ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

24/10/2012

အာဇာနည် အရှင် မြင်ပါလှည့်..။

1. စီးဆင်း ရင်ခွင် | 10/24/2012 | 2. 3. 4. 5. 6. Best Blogger Tips
        မင်းဒင်လို ငပါမွှားနှင့် သာသနာ့အာဇာနည် အရှင်တပါးအကြား မမေ့နိုင်စရာ ဇာတ်လမ်းများ ရှိသည်ဆိုလျှင် ယုံတမ်းပုံပြင်လို့တော့ မထင်ကြပါလေနှင့်။ အဝေးရောက် မင်းဒင်တယောက် ခါးတောင်းပဲ ထကျိုက်ရမလို၊ ဟိုအပုံပဲ ပြေးဟပ်ရမလို ဖြစ်လောက်အောင် ဇာတိမြေက တိုက်ပွဲခေါ်သံတွေ မြည်ဟီးတုန်ခါ ထွက်ပေါ်လာနေချိန်မှာ ဆိုရေးရှိ၍ ဆိုရပါဦး မည်။
                                         x x x x x x x  
ဘာသာရေးနှင့် အလှမ်းဝေးလှသော မင်းဒင်သည် သာသနာ့အာဇာနည်အရှင်ကို လွန်ခဲ့သော ၁၈ နှစ်ကျော်က သိလည်းမသိ၊ ကြားလည်းမကြားသိခဲ့။ ၁၉၉၀ ခုနှစ်ပိုင်း ရက်များဆီက ဇနီးသည် ငပိကြော်နေတာကို စပ်စုရင်း ရန်ကုန် မဟာ ဂန္ဓာရုံကျောင်းတိုက်က ယောက်ဖ၀မ်းကွဲ ဘုန်းတော်ကြီးတပါး သူ၏ ကျောင်းထိုင်ဆရာတော်နှင့် အတူ ထောင်ကျနေကြောင်း စကားစမိခဲ့သည်။
 ‘ဘာအမှုတဲ့လဲကွာ’
 ‘ကံဆောင်လို့ဆိုလားပဲ’ 
‘ဘာလဲဟ ကံဆောင်တယ်ဆိုတာ’
 ‘ကျုပ်လည်း သေချာမသိဘူး အစိုးရကပ်တဲ့ဆွမ်း မစားဘူးဆိုလားပဲ’ 
 ‘မင်းဥစ္စာက ဆိုလားပဲချည်းပါလား၊ ဆရာတော်ကကော’
 ‘ဘွဲ့တော့ ကျုပ်လည်းမသိဘူး၊ စာတော့ တော်တော်တတ်တယ်ဆိုလားပဲ’ 
                   x x x x x x x 

            နောင်သော် ထိုဆရာတော်အရှင်မှာ မင်းဒင်နှင့် ဆရာအရင်း၊ ဒကာအရင်း ဖြစ်လာခဲ့ ပါသည်။ ဆရာတော်မှာ နိုင်ငံကျော် သာသနာ့အာဇာနည် မန္တလေးမဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘာသာဋီကာအကျော် ရှင်ဇနကာဘိဝံသ၏တပည့်ရင်း ဖြစ်ပါသည်။ ၁၃၃၀ ခုနှစ်မှစ၍ တိပိဋကဓရ ရွေးချယ်စာမေးပွဲကြီးကို ၀င်ရောက်ဖြေဆိုရာ အပိုင်းလေးပိုင်းလုံး အာဂုံ၊ ရေးဖြေ တွဲလျက်ချည်းအောင်မြင်၍ တိပိဋကဓရ စာမေးပွဲအစအဆုံး ပထမနေရာမှ ချည်း အောင်စာရင်းကြေညာခြင်း ခံခဲ့ရပါသည်။ ၀ိနယဓရ၊ ၀ိနယကောဝိဒ၊ အဘိဓမ္မိက၊ အဘိဓမ္မ ကောဝိဒ၊ ဒီဃနိကာယကောဝိဒ၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တော်များကို ၁၃၃၅ ခုနှစ်၊ သက်တော်၂၇-နှစ်တွင် အစုံအလင်ရရှိခဲ့ပါသည်။

