ပါလိလေယျကတောအုပ်
“နာနာ ဟိ ခေါ နော, ဘန္တေ , ကာယာ , ဧကဉ္စ ပန မညေ စိတ္တံ”
“နာနာ ဟိ ခေါ နော, ဘန္တေ , ကာယာ , ဧကဉ္စ ပန မညေ စိတ္တံ”
“မြတ်စွာဘုရား၊ တပည့်တော်တို့ သုံးဦးမှာ ကိုယ်ကသာ သုံးကိုယ်ကွဲပြား နေသော်လည်း စိတ်သည်ကား မကွဲမပြား နို့နှင့်ရေ ရောထားသကဲ့သို့ တစ်သားတည်းကဲ့သို့ ဖြစ်နေကြပါသည်ဘုရား"
(မဟာဝါ- နှာ-၄၉၈)
(မဟာဝါ- နှာ-၄၉၈)
ကိုရင်ငယ်ဘ၀က မဟာဝါပါဠိတော်နှင့် ဓမ္မပဒဋ္ဌကထာတို့ကို သင်ယူခဲ့ရသည်။ ထိုစဉ်က မြတ်ဗုဒ္ဓ သည် ပြောဆိုဆုံးမ၍ မရသည့် သံဃာကို စွန့်ခွါကာ ပါလိလေယျက တော၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်ပုံ၊ အပေါင်းအသင်း အုပ်စုတို့နှင့် နေရခြင်းကို ငြီးငွေ့၍ တစ်ကောင်တည်း ထွတ်လာသော ဆင်မင်းကြီးက တစ်ဝါတွင်းလုံး ဘုရားရှင်ကို ပြုစုလုပ်ကျွေးပုံ၊ မျောက်တစ်ကောင်သည် မိမိလှူဒါန်းသော ပျားရည်ကို ဘုရားရှင် ဘုန်းပေးသုံးဆောင်သောကြောင့် ၀မ်းသားအားရ ခုန်ပေါက်ကခုန်သဖြင့် သစ်ကိုင်းကျိုး သေလွန်ကာ နတ်ပြည်၌ မျောက်နတ်သားဖြစ်ပုံ စသောပုံရိပ်တို့သည် စွဲစွဲထင်ထင် ရှိနေခဲ့ပေ၏။ အချို့သော ဘုရားတန်းဆောင်း၊ ပြခန်းတို့တွင် ယင်းဖြစ်စဉ် ပန်းချီပုံတို့ကို ရေးဆွဲဖန်တီးထားသဖြင့် ပို၍ပင် မှတ်မှတ်ရရ ရှိနေခဲ့၏။
အမှတ်ရခြင်းနှင့်အတူ ယင်းနေရာသို့ သွားရောက်ကာ ဖူးမျှော်ချင်လှသည်။ ယင်းပါလိလေယျကတောသည် ယခုခေတ်တွင် မည်သည့်အရပ်တွင် တည်ရှိ၍ မည်သည့် အခြေအနေ ဖြစ်နေသနည်း။ ဘုရားရှင်သီတင်းသုံးခဲ့သည့် နေရာအဖြစ် တစ်ခုတ်တစ်ရ အထိမ်းအမှတ်တွေရော ရှိနေပါဦးမည်လော စသော အတွေးတို့ဖြင့် စဉ်းစားခဲ့ဘူးသည်။ မိမိအနေဖြင့် အိန္ဒိယတွင် နာမည်ကြီးဘုရားဖူးဌာနများသို့ အကြိမ်ကြိမ် ရောက်ခဲ့ဘူးသည်။ သို့သော် ရောက်ချင်သည့် ယင်းနေရာကား မပါဝင်ခဲ့ပေ။ ဆန္ဒရှိနေသော်လည်း မရောက်ဘူးသေးသောကြောင့် သွားရောက် ဖူးမျှော်ချင်စိတ်များ အာသီသပြင်းစွာ ဖြစ်ရလေ၏။
