပြီ။ ကိုယ်အရွယ်က အသက်အားဖြင့် ကုလို့ရပေမဲ့ ပါဝါက(၂၀၀)ဆိုတော့ လေဆာနဲ့ မဖြစ်သေး။ ဒါကြောင့် ရွှေမျက်မှန်ကြီး တကားကားနဲ့ တပ်ထားပေအုံးပေါ့။ ခုဆို မျက်စိကုသမှုက မြန်မာမှာလဲ တော်တော်ကောင်းနေပြီ။ သီတဂူမျက်စိဆေးရုံတွေ ပေါ်လာတာကိုက မျက်စိဝေဒနာရှင် တွေအတွက် အားတက်စရာ ကောင်းတယ်။ သိပ်လဲ အကျိုးများနေတယ်။ မှုန်ချင်သလောက် မှုန်ပါစေ။ ဆေးပညာတွေ တိုးတက်လာတော့ အလင်းတွေ ပြန်ရနိုင်ပြီပေါ့။ 

        လွန်ခဲ့တဲ့ နှစ်လက ပုနေးမြို့ကို အလည်ရောက်ခဲ့တယ်။ ခရီးရောက်မဆိုက် မောင်ရှင်ငယ် တစ်ပါးက “နောင်ကြီး ညီတော်မောင်က မင်းကုသ ဘ၀ကနေ ခု လွတ်သွားပြီ “တဲ့။ ဘာ.. ဘယ်လို ဘယ်လို..။ သေချာပြန်မေးမှ ဂဃနဏ သိရတော့တယ်။ ညီတော်မောင်တစ်ပါး အသက်ငယ်ငယ်ပေမဲ့ ၀က်ခြံတွေ ဗရဗွကြောင့် ကျောက်ပေါက် မျက်နှာလို ဖြစ်နေတယ်။ လူက ချောချင်ပေမဲ့ ၀က်ခြံက ဖျက်နေတာကလား။ ပုနေးမြို့က အရေးပြားနဲ့ ဆံပင် သီးသန့် ဆေးခန်းမှာ ငါးလလောက်ကုလိုက်တာ လုံးဝ စင်းလုံးချောဖြစ်သွားဆိုပဲ။ မောင်ရှင်လေးမျက်နှာဟာ ခုတော့ မော်ဒယ်ဘွိုင်းတွေတောင် ရှုံးလောက် တယ်တဲ့။ တစ်နှစ်လောက် ကုရမှာဖြစ်ပေမဲ့ ငါးလနဲ့တင် မျက်နှာပြင်တစ်ခုလုံး ပြောင်ချော သွားတယ်။ ဒေါ်လာလဲ ငါးရာလောက် စွန့်လိုက်ရသတဲ့။ ကောင်းပါပေ့။ ကျေနပ်ပျော်ရွင်နေတဲ့ ညီမောင်တို့ရဲ့ ပီတိသံတွေကို စားသုံးရပါဘိ။ 

                    ဒီလောက်ဆို တော်သေး။ နောင်တော်ကြီးလဲ ရောက်တုံးရောက်ခိုက် ပြကြည့်ပါလားတဲ့။ အဆင်ပြေရင် နောင်တော်ကြီးအသက်တွေ ထက်ဝက်လောက် ပြန်ငယ်သွားမှာတဲ့။ ဒီကလေးတွေရဲ့ အလိုက်မသိမှုကြောင့် အရင်ကတဲက လှချင်နေတဲ့ ကိုယ့်အတွက် ပြချင်သလို ကုသချင် သလို ဖြစ်နေတော့တာ။ 

     ကိုယ်က မျက်နှာမဟုတ်ဘူး။ ခေါင်းက ဆံပင်လေ။ မျိုးရိုးလိုက်တာ ထင်ပါရဲ့။ အသက်(၂၀)လောက်က တဲက ဆံပင်တွေ စကြွက်ခဲ့တာ ခုတော့ ပြောင်းသလင်းခါနေပြီ။ မသိရင် ခေါင်းကြည့်ပြီး အသက် (၆၀) ထင်ရတာ။ ကိုယ်ထက် (၁၀)၀ါလောက် ကြီးတဲ့သူတွေကလဲ တွေ့ရင် ကုန်းဝတ်ချတတ် လွန်းလို့ တောင်းပန်ရပေါင်းလဲ များနေပြီ။ ကိုယ့်အဖေခေါင်းကလဲ အတော်ပြောင်တာကိုး။ ဒါကြောင့် မျိုးရိုးပဲ လို့ သတ်မှတ်မိတယ်။ ဒါပေမယ့် ပြောင်တာတော့ မကြိုက်ဘူးလေ။ သင်္ခါရသဘောပေမို့ အရှိတရားကိုတော့ လက်ခံရတာပေါ့။ ဘုန်းကြီးဘ၀ပဲ ခေါင်းရိတ်ရ သက်သာတာပေါ့ လို့ အားပေးသူတွေက အားပေးကြပါရဲ့။ ကိုယ်လဲ ရှုနီဆိုတဲ့ ဘောလုံးသမားကို အတော် အားကျခဲ့တယ်။ သူ့ရဲ့ ခြေစွမ်းတစ်ခုတည်းကြောင့် မဟုတ်ဘူး။ ခေါင်က ဆံပင်တွေ ပြန်ပေါက်ပြီး ငပြောင်လေး ဘ၀က လွတ်သွားတာကိုပါ အားကျတာ။ သူတော့ ပြန်စိုက်လိုက်တာ မြန်မာငွေနဲ့ဆို သိန်းနှစ်ရာကျော်လောက် ကုန်သတဲ့။ 

