“ဘန္တေကြီး နိရောဂီ ရဟေ ဆူခီ ရဟေ”
(ဘန္တေကြီး ကျမ္မာပါစေ ချမ်းသာပါစေ)
မေတ္တာဓာတ် လွှမ်းခြုံထားသော အသံတစ်ခုက အခန်းရှေ့မှ မတိုးမကျယ် ထွတ်ပေါ်လာသည်။ ထိုအသံကြားလျှင် ကျွန်ုပ်သိလိုက်ပြီ။ ကျောင်းပိတ်ရက် တနင်္ဂနွေနေ့တိုင်း ပုံမှန်လာနေကျ သူတောင်းစား ပုဏ္ဏားအဘိုးကြီး၏ နှုတ်ဆက်သံ။ အဘိုးကြီးမှာ ဇာတ်မြင့်ပုဏ္ဏားမျိုးဖြစ်၍ အရောင်မရှိတော့သော ပိတ်ဖြူဝတ်စုံကို သေသပ်စွာ ၀တ်ဆင်ထား၏။ ဦးခေါင်းတစ်ခေါင်းလုံး ပြောင်စင်အောင် ရိတ်ထားသော် လည်း ပုဏ္ဏားတို့ ရိုးရာထုံးစံအတိုင်း မွေးရာပါ ဆံပင်ကို မပျောက်စေရန် ဆံပင်အနဲငယ်မျှကို မရိတ်ဘဲ ထုံးဖွဲ့၍ ဦးခေါင်း၏ နောက်ဘက်ခြမ်း၌ ချန်ထားလေ၏။ သူ၏ ညာဘက် လက်တစ်ဖက်မှာ တစ်ထောင်ဆစ်အထက်ပိုင်း ပြတ်နေပြီး အရွယ်အားဖြင့် (၇၀)နီးပါး ရှိမည်ထင်၏။ ကျွန်ုပ်၏ အဆောင်သို့ အမြဲတစေ မဟုတ်သော်လည်း နှစ်ပတ်တစ်ခါ တစ်ပတ်တစ်ခါခန့် လာရောက် တောင်းရမ်းလေ၏။
သူတောင်းစားကြီးဟု ဆိုရသော်လည်း စည်းကမ်းမဲ့ တောင်းရန်းခြင်းမျိုးကို မပြုပေ။ အလှူခံ လာရောက်သည်ဟုဆိုက ပိုမို၍ သင့်တော်မည်ထင်သည်။ ဆင်းရဲသားများသော ဤနိုင်ငံတွင် သူတောင်းစားမျိုးစုံကို တွေ့ခဲ့ဘူးသည်။ အချို့က မရမက လက်တို့ကာ တောင်းသည်။ မပေးမချင်း အနီးအနားက မခွါတော့ပေ။ အချို့က မပေးလျှင် အန္တရာယ်ပေးသည်။ ခဲဖြင့် ထုသည်။ အချို့က မပေးလျှင် လုပြေးသည်။ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို လာလည်သူ နိုင်ငံခြားသား အများစုမှာ ကြုံခဲ့ကြဘူးပြီ။
ထိုပုဏ္ဏား ယာစကာကြီးကား ထိုသို့မဟုတ်ပေ။ ရောက်လာလျှင် မေတ္တာပို့ ဆုတောင်းကာ အသံပေးသည်။ ပေးသမျှကို ကျေနပ်စွာ လက်ခံပြီး ဆုတွေ တစ်သီကြီး ပေးသည်။ စည်းကမ်းမဲ့ လာခြင်းမျိုးမရှိပေ။ ကျောင်းပိတ်ရက် တနင်္ဂနွေတစ်ရက်သာ လာသည်။ အဆောင်လုံခြုံရေးတို့က အခြားသူတောင်းစားတို့ကို ၀င်ခွင့်မပေးသော်လည်း ထိုပုဏ္ဏားအိုကြီးကို ကြည်ဖြူစွာ ၀င်ခွင့်ပေးသည်။
ထိုပုဏ္ဏားအိုကြီးကို နိုင်ငံတကာ ကျောင်းသားဆောင်နေ ကျောင်းသားတိုင်းက ရူပီး တစ်ဆယ် ငါးရူပီး စသည်ဖြင့် တတ်စွမ်းသမျှ ပေးကြမြဲ ဖြစ်၏။ ကျွန်ုပ်လည်း ထိုပုဏ္ဏာကြီး လာရောက်သည့်အခါတိုင်း၌ ရှုပီး တစ်ဆယ် ပေးနေကျဖြစ်၏။ ထိုပုဏ္ဏာအိုကြီးသည် ပေးသည့်ပိုက်ဆံကို ချက်ခြင်းယူပြီး လှည့်ပြန်ခြင်းမျိုး မပြုဘဲ ပေးကမ်းသူအား ဆုတွေ တစ်သီကြီး ပေးလေ၏။ ဘုန်းကြီး ဟုသိသော ကျွန်ုပ်ကိုမူ ဆုပေးရုံတင်မကဘဲ ဟိန္ဒူဂီတိ ဂါထာတို့ကိုပါ ရွတ်ဖတ်လျှက် ဆုတောင်းပေး၏။ ထိုအခါ သူ၏မေတ္တာအား အလေးထားသောအားဖြင့် ကျွန်ုပ်လည်း ဆိတ်ငြိမ်စွာ နာယူတတ်၏။