ယခုနှစ်တွင် ဗာရာဏသီရောက် သံဃာများနှင့်အတူ ကောသမ္ဗီသို့ ဘုရားဖူး တစ်ခေါက်ရောက်ခဲ့သည်။ သီရိလင်္ကာကျောင်းသို့ ၀င်ရောက်အနားယူခိုက် ကျောင်းထိုင် ဆရာတော် ဒေါက်တာဝိသုဒ္ဓိနှင့် အာလာပသလ္လာပ ပြောဖြစ်ကြ၏။ ထိုဆရာတော်က ကောသမ္ဗီကို ဖူးပြီးရင် ပါလိလေယျကတောသို့ မသွားတော့ဘူးလား ဟု မေးလေ၏။ မိမိအနေဖြင့် ယင်းနေရာသို့ ရောက်လည်း မရောက်ဘူး ယင်းနေရာအကြောင်းကို ကြားလည်း မကြားဖူးသဖြင့် သွားရမည့်နေရာစာရင်းတွင် ထည့်သွင်းမထားခဲ့ပေ။ သွားလိုလျင် ကျောင်းသား တစ်ယောက် လမ်းပြ ထည့်ပေးလိုက်မည်၊ အသွားအပြန် တစ်နာရီ ကျော်လောက် အချိန်ပေးရမည်ဟု ပြောလေ၏။ ဆရာတော်၏ တိုက်တွန်းမှုအပြီး မိမိအနေဖြင့်လည်း သွားရောက်ဖူးမျှော်ချင်သော နေရာဖြစ်သောကြောင့် ၀မ်းသာအားရ လက်ခံဖြစ်၏။
သို့ဖြင့် ကောသမ္ဗီမှ ခရီးဆက်ကြရာ ထိုနေရာသို့ နာရီဝက်ကျော်ကြာ မောင်းရလေ၏။ လမ်းကား တောလမ်းဖြစ်၍ ကျဉ်းမြောင်းပြီး ဆိုးရွား၏။ လမ်းကို လယ်ကွင်းများ အကြားတွင် ကွေ့ကောက်စွာ ဖောက်လုပ်ထားခြင်းဖြစ်၍ လှတောသား ပြောသ ကဲ့သို့ ကျောက်ခဲစားခဲ့လျင်ပင် အစာကြေနိုင်သော လမ်းမျိုးဖြစ်၏။ ကောသမ္ဗီနှင့် ထိုနေရာသည် (၁၅)ကီလိုမီတာကျော်ခန့်သာ ဝေးသော်လည်း လမ်းမကောင်းခြင်းကြောင့် အချိန်ပေးကာ သွားရောက်ကြရ၏။
တောင်ထိပ်တွင် ဂျိန်းဘုရားကျောင်းတို့ဖြင့် တင့်တင့်တယ်တယ် ယှဉ်တွဲကာ တည်ရှိနေသော တောင်နှစ်တောင်ကို အဝေးမှပင် လမ်းမြင်ရသည်။ ထိုတောင်တို့သည် ယမုနာမြစ်ကမ်းဘေးတွင် ကပ်လျက် တည်ရှိပေ၏။ တောင်ညီနောင်တို့သည် ကျောက် အတိပြီးသော ကျောက်တောင်များ ဖြစ်ကြ၏။ ထိုတွင် တောင်တစ်တောင်မှာ အနည်းငယ် ကြီးကာ မြင့်မားပြီး တောင်တစ်တောင်မှာ အနည်းငယ် သေးကာ နိမ့်၏။ ကြီးသောတောင်သည် သစ်ပင်တိုဖြင့် စိမ်းစိုလန်းဆန်းနေပြီး တောင်ထိပ်တွင် ဂျိန်းဘုရားကျောင်းကြီး တစ်ကျောင်းရှိ၏။ ထိုကျောင်းသို့ သွားရောက်ဖူးမျှော်နိုင်ရန် တောင်တက်စင်္ကြံ အုတ်လှေခါးလမ်းကလေး ကို သေသပ်စွာ ဖောက်လုပ်ထား၏။ ငယ်သောတောင်သည် တောင်ကြီးလောက် သစ်ပင်များများစားစား မရှိပေ။ တောင်ပေါ်သို့ တက်ရန် အုတ်လှေခါးလမ်းကျယ်ကိုမူ ခိုင်ခန့်စွာ ဆောက်လုပ်ထား ၏။ တောင်ခလယ်တွင် ဂျိန်းဘုရားကျောင်းတစ်ကျောင်း တည်ရှိပြီး ယင်းကျောင်းသို့ သွားရောက်ဖူးမျှော်ရန် ဆောက်လုပ်ထားခြင်းဖြစ်၏။ ဂျိန်းကျောင်းကို ဖြတ်ကျော်ပြီး အုပ်လှေခါး လမ်းကလေးအတိုင်း ဆက်လက်တက်ကြသောအခါမှ တောင်ထိပ်တွင် ပူဇော်ထားသည် ဘုရားရှင်ကျောင်းဆောင်ကလေးကို ဖူးမျှော်ကြရ၏။
တောင်ထိပ်က မြတ်ဗုဒ္ဓကျောင်းတော်ရာ
ဘုရားကျောင်းဆောင်လေးကို ပူဇော်လို့ရရန် ဆောက်လုပ်ထားခြင်း ဖြစ်ဟန်တူ၏။ သေးငယ်လှပြီး အမိုးအကာ မရှိပေ။ ယင်းသို့ကြီးကျယ်ခန်းနားမှု မရှိသော်လည်း မြတ်ဗုဒ္ဓ ဆယ်ဝါမြောက် ၀ါကပ် ၀ါဆိုခဲ့သည့် နေရာမြတ်အဖြစ် အာရုံပြုခွင့်ရ၍ ကျေနပ်ကြရသည်။ ထိုနေရာသို့ ရောက်ခိုက် ငယ်စဉ်ကတဲက စွဲထင်နေခဲ့သော ပါလိလေယျက ပုံရိပ်တို့ကို အလွမ်းပြေ ကြည့်ခွင့်ရခဲ့သည်။ လမ်းပြ အမျိုးသား၏ ဦးဆောင်မှုဖြင့် တောင်ထိပ်သို့ တက်ရောက်ကာ ဖူးမျှော်ကြရသော်လည်း နေမင်းကြီးကား အငြိုးကြီးစွာ ပူပြင်းနေခိုက်မို့ ပင်ပန်းလှသည်။ အချို့သံဃာများကား တောင်ပေါ်သို့ မတက်ရောက်ကြဘဲ တောက်အောက်မှပင် လှမ်းကာ အာရုံပြု ပူဇော်ကြသည်။ တောင်ခြေရင်းတွင် ရွာငယ်လေး တစ်ရွာ တည်ရှိသည်။ ရွာထဲတွင် ဂျိန်းဘုရားကျောင်းများစွာကိုလည်း တွေ့ရပေ၏။ ယခုအခါ ဂျိန်းဘာသာဝင်တို့ အဓိကလာရောက်ဖူးမျှော်ကြရာ နေရာဖြစ်လိမ့်မည်ဟု ခန့်မှန်းမိ၏။
ပါလိလေယျကတော၏ မျက်မှောက်ရှု့ခင်းတို့မှာ စာပေမှာ အာရုံပြုရသကဲ့သို့ ခန့်ညားမနေခဲ့ပေ။ တောကြီးမြိုင်ကြီး မဟုတ်တော့သော်လည်း တောတောင်ပုံရိပ်များ အထင်သား ကျန်ရှိနေသဖြင့် ကျေနပ်စရာတော့ ကောင်းသေး၏။ နှစ်ပေါင်း နှစ်ထောင်ခြောက်ရာနီးပါး ကြာခဲ့ပြီမို့ မမြဲခြင်းသဘောအရ ပြောင်းလဲခဲ့ပေပြီ။ စာပေတို့ကို အမှတ်ရရင်း ဤနေရာသို့ ကြွရောက်ခဲ့သည် မြတ်ဗုဒ္ဓပုံရိပ်တို့ကို ထင်ထင်ရှားရှား မြင်ရောင်လာမိသည်။
