“ချစ်သား ဒီဃာဝု၊ သင်သည် အတိုကိုလည်း မကြည့်လင့်..။”
တိုတောင်း၍ ထိမိလှသည့် အဆုံးအမ စကားတစ်ခွန်း၊ ဤစကားလေးကို ယမုနာမြစ်အနီးတွင် မိန့်ဆို့ခဲ့သောကြောင့် ယမုနာစကားဟု တင်စားချင်သည်။ ဤဃောသိတာရုံ ကျောင်းနေရာ သို့ ရောက်ခဲ့တိုင်း ထိုစကားသံကို ပြန်လည်ကာ ကြားယောင်မြဲဖြစ်သည်။
ဤနေရာတွင် မြတ်ဗုဒ္ဓ ဟောကြားခဲ့သည့် ဒီဃာဝုဇာတ်က ပတ်ဝန်းကျင်နှင့် နေကြရသော လူသားတို့အတွက် အဖိုးမဖြတ်နိုင်သော နည်းလမ်းကောင်းတို့ကို ညွှန်ကြားခဲ့သည်။ ယင်းဆုံးမစကားသည် ဒီဃိတီကောသလ မင်းကြီး၏ သူ၏ ချစ်လှစွာသော တစ်ယောက်တည်းသော သားမောင် ဒီဃာဝုအတွက် နောက်ဆုံး မှာကြားသည့် စကားလေးခွန်းတို့တွင် တစ်ခွန်းအပါအ၀င် ဖြစ်သည်။ ကာသိမင်း၏ လက်မရွံ့ ပါးကွက်သားတို့သည် ဒီဃိတီ ကောသလမင်းကြီးကို ရက်စက်စွာ ရိုက်နှက်ညှဉ်းဆဲခဲ့ကြသည်။ ထိုကြောင့် မင်းကြီးသည် ဒဏ်ရာတို့ကို ပြင်းထန်စွာ ခံစားခဲ့ရ၏။ ဝေဒနာတို့ကို ခံစားနေလျှက်က သားမောင်အတွက် ဆုံးမစကား လေးခွန်းတို့ကို ကြိုးစားကာ အကြိမ်ကြိမ် မှာကြားခဲ့ခြင်း ဖြစ်၏။ ပညာရှိသော ဒီဃာဝုသည် ဖခင်၏ ဆုံးမစကားတို့ကို အကျယ်ချဲ့ကာ နားလည်ခဲ့သည်။ ဖခင်ဆန္ဒအတိုင်း ထိုစကားတို့ကို တစ်သဝေမတိမ်း လိုက်နာကျင့်သုံးခဲ့သည်။ ထိုကြောင့် နှစ်ဦးနှစ်ဘက်ပြေလည်ကြကာ ကောင်းကျိုးများစွာ ရရှိခဲ့ကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးလည်း ငြိမ်းချမ်းခဲ့ရပေသည်။
အတိုကို မကြည့်လင့် ဆိုသည်မှာ အဆွေခင်ပွန်းတို့နှင့် အချိန်တိုတောင်းစွာ မိတ်မပျက်စေလင့် (မိတ်စကို မတိုစေလင့်)ဟု ဆိုလိုခြင်းဖြစ်ကြောင်း ဒီဃာဝုမင်းသား ရှင်းလင်းပြသဖြင့် ကျွန်ုပ်တို့ နားလည်ခဲ့ရသည်။ လူသားတို့သည် တစ်ယောက်ထီးတည်း အထီးကျန်စွာ ရပ်တည်၍ မဖြစ်ပေ။ ပတ်ဝန်းကျင်တို့နှင့် အတူယှဉ်တွဲကာ သဟဇာတဖြစ်အောင် နေထိုင်ကြရ၏။ မိမိ၏ ပတ်ဝန်းကျင်တွင် သဟဇာတဖြစ်ကာ အတူနေထိုင်နိုင်ကြရန် အထူးပင် အရေးကြီးလှသည်။ ထိုကြောင့် အတိုကို မကြည့်လင့် ဟူသော ဆုံးမစကားကို လက်ကိုင်စွဲကာ ကျင့်သုံးသင့်ပေသည်။ သို့မှသာ ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်းချမ်းသာယာပြီး မိမိတို့ကိုယ်တိုင်လည်း ပျော်ရွင်စွာ နေထိုင်နိုင်ပေမည်။