    တိပိဋဓရဘွဲ့တံဆိပ် ဆက်ကပ်ခံရခြင်းနှင့် ပတ်သက်၍ ဆရာတော်က “ဘုန်းကြီး အထူးအပင်ပန်းခံပြီး အားမထုတ်ခဲ့ရပါဘူး။ အာဂုံရော ရေးဖြေပါ သက်တောင့်သက်သာ ဖြေဆိုနိုင်ခဲ့ပါတယ်။ ကျန်းမာရေးကြောင့် တနှစ်နားခဲ့ရတဲ့ အတွက် ရဟန်းဝါ (၆) ၀ါမှာ ပြီးရမဲ့အစား (၇)၀ါမှာ ပြီးဆုံးခဲ့ပါတယ်” ပိဋကတ်သုံးပုံကို သက်တော် (၂၇)နှစ်ဖြင့် အာဂုံရေးဖြေ ဖြေဆိုအောင်မြင်ခဲ့သော ထိုအရှင်၏ ဉာဏ်ပညာကား အံ့မခန်း ကြီးမားလှပြီး ကြည်ညိုမဆုံးနိုင်သော အာဂယောင်္ကျား အာဇာနည်ပေတည်း။ တစတစ သာသနာ့အာဇာနည်များ၏ ထေရုပ္ပတ္တိများကို ဖတ်ရှုလေ့လာရာမှ ဆရာတော်၏ ပါရမီတော်ကို ဆပွားကြည်ညိုလာခဲ့ရပါသည်။
                                                  x x x x x x x 

   ဆရာတော် ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းနှင့် စပ်လျဉ်း၍ မင်းဒင်ကိုယ်တိုင် လျှောက်ထား ခဲ့ဘူးပါ၏။ ၁၉၈၉ ခုနှစ် “တနိုင်ငံလုံးမှာရှိတဲ့ သံဃာတော်တွေနဲ့ ပတ်သက်တဲ့အဖွဲ့တွေက စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံ၊ ပြည် သူတွေကို နှိပ်စက်သတ်ဖြတ်ပုံတွေဟာ ပတ္တနိက္ကုဇ္ဇနကံဆောင် ထိုက်မထိုက်ဆုံးဖြတ်ပေးဘို့ ဘုန်းတော်ကြီးဆီကို စာကပ်လာကြပါတယ်။ ဘုန်းကြီးဆီ စာ ရောက်တာကို ထောက်လှမ်းရေးကသိတော့ အရှင်ဘုရား ဖြစ်နိုင်ရင် စာမပြန်ပါနဲ့။ ပြန်မယ်ဆို ရင်လည်း မဆောင်ထိုက်ဘူးလို့ ပြန်ဖြေပေး ပါလို့ လျှောက်ကြပါတယ်။ ဘုန်းကြီးက ဒကာတို့ သတိပေးတာ ကျေးဇူးတင်တယ်၊ သို့သော် ဘုရားစကားကို သာ ဘုန်းကြီး နားထောင်ရလိမ့်မယ်။ တရားတော်မှာလာတဲ့အတိုင်းသာ ကျမ်းတတ်ဘုန်းကြီးတပါး အနေနဲ့ ဖြေရပါလိမ့်မယ်လို့ ဘုန်းကြီး ပြန်လည်မိန်ကြားပါတယ်။ ကံဆောင်ထိုက်ကြောင်း အဆုံးအဖြတ် စာတမ်းရေးပြီး ရဟန်းပျိုအဖွဲ့တွေထံကို ဘုန်းကြီး ပြန်ကြားပေးခဲ့ပါတယ်။ မကြာပါဘူး၊ ဖမ်းတာပါပဲ။ အဖမ်းခံရ မယ်ဆိုတာ ဘုန်းကြီးသိပြီးသားပါ။ ဘုန်းကြီးကို အင်းစိန်ထောင်ကနေ မြစ်ကြီးနားထောင်ကို ပို့တော့ လေယာဉ်ပေါ်မှာ ထောက်လှမ်းရေးတွေက လမ်းတလျှောက်လုံး ကြိမ်းမောင်းလာ ပါတယ်။ မြစ်ကြီးနားထောင်ထဲ မပို့ခင် မြစ်ကြီးနားထောက်လှမ်းရေးတပ်မှာ ဘုန်းကြီးကို အရပ်ဝတ် အတင်းဝတ်ခိုင်းပြီး အရာရှိ လုပ်သူက စစ်တပ်ဟာ အမိန့်ရထားရင် ဘာမဆို လုပ်မယ်ဆိုတာသိသလားတဲ့။ သူတို့ပုံစံက ရိုက်နှက်နှိပ်စက်မဲ့ဟန်ပါပဲ။ ဘုန်းကြီးအာနာပါနကို တလျှောက်လုံး မှတ်လာခဲ့ပါတယ်။ ဘုန်းကြီး မုသားမပြောဘူး။ ကြောက်စိတ်ရှိသော်ငြားလည်း ဆုံးဖြတ်ချက်ကို မပြင်နိုင်တဲ့အကြောင်း၊ ရဟန်းဘဝကို စွန့်ဘို့ထက် အသက်ကိုသာ စွန့်မဲ့အကြောင်း ပြောခဲ့တာဘဲ။ 
                                           x x x x x x x 
           မကြာမကြာ ရန်ကုန် မဟာဂန္ဓာရုံကျောင်းတိုက်သို့ ရောက်နေသဖြင့် တခါသော် ယောက်ဖ ဘုန်းကြီးနှင့် တွေ့စဉ် -
 ‘အရှင်ဘုရားက (၁၀)နှစ်၊ ဆရာတော်က အနှစ်(၂၀) ပြစ်ဒဏ်ကျပြီး ဘာဖြစ်လို့ (၂)နှစ်ခွဲနဲ့ ပြန်လွတ်လာသလဲဘုရား’ 
‘ရွှေဟင်္သာဆရာတော်ဘုရားကြီးက အစိုးရဆီက အလှူခံခဲ့တာပါ။ ဒီလို သာသနာ့ အာဇာနည်တပါးကို ဒီလို ချုပ်နှောင်ဖမ်းဆီးထားတာဟာ သာသနာအတွက် အရုပ်ဆိုးလှတဲ့ အတွက် မပြုကောင်း၊ မလုပ်ကောင်းဘူးဆိုပြီး အလှူခံခဲ့တာပါပဲ’
                                           x x x x x x x 
    
