တဏှာပူးတဲ့၊ အရူးတွေမှာ၊ အမူးမပြေ၊ ပင်ပန်းရှာကြလေး…။
တဏှာကြိုက်တဲ့၊ အမိုက်တွေမှာ၊ အဟိုက်မပြေ၊ ပင်ပန်းရှာကြလေး…။
တဏှာဖမ်းတဲ့၊ အကန်းတွေမှာ၊ အပန်းမပြေ၊ ပင်ပန်းရှာကြလေး...။
အဆိုတော် ရီရီသန့်၏ သီချင်းသံသည် သူ၏အခန်းကျဉ်းလေး တစ်ခုလုံးကို ပျံ့နှံ့နေခဲ့သည်။ လယ်တီဆရာတော်ကြီး၏ နိဗ္ဗန္ဒတေးထပ်ကို သီချင်းဟန်ဖြင့် သီဆိုထားခြင်းဖြစ်၍ စာသားများက ထိထိမိမိရှိသည်။ ပြောင်မြောက်သည်။ ထို့အပြင် အဆိုတော်က သီဆိုရာတွင် အစွဲ အငင် အဖြတ် အတောက် လေယူလေသိမ်းတို့တွင် ကျွမ်းကျင်ပိုင်နိုင်မှုရှိသောကြောင့် နားထောင်သူတို့ကို စွဲမက်စေသည်။ အကြိမ်ကြိမ် နားထောင်မိခြင်းနှင့်အတူ တေးထပ်စာသားတို့သည် သူ၏ရင်ထဲသို့ ရောက်ရှိလာခဲ့၏။ သီချင်းနားထောင်းနေရင်း တရားနာယူနေရသည့်ပမာ သံဝေဂဥာဏ်တို့ ဖြစ်ရပေသည်။ နိဗ္ဗိန္ဒတေးထပ် သည် သူလို အန္ဓပုထုဇဉ်တစ်ယောက်၏ ရင်ဘတ်ကြီးအား ကွတ်တိ ထိမှန်သော တေးထပ် ပင် ဖြစ်တော့၏။
ယခုရောက်ရှိနေသော လူ့ဘ၀၏ သက်တမ်းကို (၇၅)နှစ်တန်းဟု သတ်မှတ်ပါမူ သူ့အသက်သည် သက်တမ်း၏ ထက်ဝက်နီးပါး ရှိခဲ့ပြီ။ လူ့ဘ၀တစ်ခု၏ မွန်းတည့်ခါနီး အချိန်ပင် ဖြစ်၏။ အရွယ်တို့ ကြီးရင့်ပြောင်းလဲလာသည်နှင့် အမျှ အကြိုက်တို့သည်လည်း ပြောင်းလဲလာခဲ့လေ၏။ ငယ်စဉ်က နှစ်သက်ခဲ့သောအရာတို့နှင့် ခုအရွယ် နှစ်ခြိုက်မိသော အရာများသည် လုံးဝပင် ခြား နားခဲ့လေ၏။ သူ၏အရွယ်သည် ဇရာအို အချိန် မဟုတ်သေး သော်လည်း ငယ်ရွယ်စဉ်ကကဲ့သို့သော လျင်မြန်ခြင်းမျိုးတို့ကမူ တစ်ဖြေးဖြေး ဆုတ်ယုတ်လာခဲ့ပြီ။
ငယ်စဉ်က မြန်မာသီချင်းကြီးတို့ကို နားထောင်ရလျှင် အိပ်ငိုက်သွားခဲ့သည်။ သီချင်းကြီးတို့၏ သံစဉ်နှင့် စာသားတို့ကို လုံးဝ ခံစား၍ မရခဲ့ပေ။ အေးဆေးသော ဟန်ပန် အမူအရာဖြင့် သီဆိုကြသော အဆိုတော်ကြီးတို့ကို မြင်ရသည်မှာ ပို၍ပင် ပျင်းရိခဲ့သည်။ အသံ ဇာတ်လမ်းများကို နှစ်သက်ခဲ့သော်လည်း ဇာတ်ထုတ်ကြီးများကိုမူ ထိန့်လန့်မိခဲ့လေ ၏။ သူ၏ရွာဓလေ့မှာ အသုဘ၌သာ ဇာတ်ထုပ်များ ဖွင့်လေ့ရှိသဖြင့် ငယ်စဉ်က ဇာတ်ထုပ်ဖွင့်သံ ကြားရလျှင် ကြောက်ရွံ့မိပြီ။ ထိုအချိန်ဆိုလျှင် မိဘတို့၏ အနီးနားသို့ ပြေးကပ်ကာ နေရလေ၏။