ဝါကျွတ်ခါနီးကာလ စနေနေ့တစ်ရက်တွင် ဗာရာဏသီတွင် ပညာဆည်းပူး နေ ကြသော မြန်မာရဟန်းတော် အပါး (၃၀)တို့ကို ကောသမ္ဗီမြို့ဟောင်းနေရာသို့ ပို့ဆောင် ကုသိုလ်ယူခွင့်ရခဲ့သည်။ နေရာစုံရောက်စေချင်သဖြင့် ဗာရာဏသီမှ စောစီးစွာ ထွတ်ခဲ့ ကြပြီး ကောသမ္ဗီမြို့ဟောင်းနေရာ ကောသမ် ရွာလေးသို့ နံနက် (၁၁)နာရီ မထိုးမီ ရောက်ခဲ့လေ၏။ အမြဲခြောက်သွေ့နေတတ်သော ကောသမ်ရွာလေးသည် မိုးတွင်းကာလ ဖြစ်သောကြောင့် ပြောင်းခင်း၊ ယာခင်းတို့ဖြင့် စိမ်းစိမ်းစိုစိုဖြစ်နေလေ၏။ မြို့ရိုးနေရာ ပတ်လည်ဝန်းကျင်မှ တောင်ကုန်းလေး တို့သည်ပင် တောင်ကတုံးလေးများ မဟုတ်ကြ တော့ဘဲ မြက်ပင်တို့ဖြင့် စိမ်းစိုလန်းဆန်း၍ နေပေ၏။ စိမ်းစိုသာယာသော ရှုခင်းတို့ကြောင့် ယခင်ရောက်ခဲ့စဉ်ကနှင့်မတူသော စိတ်ကျေနပ်မှုတစ်မျိုးကို ရရှိခဲ့သည်။
ရောက်လျင် ရောက်ချင်း သီရိလင်္ကာကျောင်းသို့ ၀င်ရောက်ကာ ခေတ္တနားကြပြီး နေ့ဆွမ်း ဘုန်းပေးကြသည်။ နေ့ဆွမ်းပြီးမှ ဖူးမျှော်ရန်သွားကြရာ ဦးစွာ မြတ်ဗုဒ္ဓ န၀မမြောက် ၀ါကပ်ရာ ဃောသိတာရုံကျောင်းသို့ သွားရောက်ခဲ့ကြသည်။ ထိုအချိန် နေမင်းကြီးကား ကျက်ကျက်တောက် ပူလျှက်ရှိ၏။ သံဃာတော်များ စုပေါင်းကာ ဂုဏ်တော်တို့ကို ရွက်ဖတ်ပူဇော်ကြပြီးနောက် ကားပေါ်သို့ အမြန်ပြန်တက်ကြရသည်။ ကားပေါ်ရောက်မှ ဃောသိတာရုံနှင့် ပတ်သက်သော သမိုင်းအကြောင်းအရာတို့ကို ပြောပြဖြစ်သည်။
ယင်းနောက် ကောသမ္ဗီမြို့တော်ဟောင်းနေရာနှင့် အသောကကျောက်တိုင်တို့ကို ၀င်ရောက်လေ့ လာကြသည်။ ထိုနေရာတွင် သစ်ပင်တစ်ပင်က ကြီးကြီးမားမား ဝေေ၀ ဆာဆာ တည်ရှိနေ သဖြင့် နေရိပ်ခိုလှုံခွင့်ရသည်။ ထိုမှတစ်ဆင့် ဥတေနနန်းတော်ရာကို သွားရောက်ကြသည်။ နန်းတော်ရာမှာ အဆောင်ဟောင်းနှစ်ဆောင် တည်ရှိနေသေးသည်။ တစ်ဆောင်နှင့် တစ်ဆောင် အနည်းငယ် လှမ်းသည်။ နှစ်ဆောင်ကြား ကွင်းပြင်တို့တွင် ပြောင်းခင်းများဖြင့် စိမ်းစိုနေသောကြောင့် မိုးရိပ်ကလေးသာ ရှိနေပါက လမ်းလျှောက်လို့ ကောင်းပေမည်။ ထိုအချိန်တွင် နေကားပူနေဆဲဖြစ်၍ ခပ်သွက်သွက်သာ လှမ်းကြရသည်။
ယမုနာမြစ်ကား ကွေ့ကွေ့ကောက်ကောက်ဖြင့် လှပသည်။ မြစ်ရေသည် သန့်ရှင်းပြီး စိမ်းနေသည်။ မြစ်ထဲတွင် ဥဒဟို သွားလာနေကြသော လှေငယ်လေးများ၊ တိုင်စိုက်ကာ ရပ်နားထားကြသော လှေငယ်လေးများကို တွေ့မြင်ရသည်။ မြစ်ကမ်းဘေးတွင် တည်ရှိသည့် ဥတေနနန်းတော်ရာသည် မြစ်ရေပြင်ကြောင့် ပို၍ပင် နေချင်စဖွယ်ဖြစ်သည်။ နန်းတော်ရာပေါ်မှ ယမုနာမြစ်အလှကို အမြင့်က ကြည့်ရသော မြင်ကွင်းဖြင့် ရှင်းလင်းစွာ ကြည့်ရှုခံစားရသည်။ ကျွန်ုပ်တို့ အားလုံးလိုလိုပင် မြစ်ထဲဆင်းကာ ရေချိုးချင်စိတ်များ ဖြစ်ကြသည်။ သို့သော် နေကား ပူဆဲ ပူမြဲမို့ မချိုးခဲ့ကြရပေ။ ရာသီဥတု ကိုယ့်ဘက် မပါသဖြင့် လက်လျှော့ကာ ခရီးဆက်ခဲ့ကြသည်။