    စစ်အစိုးရကား မတတ်သာ၍ ပြန်လွှတ်ပေးခဲ့ရပြီး ဒကာ၊ ဒကာမတို့၏ ကောင်းမှု ကြောင့် ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်ကြီး တစစ စည်ပင်လာသည်ကိုပင် အမြင် မကြည်နိုင်ကြ။ သူပုန်ဘုန်းကြီး၊ အတိုက်အခံဆရာတော် ဟူသောဘွဲ့က ကြောက်ခမန်းလိလိ ကပ်ငြိနေခဲ့ကြသည်။ ၁၉၉၆ ခုနှစ်၊ (၁၄)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ရွှေကျင်နိကာယဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးတွင် ထိုဆရာတော်က အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ယင်းအခမ်းအနား၏ သံဃာအဖွဲ့အတွင်းရေးမှူးနှင့် စစ်အစိုးရအတွင်းရေးမှူးတို့ ဆုံကြပုံကို ဆရာတော်က မှတ်မှတ်ရရ မိန့်ကြားခဲ့ဘူးလေသည်။
 ‘တိုက်တိုက်ဆိုင်ပါပဲ ဒကာကြီးရာ၊ ရွှေကျင်သာသနာ့ဗိမာန်ကြီးရဲ့ အပေါ်ထပ်မှာ အစည်းအဝေးလုပ် မှာဖြစ်တဲ့အတွက် အပေါ်ထပ်ကိုအကြွမှာ ဗိုလ်ခင်ညွန့်နဲ့ လှေခါးရင်းမှာ ဗြုန်းကနဲ ဆုံမိကြတယ်။ တံခါးတပေါက်ဆီက ၀င်လာကြတာဆိုတော့ ထောက်လှမ်းရေးဘက် ကရော သံဃာတော်တွေဘက် ကရော ကြောင်ကြည့်နေကြတယ်။ ပထမလှေခါးထစ်ကို ဘုန်းကြီးတက်လိုက်တော့ ဗိုလ်ခင်ညွန့်ကလည်း မလျှော့ဘူး။ ဘုန်းကြီးနဲ့ ရင်ဘောင်တန်း တက်လာတယ်။ လေး၊ ငါး၊ ခြောက်ထစ် ရင်ဘောင်တန်းတက် လာတော့ ဘုန်းကြီးစဉ်းစားတယ်။ လျှော့ပေးပြီး လှေခါးထစ်ချန်ပြီးနေခဲ့ရင် ကောင်းမလားပေါ့။ သို့သော် ဘုန်းကြီးဟာ ၀ိနည်းတော် နဲ့အညီ နေထိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ငါလျှော့ခဲ့သော် သာသနာတော်ကို ညှိုးအောင် လုပ်ရာ ကျလိမ့်မယ်ဆိုပြီး ရင်ဘောင်တန်းလျက်ပဲ အပေါ်ထပ်ကို ရောက်ခဲ့ပါတယ်။ သူ့စိတ်ထဲ ဘယ်လို နေမယ်ဆိုတာ ဘုန်းကြီး မသိပေမဲ့ ဘုန်းကြီးအနေနဲ့ သူ့ကို ဘယ်အခါမှ စိတ်မကွက်ခဲ့ပါဘူး’ ဆရာတော် စကားအရဆိုလျှင် ဗိုလ်ခင်ညွန့် ကံကြီးထိုက်လေသလော။ 
                               x x x x x x x 