ယခုအရွယ်တွင်မူ အကြိုက်များကား ယင်းသို့ မဟုတ်ပြီ။ သီချင်းတို့တွင် မြန်မာသီချင်းကြီးများကို နားထောင်ရမှ အရသာတွေ့တော့သည်။ မြန်မာသီချင်းကြီးတို့၏ စာသားတို့မှာ အဓိပ္ပါယ်ပြည့်ဝလှပြီး အဆိုတော်ကြီးတို့၏ ဆိုပုံဆိုဟန် လေယူလေသိမ်း ကအစ ထိထိမိမိရှိလှသည်ဟု ခံစားရသည်။ ထို့ကြောင့် အားလပ်သည့်အချိန်တွင် တေးထပ်၊ ရတု၊ မြန်မာသီချင်းကြီးတို့ကို စိတ်နှက်ကာ နားထောင်ဖြစ်သည်။ သံစဉ် စာသား တို့ကို နားလည်အောင် ခံစားသည်။ ဦးဖိုးစိန်၊ စိန်အောင်မင်း၊ ရွှေမန်း တင်မောင်၊ ရွှေမန်းကျော်အောင်၊ ပန်တြာကြည်လင်၊ နေပြည်တော်တင်ဝင်း၊ ၀င်းဗို တို့၏ ဇာတ်ထုပ်များကို အင်တာနက်မှ ရှာဖွေကာ နားထောင်ဖြစ်သည်၊ သိမ်းထားဖြစ်သည်။ ငယ်စဉ်က စိုးရွံ့ခဲ့ရသော ဇာတ်ထုတ်တို့ကို ယခုအခါ နားထောင်၍မ၀ ဖြစ်ရပေ၏။ ဤကဲ့သို့ အကြိုက်ကလေးများ ကွာခြားလာသည်ကို သူသတိထားမိသည်။ အရွယ်နှင့်အတူ နှစ်သက်စရာ အာရုံများ ပြောင်း လာခဲ့ခြင်းပင် ဖြစ်၏။
ယခင်က ဘောလုံးပွဲတို့ကို စွဲမက်စွာ ကြည့်ဖြစ်သည်။ မန်ယူပွဲဆိုလျှင် မကြည့်ရ မနေနိုင်အောင် ဖြစ်တတ်သည်။ ကိုယ်ပိုင်စလောင်းတီဗွီတို့ကို မ၀ယ်နိုင်သေး သည့်အတွက် ဘောလုံးပွဲပြသသည့်ရုံတို့ကို သွားရောက်ကာ ကြည့်ရလေ၏။ မန်ယူပွဲဆိုလျှင် နေရာ မရတတ်သည့်အတွက် တစ်နာရီခွဲခန့် ကြိုတင်သွားကာ နေရာဦးရသည်။ မကြည့်ရမှာ စိုးရိမ်သဖြင့် ပွဲမလာခင်ကတဲက အချိန်များစွာ ပေးရလေ၏။ ကြပ်ကြပ်သိပ်သိပ်ဖြင့် ကြည့်ရသော်လည်း ကိုယ်နှစ်သက်သောအသင်းနှင့် ဘောလုံးသမားတို့ကို ကြည်ခွင့် ရသဖြင့် ကျေနပ်ခဲ့လေ၏။