ယခင်နှစ်က မတော်တဆ ထိခိုက်မှုတစ်ခုကြောင့် ကျွန်ုပ်၏ လက်တစ်ဘက်ကျိုးပြီး ကျောက်ပတ်တီးကို သုံးလကျော်ကြာ စီးထားခဲ့ရ၏။ တနင်္ဂနွေနေ့တစ်ရက်တွင် ပုဏ္ဏားအိုကြီး ရောက်လာပြီး ကျွန်ုပ်ကို မြင်သောအခါ စိတ်မကောင်းဖြစ်လေ၏။ ဥုံဖွ-ခံကာ ဂါထာတို့ကို အတန်ကြာ မန်းမှုတ်ပေးပြီးနောက် အားပေးစကားတို့ကို တစ်တွက်တွက် ပြောကြားလေတော့၏။ သူစိတ်ချမ်း သာစေရန် ခေါင်းညိတ်ကာ နားထောင်ပေးရ သော်လည်း သူပြောသော ဟိန္ဒူစကားတို့ကို တစ်လုံးစ နှစ်လုံးစမျှသာ ကျွန်ုပ် နားလည်သည်။ နောက်တွင် ထိုပုဏ္ဏားကြီး ရောက်လာသည့်အခါတိုင်း ခဏထိုင်အုံးဟု ကျွန်ုပ်ကိုပြောကာ ကျိုးထားသော ကျွန်ုပ်၏လက်ကို ပွတ်သတ်ပြီး ဂါထာတို့ဖြင့် မန်းမှုတ်ပေး၏။ သူလာလျှင် ယင်းကဲ့သို့ စေတနာ မေတ္တာတို့ဖြင့် ဂါထာမန်းမှုတ်ပေးခြင်းကို ခံယူရသကဲ့သို့ အားပေးစကားပြောခြင်းကို အချိန်ပေးကာ နားထောင်ရ၏။
သုံးလကြာပြီးနောက် ကျောက်ပတ်တီးဖြေသောအခါ လက်သည် ဖြောင့်ဖြောင့် မဆက်ဘဲ အနည်း ငယ် ကောက်၍ ဆက်လေ၏။ ပထမတစ်ခါ ကျိုးစဉ်ကတဲက ကျွန်ုပ်၏ လက်တစ်ဘက်သည် အနည်းငယ် ကောက်ခဲ့သဖြင့် ယခုတစ်ခါ ထပ်ကျိုးခြင်း၌မူ အနည်းငယ်မျှသာ ထူး၍ ကောက်၏။ ပုံမှန်ကဲ့သို့ ဖြောင့်မလာခြင်းအတွက် ကျွန်ုပ်သည် ထူးခြားပြီး မခံစားရပေ။ ထိုပုဏ္ဏားအဘိုးကြီးကား ထိုသို့မဟုတ်။ ကျွန်ုပ်လက်အတွက် အတော်ပင် စိတ်မကောင်းဖြစ်ပုံရ၏။ ကောက်နေသော ကျွန်ုပ်လက်ကို ကြည့်ပြီး တဖွဖွ ပြောလေတော့၏။ လက်ကိုဖြောင့်စေရန် ကောက်နေသောနေရာကို တင်းကြပ်စွာ ကိုင်ပြီး ဥံဖွခံကာ ဂါထာတို့ဖြင့် ထပ်ခါထပ်ခါ မန်းမှုတ်ပြန်၏။ ကျွန်ုပ်၏လက် အနည်းငယ် ကောက်နေခြင်းကို စိတ်မချနိုင်သဖြင့် ရိုးရာနည်းဖြင့် ကုသကာ ဖြောင့်ပေးသော ဆေးခန်းကို လိုက်ပို့ပေးမည်၊ ပိုက်ဆံ အနည်းငယ်သာ ပေးရသည်၊ ဘာမှ စိတ်မပူနဲ့ဟု ပြောလေ၏။ သူရောက်လာသည့်အခါတိုင်း ရိုးရာနည်းဖြင့် ကုသရန်သာ အဖန်ဖန် တိုက်တွန်းနေသဖြင့် အားနာသောကြောင့် ပြကြည့်မည်ဟု ၀န်ခံလိုက်၏။