     တောင်မရောက်၊ မြောက်မရောက် မင်းဒင်ကား ဆရာတော်နှင့် ရင်းနှီးလာသည်နှင့် အမျှ ပေါက်ကရမေးခွန်းတွေ လျှောက်ထားခဲ့ဘူး၏။
 ‘အရှင်ဘုရား ဗုဒ္ဓဘုရားရှင်ရဲ့ အရပ်တော်ဟာ ၁၈ တောင်တို့၊ ၉ တောင်တို့ဆိုတာ ဖြစ်နိုင်ပါသလားဘုရား။ တပည့်တော်က အင်ဂျင်နီယာဖြစ်တဲ့အတွက် ဘုရားရှင်လက်ထက်က ကျောင်းတွေ၊ အဆောက်အဦးတွေရဲ့ ပန္နက်ပုံတွေကို လေ့လာရင်း မဖြစ်နိုင်ဘူးထင်ပါတယ်’ 
‘ဒကာမင်းဒင်၊ ဘုရားရှင်ရဲ့ အရပ်တော်နဲ့ ပတ်သက်လို့ ပါဠိ၊ အဋ္ဌကထာတွေဟာ အမျိုးမျိုးပြဆိုကြသော်ငြားလည်း ဘုန်းကြီးအသိဉာဏ်နဲ့ ချိန်ဆရာမှာ ဘုရားရှင်ဟာ အိန္ဒိယ သွေးပါတဲ့အတွက် ကုလားလူမျိုးများကဲ့သို့ အသားရည်ရှိမယ်။ မဟာပုရိသလက္ခဏာများနဲ့ ပြည့်စုံတဲ့အတွက် အရပ်အမောင်းကောင်းမှာ အမှန်ဖြစ်တယ်။ ယသော်ဓရာမိဖုရားဟာ သာမန် အမျိုးသမီးအရပ်မောင်းမျှသာ ဖြစ်တဲ့အတွက် အရပ် ၁၈ တောင်ရှိသူနဲ့ စပ်ယှက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘုန်းကြီးသဘောအရဆိုရင် ၁၈ မိုက်ဟာ သင့်တော်မှန်ကန်မယ်လို့ ယူဆပါတယ်’ 
လက်တွေ့ကျလှသော ဆရာတော်အဖြေကား မင်းဒင်ပါးစပ်ကို ရုတ်ချည်း ပိတ်သွားစေ ခဲ့ပါသည်။ ပညာစမ်းသည့်သဘော ဖြစ်ခဲ့ခြင်းအတွက်လည်း သတိရတိုင်း ဆရာတော်သို့ ရည်မှန်းကန်တော့ တောင်းပန်ဆဲပင် ဖြစ်ပါ၏။ 