ယခုမူ သူ့အခန်းထဲတွင် စလောင်းတပ်ဆင်ထားသဖြင့် တီဗွီကို (၂၄)နာရီအတွင်း အချိန်မရွေးပင် ကြည့်ရှု့နိုင်သည်။ လိုင်းပျက်ခြင်း၊ မီးပျက်ခြင်းတို့မှာ ဖြစ်တောင့်ဖြစ်ခဲမို့ ဘောပွဲလာရင် အဆင်သင့် မဖြစ်မကွက် ကြည့်နိုင်သည်။ ကြိုတင်သွားကာ နေရာဦးရန် မလိုသကဲ့သို့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ကြည့်ရှုနိုင်သည်။ သို့သော် ဘောလုံးပွဲကို မကြာ မကြာ ကြည့်တတ်သော်လည်း တစ်ခါတစ်ရံ ဘောလုံးပွဲ ဘယ်အချိန်ကန်သွားမှန်းတောင် မသိလိုက်ပေ။ သတင်းသိရန်အတွက် BBC,CNN တို့ကိုသာ အကြည့်များပြီး အင်္ဂလိပ်စာ လေ့လာရန်အတွက် ရုပ်ရှင်နှင့်ဗီဒီယိုချန်နယ်လိုင်း တို့ကိုသာ ရံဖန်ရံခါ ကြည့်ဖြစ်လေ၏။ မမြဲသော လောကကြီး၏ လူသားတစ်ယောက် ဖြစ်သော သူ့အတွက် အရာရာတို့သည်လည်း မမြဲသောသဘောပင်ဖြစ်၏။
သူ့ဘ၀အရွယ်ကား လူ့ဘ၀တစ်ခု၏ ထက်ဝက်နီးပါး သက်တမ်းအချိန်၊ ထိုအချိန်တွင် လျှောက်ခဲ့ပြီးသော လမ်းတို့၏ သမိုင်းတို့ကို ပြန်လည်ကာ တွေးတော မိသည်။ သူ့ဘ၀သည် လူရယ်ဟု သိတတ်ချိန်မှ စ၍ ပညာရေးတို့ကို တစ်စိုက်မတ်မတ် သင်ယူခဲ့ရသည်။ သို့တစေ ပိုးသာကုန် မောင်ပုံ စောင်းမတတ် ဆိုသကဲ့သို့ ဘာပညာကိုမှ နှိုတ်နှိုက်ချွတ်ချွတ် မတတ်ကျွမ်းခဲ့ပေ။ ဟိုစပ်စပ် ဒီစပ်စပ်လုပ်ပြီး စပ်စပ်ဘ၀ဖြင့်သာ ကျေနပ်ခဲ့ရ၏။ ယင်းအပြင် သူ့ဘ၀ တဒင်္ဂ ပြည့်စုံရေးအတွက် နေရာမျိုးစုံပြောင်းရွှေ့ကာ စီးပွားဥစ္စာ ရှာဖွေခဲ့သည်။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော မူကို လက်စွဲကိုင်၍ နေရာမျိုးစုံတွင် အလုပ်မျိုးစုံဖြင့် ကြဉ်လည်ခဲ့သည်။ လိုချင်သော တောင့်တသော မျှော်လင့်သော ပြည့်စုံမှုမျိုးကား မရရှိခဲ့ပေ။ တွယ်တာစရာအာရုံမျိုးစုံကို ပုံစံမျိုးစုံဖြင့် တွယ်တာတတ်မက်ခဲ့သည်။ လိုချင်သဖြင့် ရှာရဖွေရသည်မှာ ဖတ်ဖတ်မောဖြစ်ခဲ့သည်။ ရရှိပြီးအာရုံတို့ကို ပြင်းထန်စွာ တွယ်တာခဲ့သည်၊ မခွဲရက်မခွါရက်ဖြစ်ခဲ့သည်။ ပိုင်ဆိုင်ခွင့်ရခဲ့ပြီးသော ထိုသက်ရှိ သက်မဲ့အရာတို့၏ ခွဲခွါရမှု၊ ဆုံးရှုံးရမှုတို့ကြောင့် ပူလောင်ခံစားရသည်မှာလည်း မရေတွက်နိုင်အောင် များခဲ့ပြီ။