အိန္ဒိယ၌ ခရီးသွားရသည့်နေရာ အတော်များများတွင် ကားမြင်လျှင် သူတောင်းစား ကလေးငယ်များ အုပ်စုလိုက် ပြေးလာကာ တောင်းရန်းကြသည်။ တစ်စုံတစ်ခု မပေးပါက ခဲဖြင့် ပေါက်မည်။ ပေးလျှင်လည်း တိုးဝှေ့ကာ လုယက်ကြသဖြင့် လောက်ငှဖို့ပင် မလွယ်။ ခရီးသွားတို့ စိတ်ပျက်ရမြဲ ဖြစ်သည်။ ပညာမသင်ရသည့် ဆင်းရဲသား တောသား ကလေးငယ်တို့ဘ၀ သနား စရာတော့ ကောင်းသည်။ ကောသမ္ဗီလည်း ထို့အတူပင်၊ သူတောင်းစားကလေးငယ်များ ပေါလွန်းသည်။ သိရီလင်္ကာကျောင်း ဆရာတော်က အစောင့် အိန္ဒိယအမျိုးသား တစ်ယောက်ကို ကျွန်ုပ်တို့နှင့် အတူ ထည့်ပေးလိုက်သဖြင့် ကလေးငယ်များ ရဲရဲဝင့်ဝင့် မတောင်းရဲကြရှာပေ။ ထိုသူက တောင်းရန်းလာသော ကလေးတို့ကို တုတ်ပြကာ မောင်းထုတ်လေ၏။ ကလေးငယ်များ မနှောက်ယှက်သဖြင့် စိတ်ချမ်းသာရသည်။ အေးချမ်းစွာ လေ့လာခွင့်ရသည်။ ယခင်အကြိမ်များကဆိုလျင် ကလေးငယ်တို့၏ ဆိုးရွားစွာ တောင်းရမ်းမှုတို့ကြောင့် စိတ်ကသိကအောက် ကြုံခဲ့ရသည်။
ကောသမ်ရွာမှ တစ်ဆင့် ကီလိုမီတာ (၁၅)မီတာကျော်တွင် တည်ရှိသည့် ပါလိလေယျကတော သို့ ရောက်ခဲ့သည်။ ဘုရားရှင် ဒသမမြောက် ၀ါကပ်ရာနေရာ မြတ်ဖြစ်၏။ အပြန်တွင် အလာဟာဘတ်မြို့ရှိ နေရှုးပြတိုက်ကို ၀င်ရောက်လေ့လာကြသည်။ အချိန်မပေးနိုင် သဖြင့် ပြတိုက်အတွင်းသို့ မ၀င်ခဲ့ကြပေ။ ပြတိုက်အပြင် မြက်ခင်းပြင်၌သာ ဓာတ်ပုံမှတ်တမ်းကို ရိုက်ယူခဲ့ကြသည်။
ထိုမှတဆင့် အလဟာဘတ်မြို့၊ နာမည်ကျော် ဆန်ဂန် (Sangam) ရေချိုးဆိပ်သို့ သွားရောက်ကြသည်။ ယင်းနေရာသည် အမိမြေမှ မေခနှင့် မလိခမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံနေရာကဲ့သို့ ဂင်္ဂါမြစ်နှင့် ယမုနာမြစ်တို့ ပေါင်းဆုံရာနေရာဖြစ်၏။ ဟိန္ဒူတို့ မကောင်းမှုမျှော ရေချိုးကြရာ နာမည်ကြီး နေရာပင် ဖြစ်သည်။ သူတို့ အယူအဆအားဖြင့် မထင်ရှား မမြင်ရသော သူရဿတီမြစ်ကို မြစ်နှစ်ခုအကြား အလယ်ကနေ စီးဆင်းသည်ဟု စိတ်ဖြင့်အာရုံပြု၍ မြစ်သုံးစင်း ဆုံရာ နေရာဟု အမြတ်တနိုး သတ်မှတ်ကြ၏။ ဂင်္ဂါမြစ်ရေသည် အမှိုက်သရိုက်တို့ဖြင့် နှောက်ကြူနေပြီး ယမုနာမြစ်ရေ သည်ကား သန့်ရှင်းစိမ်းစိုနေ၏။ အဝေးက ကြည့်လျင် ပို၍ ထင်ရှားသည်။ လှေစီးပြီး မြစ်ဆုံနေရာသို့ သွားကြည့်ကြရာ ရေချိုးနေသူတို့ဖြင့် စည်းကားနေဆဲပင်ဖြစ်၏။ အပြန်အချိန်တွင် နေမင်းကြီးသည် မြစ်ရေပြင်ထဲ ၀င်လုခါနီးဆဲဆဲမို့ မြစ်ဆုံသဘာဝမြင်ကွင်းသည် ပန်းချီကားတစ်ချပ်ပမာ သာယာလှပလွန်းသည်။ နေရာလည်းစုံ အချိန်လည်း ကုန်ပြီမို့ မြစ်ဆုံကို နှုတ်ဆက်ကာ ပြည်ဗာရာသို့ ပြန်ခဲ့ကြသည်။ အပြန်လမ်းတွင် အတွေးတို့ကား တစ်စစီဖြန့်လျက် တွေးတောနေမိလေ၏။
သက်ရှိသတ္တ၀ါဟူသမျှ အပေါင်းအသင်း ပတ်ဝန်းကျင်တို့နှင့် ကင်းလို့မရကြပေ။ လောကီဘုံဓလေ့ပေမို့ ယှဉ်ဖက်ကာ နေထိုင်ကြရစမြဲဖြစ်၏။ ထိုသို့ နေထိုင်ကြရာတွင် တစ်ယောက်နှင့် တစ်ယောက် သဘောထား တိုက်ဆိုင်သော အခါ ရှိသကဲ့သို့ မတိုက်ဆိုင်သော အခါလည်း ရှိတတ်ပေသည်။ တူညီချက်၊ ခြားနားချက်တို့ဖြင့် ယှဉ်တွဲ၍ နေထိုင်ကြရသည်မှာ လောကသဘာဝပင် ဖြစ်သည်။ မိမိနှင့် သဘောထား တူညီသောအခါ ပျော်ရွှင်စွာ အတူလက်တွဲ နေထိုင်ကြပြီး မတူညီသောအခါတွင်မူလည်း သည်းခံကာ နေထိုင်ပေါင်းသင်းနိုင်ရန် ကြိုးစားကြရပေမည်။ အတူနေထိုင်ရန် လုံးဝ မဖြစ်နိုင်သောအခါမှသာ မေတ္တာမပျက် ငြိမ်းချမ်းစွာ နှုတ်ဆက်လမ်းခွဲကြရန် ကြိုးစားသင့်ပေသည်။
တစ်ယောက်နှင့် တစ်ယောက် သဘောထား မတိုက်ဆိုင်ခြင်းဟူသော အကြောင်းကြောင့် မိမိဘ၀အတွက် အရေးကြီးသော မိတ်ဆွေကောင်းတစ်ယောက်ကို မဆုံးရှုံးစေသင့်ပေ။ လောက၌ စိတ်တူကိုယ်တူ နှစ်ယောက်မရှိဟူသော ဘုရားဟော ဒေသနာသည်ပင် အတိအလင်း ရှိပြီးဖြစ်၍ မိမိ၏ စိတ်ဆန္ဒနှင့် တစ်သားတည်း တစ်ထပ်တည်း ကျသော မိတ်ဆွေကို ရဖို့ဆိုသည်မှာ မည်သို့မျှ မလွယ်ကူနိုင်ပေ။ ထိုကြောင့် စိတ်ရှည် သည်းခံကာ မိတ်ဆွေတို့နှင့် ပေါင်းသင်းသင့်ပေသည်။ တစ်ခါတစ်ရံ ဘာမဟုတ်သော အကြောင်းလေးမျှဖြင့် မိတ်ပျက်သောဖြစ်ရပ်မျိုး ကြုံရတတ်သည်။ အမျှော်အမြင်ကြီးပြီး အသိဥာဏ်ပြည့်ဝသော လူတစ်ယောက်အနေဖြင့် ထိုကဲ့သို့သော အဖြစ်မျိုးကို မဖြစ်ရအောင် သတိထားသင့်ပေသည်။
ထိုကြောင့် မိတ်ဆွေကောင်းများရရှိရေးအတွက် ပတ်ဝန်းကျင်နှင့် မသင့်မြတ်သည့် အခါတိုင်း အတိုကို မကြည့်လင့် ဟူသော ယမုနာစကားကို အမှတ်ရကာ မိမိတို့၏ ဒေါသစိတ်ရိုင်းကို ထိန်းချုပ်ကြရမည်။ သို့မှသာ မိတ်ဆွေကောင်းများ ပေါများပြီး မိမိတို့၏ ဘ၀လမ်း သည်လည်း ဖြောင့်ဖြူးသာယာနေပေလိမ့်မည်။
သိမ်မွေ့ဦး (BHU)
(14-10-13)
No comments:
Post a Comment