                                         x x x x x x x
    ဆရာတော်၏ ဉာဏ်ပညာနှင့် ပရိယတ္တိသင်ကြားပို့ချမှုကဏ္ဍတို့အတွက် ၁၉၉၈ ခုနှစ် တွင် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်ရာဇ၀ိဇ္ဇာလယတက္ကသိုလ်မှ ဗုဒ္ဓစာပေဆိုင်ရာ ဂုဏ်ထူး ဆောင် ပါရဂူ(Ph.D)ဘွဲ့ ဆက်ကပ်ခံရစဉ်ကလည်း စစ်အစိုးရက သံသယမကင်း။ “ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်က စာတစောင်ရောက်လာတယ်။ ဘုန်းကြီး ရေးလိုတဲ့ ဗုဒ္ဓစာပေဆိုင်ရာ စာတမ်းတခုကို ပါဠိချည်း သက်သက် ရေးပို့ဖို့ လျှောက်ထားတာပါ။ ဘုန်းကြီး စာမျက်နှာလေးဆယ်ရှိတဲ့ စာတမ်းကို ရေးပို့ပြီး။ မကြာခင်မှာ ဒေါက်တာဘွဲ့ ဆက်ကပ် တဲ့အကြောင်း စာရောက်လာပါတယ်။ ဒါကို အစိုးရက သွေးရိုးသားရိုးမှဟုတ်ပါ့မလား ဆိုပြီး မယုံဘူးဗျာ”
 “အဲဒီအခမ်းအနားကို လွှတ်မလိုလို၊ မလွှတ်လိုလိုနဲ့ နောက်ဆုံးကျမှ အစောင့်နဲ့ တက်ခွင့်ရတယ်။ သူတို့ကတော့ ကပ္ပိယအနေနဲ့ လိုက်တာပါပေါ့။ ဒါပေမဲ့ အခမ်းအနား ကျင်းပ နေချိန်အထိ ဗိုလ်ခင်ညွန့်ဆီကို အသေးစိတ် သတင်းပို့နေတာ ဘုန်းကြီးကြားနေတာပဲ။ ဘုန်းကြီးဘွဲ့အမည်ခေါ်ပြီး ဘွဲ့လက်မှတ်ကပ်ပြီးမှပဲ သူတို့ စိတ်အေးသွားပုံပဲ” 
၂၀၀၀ ခုနှစ် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ ဘာသာ ပေါင်းစုံ ညီလာခံသို့ ကြွရောက်ပြီး မြန်မာပြည်ပြန်ရောက်သည်နှင့် ဆရာတော်ကို စစ်အစိုးရ ရာဇမာန် ရှပြန်ပေသည်။
 “ဘုန်းကြီး ဘာတတ်နိုင်မလဲ။ သူတို့က ဘယ်သတင်းဌာနနဲ့မှ စကားမပြောပါနဲ့လို့ မှာထားတယ်။ ဘုန်းကြီးတပါးတည်း ဟိုတယ်ခန်းမှာရှိနေတုန်း ဟဲလို တပည့်တော် စိန်ကျော်လှိုင်ပါဘုရား၊ တိပိဋကဆရာတော် ရှိပါသလားဘုရားဆိုတော့ ဘုန်းကြီး ဘယ့်နှယ်လုပ် လိမ်မလဲ။ အေး ဘုန်းကြီးပဲဆိုပြီး သူတို့မေးတာ သုံးလေးခွန်းဖြေလိုက်တယ်။ သာသနာရေး နဲ့သာ ပတ်သက်တယ်။ ပြန်လည်းရောက်ရော အစိုးရတဖွဲ့လုံး ခပ်တန်းတန်း ဖြစ်နေရာ” 

                          x x x x x x x 
   ၂၀၀၄ ခုနှစ်ဆန်းပိုင်း မင်းဒင် ဘန်ကောက်မှာရှိစဉ် ‘အမိမြေက ဇနီးသည်က ဖုန်းဆက် လာသည်။ “ရှင့်ဆရာတော် ဘန်ကောက်ဆေးရုံမှာ တက်နေတယ်။ ရှင့်ကို မေးနေတယ် ပြော တယ်” 
“ဆေးလာ စစ်တာလား” 
“မဟုတ်ဘူး၊ နေမကောင်းတာ” 
“ဘာရောဂါများလည်းကွာ” 
“သေချာတော့မသိဘူး၊ ကိုယ်တိုင်သာ သွားလျှောက်ပေတော့” သည်လိုနှင့် မေးရင်းစမ်းရင်း ချူလာလောင်ကွန်ဆေးရုံကိုရောက်တော့ ဆရာတော် တပည့် ဦးဉ္ဇင်းက -
 “ဒကာကြီးလာတာ အတော်ပဲ။ ဒကာကြီးကို ဆရာတော် မေးနေတာ နှစ်ခါသုံးခါရှိပြီ” ချက်ချင်းဝင်ဖူးခွင့်ရသည်။ ဆရာတော်၏ရောဂါကာ ရိုးတွင်းခြင်ဆီကင်ဆာဟု ဆိုပါသည်။ “အရှင်ဘုရား နေသာပါရဲ့လား ဘုရား”
 “အခုတော့ နေလို့ ထိုင်လို့ကောင်းပါတယ်။ သို့သော် ဘုန်းကြီးဘ၀င်မကျစရာ တခု တော့ ရှိတယ်။ ဒကာကြီးရာ၊ ဘုန်းကြီးနေမကောင်းတာကို တာဝန်ရှိသူတွေကို အကြောင်း ကြားတော့ ဆရာဝန်ကြီးတွေ လွှတ်ပေးတယ်။ အဲဒီဆရာဝန်ကြီးတွေက ‘ဘာမှမဖြစ်ဘူးတဲ့ဗျာ’ ဘုန်းကြီးက ခံစားနေရသူဆိုတော့ သေချာစစ်ပါဦးပြောတော့လည်း မကြိုက်ကြဘူး။ ကိုယ့်စားရိတ်နဲ့ကိုယ်သွားမယ် ပြောတာတောင် မယုံလို့ထင်ပါရဲ့၊ လွယ်လွယ်နဲ့ မလွှတ်ဘူး။ အကြိမ်ကြိမ်စစ်မေးပြီးမှ သွားခွင့်ရတယ်။ ဒီရောက်တော့မှ သေချာကြပ်မတ်စစ်ဆေးကြည့်တော့ ရောဂါသိရလို့ ကုသပေးနေကြတာ ဗမာပြည်မှာဆို ဘုန်းကြီးသေလောက်ပြီ“
 ဆရာတော်၏ ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ ထိုင်းဘုရင့်မိသားစုက တာဝန်ကျေလှ ပါ၏။ ထိုင်းဘုရင်တပ်မတော်မှ ဗိုလ်ချုပ် ၀ိချစ်ယာဒိပ်၏ သတင်းပို့မှုကြောင့် ထိုင်းဘုရင်မိသားစု က ဆရာတော်၏ ဆေးဝါးကုသစရိတ် အ၀၀ကို ထိုင်းဘတ်ငွေ ၃ သန်းခန့်အထိ အကုန်အကျခံ ခဲ့ပြီး ထိုင်းသာသနာပိုင်သာ အသုံးပြုရသည့် သံဃာ့ဝဇီရဉာဏဆောင်မှာပင် ပြုစုကုသပေး သည်။ ဗမာတို့ ရှက်ဘို့ကောင်းလေစွ။ 
                                 x x x x x x x