ယင်းကဲ့သို့ လိုချင်စရာ သက်ရှိ သက်မဲ့အရာတို့ကို ရှာဖွေလိုက်၊ ရရှိလိုက်၊ တွယ်တာလိုက်၊ ခံစားလိုက်၊ ဆုံးရှုံးရသဖြင့် ပူလောင်လိုက်ဟူသော ပစ္စက္ခသံသရာတို့တွင် တ၀ဲလည်လည်ဖြစ်ခဲ့လေ၏။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ကြုံရသည့်အခါ သံဝေဂရ သ ယောင်ယောင် ဖြစ်မိသော်လည်း ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ ထပ်ခါ ထပ်ခါ တိုးခဲ့လေ၏။ မှော်ရုံတောတွင် ပျော်မွေ့ခဲ့၏။ သို့သော် ဘ၀၏ သက္ကရာဇ်တို့ကား ရပ်တန့်၍ မနေခဲ့ပေ။ လက်ဆုပ်လက်ကိုင်မရှိသော ဘာမှန်းညာမှန်းမသိသော ဘာသိဘာသာကြီးဖြင့် ကြီးပြင်းခဲ့ပြီ။ ဘ၀၏ မွန်းတည့်ခါနီးသို့ ရောက်ခဲ့ပြီ။ ထိုအချိန်တွင် ပညာ ဥစ္စာအားဖြင့် အားကိုးစရာ လက်ကိုင်ပြစရာ တစ်စုံတစ်ရာ ရှိမနေသကဲ့သို့ သံသရာအတွက် အားထားစရာ ကုသိုလ်ရိက္ခာလည်း ရှိမနေခဲ့ပေ။
အကယ်၍ မွန်းတည့်ချိန်တွင် နေ၀င်သွားပါက မည်သည့်အရာကို အားကိုးရ မည်နည်း။ (၂၄)နာရီရှိသည့် တစ်နေ့သာ၏ နေ့စဉ်လုပ်ငန်းတို့တွင် ကုသိုလ်အတွက် အချိန်မည်မျှ ပေးခဲ့သနည်း။ အတိတ်ကို ပြန်လည်တူးဆွမိခြင်းနှင့်အတူ ချွေးတို့ပင် ထွတ်ကျလာသည်။ အာခေါင်တို့ပင် ချောက်ကပ် လာသည်။ နောင်တရသလိုလို ဖြစ်လာသည်။ သတိကလေး တစ်ချက် ၀င်လာသည်ကတော့ သေချာသည်။ ယင်းသတိသည် ခွေးမြီးကောက် ကျည်တောက်စွပ်ပမာ ခဏဖြောင့်သော သတိပင် ဖြစ်အုံးမည်ထင်သည်။
သူ့ဘ၀၏ အတိတ်သည် နိဗ္ဗိန္ဒတေးထပ်နှင့် တစ်ထပ်တည်း ကိုက်ညီ နေခဲ့သည်။ အ၀ိဇ္ဇာ အမှောင်ကြီးက ဘ၀တစ်လျှောက်လုံးကို ပိတ်ဖုံးခဲ့သည်။ ဆံပင်၊ မွေညှင်း၊ လက်သည်း၊ ခြေသည်း စသော (၃၂)ပါးသော ကောဋ္ဌာသတို့ကို မြင်ဖို့ စိတ်ကူးဖြင့်ပင် မတွေးတတ်ခဲ့။ နှစ်သက်မိသည့် သက်ရှိအာရုံတို့ကို တတ်မက်ဖွယ် သာယာဖွယ် အာရုံဖြင့်သာ မြင်ခဲ့လေ၏။ စွဲလန်းခဲ့လေ၏။ အကြောင်းပြခြင်းအမျိုးမျိုးဖြင့် ပညာ စီးပွားဥစ္စာတို့ကို ရှာဖွေခဲ့သော်လည်း သူ့ဘ၀ပြည့်စုံဖို့၊ သာယာဖို့ဟူသော အတ္တရှေ့တန်း တင်သည့် တဏှာဖြင့်သာ ကြိုးစားခဲ့လေ၏။ ထိုကြောင့်လည်း သူ့ဘ၀သည် တဏှာပူးသည့် အရှုးဖြစ်ခဲ့သည်။ တဏှာကြိုက်သည့် အမိုက်ဖြစ်ခဲ့သည်။ တဏှာဖမ်းသည့် အကန်းဖြစ်ခဲ့သည်။ ဘ၀တစ်လျှောက်လုံး တဏှာဖြင့်သာ လုံးပန်းခဲ့သဖြင့် ကြီးစွာ ပင်ပန်းခဲ့ရသည်။