တစ်နေ့သ၌ ထိုပုဏ္ဏားကြီးသည် ကျွန်ုပ်ထံသို့ ရောက်လာခဲ့၏။ တောင်းရမ်း အလှူခံသည့် တနင်္ဂနွေရက် မဟုတ်သဖြင့် မည်သည့်အခန်းရှေ့ကိုမျှ မသွားပေ။ ကျွန်ုပ်ထံသို့ သီးသန့်ရောက် လာပြီး ဆေးခန်းပြရန် လာခေါ်ခြင်းဖြစ်၏။ ထိုနေ့၌ ကျွန်ုပ်ပေးသည့် ရူပီး တစ်ဆယ်ကိုလည်း လက်မခံခဲ့ပေ။ သူပြောသည့် စကားတို့တွင် ဆယ်ခွန်းတစ်ခွန်းမျှကိုသာ ကျွန်ုပ်ကား နားလည်ခြင်းဖြစ်၍ တကယ်ဆေးခန်းပြရမည် ဆိုသောအခါ မှားယွင်းမှုတစ်ခု ဖြစ်မည်ကို စိုးရိမ်မိသည်။ ထိုကြောင့် အဆောင် တွင် လုံခြုံရေးတာဝန်ကျသည့် အိန္ဒိယအမျိုးသားတို့ကို စကားပြန်လုပ်ခိုင်းရတော့သည်။ ထိုလူတို့၏ အကြံဥာဏ်ကို ယူသောအခါ ရိုးရာနည်းဖြင့် ကုသခြင်းဖြစ်၍ အန္တရာယ်ရှိတတ်သောကြောင့် မပြရန် တိုက်တွန်းလေ၏။ ကျွန်ုပ်လည်း အရိုးအထူးကု ဆရာဝန်နှင့် ကုသနေဆဲဖြစ်၍ မပြရန် ဆုံးဖြတ်လိုက်၏။ ထိုအခါ ကျွန်ုပ်၏လက်ကို ဖြောင့်စေချင်သော ထိုပုဏ္ဏာကြီးကား စိတ်မကောင်းစွာဖြင့် ပြန်သွားခဲ့သည်။
နောက်ပိုင်း သူရောက်လာသောအခါ သူပြောသည့်ဆေးခန်း ပြသရန်သာ မကြာခဏ တိုက်တွန်းတတ်ပြီး ပုံမှန်ပြုလုပ်ပေးနေကျအတိုင်း ဂါထာတို့ဖြင့် မန်းမှုတ်ပေး၏။ သူ၏ စေတနာကို နားလည်သော်လည်း ထပ်မံကာ ကုသချင်စိတ် မရှိသောကြောင့် သူတိုက်တွန်းသည့် ဆေးခန်းကို မပြဖြစ်ခဲ့ပေ။ ထိုကြောင့် အနည်းငယ်ကောက်သော လက်ဖြင့်သာ ကျွန်ုပ် ကျေနပ်လိုက်၏။ ကျွန်ုပ်အား ပြောမရသည့်အဆုံး နောက်ပိုင်း ယင်းဆေးခန်း ပြရန် မတိုက်တွန်းတော့ပေ။ ထိုပုဏ္ဏားကြီး မည်သည့်အရပ်တွင် နေသည်ကို ကျွန်ုပ်မသိပါ။ မေးလည်း မမေးဖြစ်ခဲ့ပေ။ ဖခင်အရွယ် လက်တစ်ဖက်ပြတ် ပုဏ္ဏာကြီးမို့ စေတနာထားမိလေ၏။ ပုဏ္ဏားကြီးလည်း သားအရွယ် ကျွန်ုပ်အပေါ် မေတ္တာထားလေ၏။ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ ဆိုသကဲ့သို့ အပြန်အလှန် မေတ္တာ၊ စေတနာတို့ဖြင့် တန်ဖိုးထားခဲ့ကြသည်။
ယခုအခါ ထိုပုဏ္ဏားအိုကြီး ကျွန်ုပ်တို့၏ အဆောင်သို့ ရောက်မလာခဲ့သည်မှာ လအတန်ပင် ကြာခဲ့လေပြီ။ အသက်ကြီးသူမို့ ကျမ္မာရေးမကောင်း၍လော၊ သို့မဟုတ် သေများ သေသွားလေပြီလော။ တစ်ခါတစ်ရံ သွားရောက်ကာ စုံစမ်းချင်သော်လည်း လိပ်စာ မသိ၍ မမေးဖြစ်ခဲ့ပေ။ ထိုပုဏ္ဏားကြီး ကျမ္မာ ချမ်းသာပါစေဟုသာ မေတ္တာပို့သဖြစ်သည်။ ကျွန်ုပ်မှာ အမြဲတစေ မဟုတ်သော်လည်း ကျောင်းပိတ် ရက်နေ့၏ နံနက်ခင်းပိုင်းတွင် ရောက်လာတတ်သည့် နှလုံးလှ ယာစကာကြီးကို အောက်မေ့ မိသည်။ မေတ္တာအပြည့်ဖြင့် နှုတ်ဆက်တတ်သည့် ထိုပုဏ္ဏားအိုကြီး၏ နှုတ်ခွန်းဆက်သံကို မကြာခဏ သတိရနေမိလေ၏။
“ဘန္တေကြီး နိရောဂီ ရဟေ ဆူခီ ရဟေ”
သိမ်မွေ့ဦး (BHU)
(16-09-13)
No comments:
Post a Comment