    ဒါနဲ့ ရောက်တုံးရောက်ခိုက် ညီတော်မောင်တွေခြံရံပြီး ပုနေးမြို့က ဆေးခန်းကို ချီတက်ပေါ့။ မြှောက်သူတွေက မြှောက် မြောက်သူက မြောက်။ ဟုတ်လို့၊ အတိုင်အဖောက် ညီလို့။ ရောက်တော့ ဆေးခန်းက အဲယားကွန်း ဆေးခန်းကြီး၊ မြင်ရတာကိုက အားတက်စရာ။ အရေပြားနဲ့ ဆံပင် သီးသန့်။ အိုကေ၊ ကြိုက်ပြီ။ လိမ်းဆေး၊ သောက်ဆေးရရင် ၀ယ်မယ် လိမ်းမယ် သောက်မယ်ပေါ့။ ဆွေးနွေးကြည့်တော့ ဆံပင်ပြန်ပေါက်ဖို့ (၅၀)ရာခိုင်နှုန်း အာမခံတယ်တဲ့။ ဒါပေမယ့်။ အဲဒီ ဒါပေမယ့်ကြီးကြောင့် ငပြောင်ဟာ ငပြောင်ပဲ ထပ်ဖြစ်တော့တာ။ ပုနေးမှာ တစ်နှစ်လောက်နေပြီး ကုရမယ်တဲ့။ အစတော့ တစ်ပတ်တစ်ခါလာပြ အကြောနှိပ် ဆေးလိမ်း  ဆေးသောက်။ နဲနဲကြာလာတော့ နှစ်ပတ်တစ်ခါ။ အဲဒီလိုနဲ့ တစ်နှစ်ကုလိုက်ရင် အိုကေဆိုပဲ။ အိန္ဒိယ တောင်ပိုင်းနှင့် မြောက်ပိုင်း ဘယ်လိုမှ မဖြစ်။ ဒီလိုနဲ့ အောင်မြင်စွာ လက်မြှောက် ပြန်ခဲ့ကြ။

     တွေ့ကြုံခဲ့ရတာလေးတွေကို တွေးမိလို့ ချရေးလိုက်တာပါ။ အိန္ဒိယဆိုတိုင်း ဆေးကုလို့ ကောင်းတာတော့ မဟုတ်ပါဘူး။ ဒေါက်တာရမ်းကုတွေက ပေါပါဘိသနဲ့။ အနည်းငယ်မျှသော ပုဂ္ဂလိက အထူးဆေးခန်းတွေလောက်ပဲ ကောင်းတာပါ။ ပြည်ဗာရာ မှာဆို ဆေးခန်းကောင်းတောင် ရှိမယ်မထင်ဘူး။ ကိုယ်တွေ့မို့ တကယ်ပြောတာပါ။ နှိမ်တာ အထင်သေးတာ တစ်ခုမှမပါဘူး။ 

     အသက်နဲ့အတူ တရားမဖက်ခဲ့သေးသမျှတော့ လှချင်နေအုံးမှာပါပဲလေ။ တရားမရှိသရွေ့တော့ ကြီးလေ ပြင်လေ ဖြစ်နေအုံးမယ်ထင်ပါတယ်။ ရုပ်အလှနဲ့အတူ စိတ်အလှလဲ ပြင်နေတယ်ဆိုရင်တော့ အပြစ်ဆိုစရာ မရှိပါဘူး။ အဓိကတော့ စိတ်အလှကို ကိုယ့်ကျင့်သီလနဲ့ ပြင်ပေးနေဖို့ အရေးကြီးပါတယ်။ ကျမ္မာရေးကြောင့် ကုသကြတဲ့ အရှင်မြတ်နှစ်ပါးကို အပြစ်ဆိုစရာ မရှိပါဘူး။ အနာဂါတ်သာသနာ ထမ်းပိုးနိုင်ဖို့အတွက် ကုသမှုနဲ့ အောင်မြင်မှုကို အထူး ၀မ်းသာမိပါတယ်။ သူတို့ကို အားကျပြီး စူးစမ်းမိတဲ့ ကိုယ့်အကြောင်းကိုယ် တွေးမိတာပါ။ မကြီးမငယ်နဲ့ လှချင်နေသေးတဲ့ ကိုယ့်ကိုယ်ကို ပြန်လည် ဆုံးမနေမိတာဆိုရင် ပိုမှန်လိမ့်မယ်ထင်ပါတယ်။ ကိုယ်နှုတ်စိတ် သုံးခုလုံး အမြဲ အလှပြင်နိုင်အောင် ကြိုးစားရပါအုံးမယ်။ 

သိမ်မွေ့ဦး (BHU) 
 (1-9-13)

No comments:

Post a Comment