ယင်းသို့ပင်ပန်းခဲ့သော်လည်း မောဟအမှောင်က ဖုံးအုပ်ထားသဖြင့် ရူးလို့ရူးမှန်း မိုက်လို့မိုက်မှန်း ကန်းလို့ကန်းမှန်း သူ သတိမထားနိုင်ခဲ့ပေ။ အမူးမပြေ အဟိုက်မပြေ အပန်းမပြေပင် ရှိခဲ့လေ၏။ အမူးသမားတစ်ယောက်၏ ဘ၀ဖြင့် မည်မျှကြာအောင် ရှင်သန်နေရအုံးမည်ဟု မသိနိုင်ပေ။ သူ့ဘ၀ကိုကြည့်ပြီး သူတော်ကောင်းများ နှာခေါင်းရှုံ့နေကြသလို သေမင်းကတော့ ဟားတိုက် ရယ်မော နေမည်သာ ဖြစ်၏။ အမှောင်က ရုန်းထွတ်နိုင်ရန် အမှန်ပင် ကြိုးစားသင့်ပေပြီ။ အမြဲမပြတ် မပြုပြင်နိုင်သေးသော်လည်း စိတ်ကောင်းလေး ၀င်နေတုံးအခိုက် တဒင်္ဂ အရူးပျောက်စေရန် အားထုပ်မိသည်။ ထိုကြောင့် လယ်တီဆရာတော်ကြီးကို နိဗ္ဗိန္ဒတေးထပ်ကို ရွတ်ဖတ်ကာ ဆင်ခြင်နေမိလေ၏။
အ၀ိဇ္ဇာ ပိတ်ကာဆို့၊ မိစ္ဆာမြို့ ပြင်ပြင်၊
ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စင်မည် မလွဲ၊
အရွတ်စု အပုပ်ကောင်ကို၊ အဟုတ်ယောင် မှားဖို့ ဖန်နဲ၊
အသုဘ ရုပ်တစ္ဆေငယ်၊ မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရည် စိုးအရွှဲဟာမို့၊ ယိုမစဲ သူ့မှာ၊
သွေး သည်းခြေ ပြည်သလိပ်တွေက၊ တည်မဆိပ် လျှမ်းပြည့်သည်သာ။
သို့ကလောက် ရွံစရာပါကို၊ လွန်တဏှာ မက်စွဲလို့၊
စက်ဝဲမှာ တပေပေ၊ မွန်းနစ်ကြပလေ၊
တဏှာဖမ်းတဲ့ ၊ အကန်းတွေမှာ၊ အပန်းမပြေ ဟိုက်မောရှာကြလေး။
တဏှာပူးတဲ့၊ အရူးတွေမှာ၊ အမူးမပြေ မိုက်မောရှာကြလေး။
တဏှာလိုက်တဲ့၊ အမိုက်တွေမှာ၊ အဟိုက်မပြေ ပင်ပန်းရှာကြလေး..။
သိမ်မွေ့ဦး (BHU)
(19-09-13)
မှန်ပါတယ်ဘုရား အသက်က စကားပြောတယ်ဆိုတာ ဟုတ်မယ်ထင်တယ်ဘုရား အကြိုက်တွေ အစားအစာတွေလည်း ပြောင်းလဲကုန်ပါတယ် ကာလ ဒေသကြောင့်လည်း ပါမယ်ထင်ပါတယ်ဘုရား
ReplyDelete