မြတ်စွာဘုရားရှင်သည် ဃောတိတာရုံကျောင်း၌ သပိတ် သင်္ကန်းနှင့် နေရာတို့ကို ကိုယ်တော်တိုင် သိမ်းဆည်းတော်မူကာ ရပ်တော်မူလျက်ပင် ပြောမရသော ရဟန်းသံဃာ တို့အား ဂါထာဆယ်ပုဒ်တို့ဖြင့် ဆုံးမတော်မူ၏။ ယင်းနောက် ဆားချက်ရွာအနီး တောရဆောက်တည်နေသော အရှင်ဘဂုထံသို့ တစ်ပါးတည်း ကြွတော်မူလေ၏။ ထိုတောရကျောင်း၌ တစ်ညနေနှင့် တစ်ညပတ်လုံး သီတင်းသုံးတော်မူကာ တစ်ပါးတည်းနေရာခြင်း၏ ချမ်းသာတို့ကို ဟောပြတော်မူလေသည်။
ထို့နောက် အရှေ့ဝါးတောသို့ တစ်ပါးတည်း ဆက်လက်ကြွတော်မူ၏။ ထိုဝါးတောတွင် ဖလသမာပတ်ဖြင့် သီတင်းသုံးနေကြသော အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယ၊ အရှင်ကိမိလ ဟူသော မထေရ်မြတ်သုံးပါးတို့သည် မြတ်ဗုဒ္ဓအား ညီညွတ်စွာ ကြိုဆိုကြပြီး ၀တ်ကြီးဝတ်ငယ်ပြုကြလေသည်။ မထေရ်မြတ်သုံးပါးတို့သည် မြတ်စွာဘုရား မေးတော်သည့်အတိုင်း “ကျမ်းမာကြပါသည်၊ မျှတပါသည်၊ ဆွမ်းကွမ်းတို့ ပြည့်စုံပါသည်” ဟု လျှောက်ထားသောအခါ မြတ်ဗုဒ္ဓသည် ကောင်းချီးသာဓု ပေးတော်မမူဘဲ ဆိတ်ဆိတ် သာ နေတော်မူလေ၏။ “တပည့်တော်တို့သည် အချင်းချင်းအပေါ်၌ မေတ္တာနှင့် ယှဉ်သော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကို မျက်မှောက် မျက်ကွယ်တွင် ထားရှိကျင့်သုံး ကြပါသည်၊ မိမိကိုယ်ကြိုက်ကို ဖယ်၍ တစ်ပါးသူ၏ အကြိုက်တိုင်းလိုက်နာကာ နို့နှင့်ရေ ရောသကဲ့သို့ တစ်တဘောတည်း ညီညွတ်သင့်မြတ်ကြပါသည်ဘုရား”ဟု လျှောက်ထားသောအခါတွင်မူ ကောင်းချီးသာဓု ပေးတော်မူလေ၏။
ဤဖြစ်ရပ်တို့၌ မြတ်စွာဘုရား ပြတော်မူချင်သော အလိုတော်မှာ ရိုးရှင်းလှပေ၏။ ချမ်းသာလိုပါလျင် အရှင်ဘဂုမထေရ်ကဲ့သို့ တစ်ယောက်တည်း ဆိတ်ငြိမ်ရာတွင် သတိပဋ္ဌာန်ဖြင့် နေရမည်။ ထို့သို့နေရန် အခြေအနေမပေး၍ အပေါင်းအသင်းနှင့် နေရလျင် အနုရုဒ္ဓါတို့ကဲ့သို့ မေတ္တာသုံးမျိုးတို့ဖြင့် နေရမည်ဟု ဘ၀သင်ခန်းစာ ပေးတော်မူလေ၏။
ထိုဖြစ်စဉ်တို့ကို သတိရမိခြင်းနှင့်အတူ ယခု တော်ပေါ်မှ လှမ်းမြင်နေရသော မြင်ကွင်းတို့မှာ ကဗျာဆန်သလို ရှိပေ၏။ ခပ်လှမ်းလှမ်းတွင် ယမုနာမြစ်ကြီးက စိမ်းလဲ့ကာ စီးဆင်းနေ သည်။ မြစ်ရေပြင်တွင် လှေကြီး၊ လှေငယ်တို့သည် ထက်အောက်ဆန်ကာ သွားလာနေ ကြသည်။ မြစ်တစ်ဘက်ကမ်းတွင်မူ စိုက်ခင်းများက စိမ်းစိုနေပေ၏။ ခပ်ဝေးဝေးက တောအုပ်ငယ် ကလေးတို့မှာ သစ်ပင် ကြိုးတိုးကြိုးတဲဖြင့် နေချင်စဖွယ် လှပနေ၏။ တောင်ခြေရင်းတွင် မြက်စားနေ ကြသော ဆိတ်နှင့်နွားများ၊ တုတ်တစ်ချောင်း ကိုင်ကာ ထိန်းကျောင်းနေကြသော ဆိတ်ကျောင်းသားနှင့် နွားကျောင်းသားတို့ကို မြင်တွေ့ရသည်။ တောင်ယာသူ ကုလားမတို့မှာလည်း ဆာရီစတစ်လွှားလွှားဖြင့် တောင်ယာအလုပ်ကို လုပ်ကိုင်နေကြ၏။
မိမိ၏ စိတ်အာရုံ၌မူ ခမ်းဝေးဝေးက တောအုပ်ငယ်၏ သစ်ပင်တစ်ပင်ရင်းတွင် အရှင်ဘဂု မထေရ်က တစ်ပါးတည်း ဆိတ်ငြိမ်စွာ ထိုင်နေလေ၏။ ယမုနာမြစ်ကမ်းစပ်တွင်မူ အရှင်အနုရုဒ္ဓါ မထေရ်၏ ပုခုံးထက်သို့ အရှင်နန္ဒိယက သောက်ရေအိုးတစ်အိုးကို ပင့်ပေးနေ၏။ ဖွတ်လျှော်ပြီးသား သင်္ကန်းတို့ကို အရှင်ကိမိလက ရင်ခွင်ပိုက်ကာ သယ်ဆောင်နေသည်။ မိမိ၏ မနီးမဝေး တောင်အလယ်က သစ်ပင်ကြီး တစ်ပင် အောက်တွင် ပါလိလေယျက ဆင်မင်းကြီးက မြတ်စွာဘုရားအား သစ်သီးဆွမ်းကို ဆက်ကပ်နေ၏။ အနီးအနားတွင် မျောက်တစ်ကောင်က ပျားလပို့ကို ကိုင်ကာ ကပ်လှူရန် အဆင်သင့်စောင့်နေ၏။ အမြင်ပုံရိပ်များ တဖျပ်ဖျပ် ပေါ်လာခြင်းနှင့်အတူ ကြည်နူးစိတ် တို့သည်လည်း တသိမ့်သိမ့်ဖြစ်ရလေ၏။ ငယ်စဉ်ကတဲက စွဲထင်နေခဲ့သော ပုံရိပ်များကို ခုမှပင် အားရပါးရ အာရုံပြုခွင့်ရတော့၏။
မြတ်ဗုဒ္ဓသည် သူ၏ ဆယ်ဝါမြောက်ခရီး၌ ပါလိလေယျက လမ်းစဉ်တို့ကို လမ်းညွှန်ခဲ့သည်။ လူသားတို့သည် စိတ်ချမ်းသာစွာ နေလိုကြ၏။ ချမ်းသာစွာ နေလိုလျင် ယင်းလမ်းစဉ်တို့ကို မဖြစ်မနေ လိုက်နာကြရပေမည်။ သို့မှသာ စိတ်ချမ်းသာမှုအစစ်ကို အမှန်တကယ် ရရှိမည်ဖြစ်သည်။ မည်သည့်လမ်းစဉ်ကို လိုက်နာကြမည်နည်း။ တစ်ယောက်တည်း တရားဖြင့် နေမည်လော။ သို့မဟုတ်- အပေါင်းအသင်းတို့အပေါ်၌ မေတ္တာသုံးမျိုးတို့ဖြင့် နေမည်လော။ ရွေးချယ်မှုကတော့ မိမိအပေါ်တွင် မူတည် ပေလိမ့်မည်။
ယမုနာ ဆည်းဆာအလှ
ယမုနာ ဆည်းဆာအလှ
သိမ်မွေ့ဦး (BHU)
(18-10-13)
No comments:
Post a Comment