        မြန်မာဆရာဝန် သမားတော်ကြီးများက ဘာမှမဖြစ်ပါဟု ဘာကြောင့် မှတ်ချက်ချခဲ့ သည်မသိ။ ဆရာတော်ကျန်းမာရေးအတွက် ထိုင်းနိုင်ငံ ဆရာဝန်များက အင်္ဂလန်၊ အမေရိကန် နိုင်ငံတို့ရှိ အနုဇီဝ ဓါတ်ခွဲခန်းတို့၏ အကူအညီဖြင့် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြသော်လည်း ယမန်နှစ် ဤအချိန် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်၊ တနင်္ဂနွေနေ့ (၀၇း၃၅) နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်၌ ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့လေပြီ။
                                 x x x x x x x 

  ဤသို့လျှင် ထိုသို့လျှင် လွန်ခဲ့သော ၁၈ နှစ်ကပင် ဗမာစစ်အစိုးရကို ပတ္တနိက္ကုဇ္ဇနကံ ဆောင်ထိုက်သည်ဟု ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ခဲ့သော ဗမာအစိုးရ အငြိုးကြီးခဲ့သော ထိုဆရာ တော် အရှင်မြတ်ကား အခြားသူ မဟုတ်။ ရန်ကုန်မြို့မဟာဂန္ဓာရုံကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် တိပိဋဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓမ္မပါဠိပါရဂူ၊ ပရိယတ္တိ သာသနာ့အကျော် ဘဒ္ဒန္တ အရှင်သုမင်္ဂလ လင်္ကာရ (Ph.D) ပင် ဖြစ်ပါသည်။ ဆရာတော်အရှင်မြတ်ဘုရား၊ အရှင်ဘုရား လက်မွန်မဆွ ဆုံးဖြတ်ခဲ့သော ပတ္တနိက္ကုဇ္ဇန ကံဆောင်သောအမှုကို ယခုအခါ မြန်မာပြည်တ၀ှမ်း သံဃာအာဇာနည်များမှ ရွပ်ချွံပြောင်မြောက် စွာ ပြုလျှက်ရှိရာ သာသနာသမိုင်းတွင် အလေးအမြတ် မှတ်တမ်းပြုရမည့် အခြေအနေသို့ ရောက်ရှိနေပါပြီ ဘုရား။ ရွှေဝါရောင်လှိုင်းလုံးကြီး တနိုင်ငံလုံးတွင် ဖုံးလွှမ်းနေသည်ကို ရောက်ရှိရာ မြင့်မြတ် သော ဘုံဘ၀မှ မြင်လှည့် ကြားလှည့်စေလိုပါသည်ဘုရား။ 
                    ☼ ☼ ☼ ☼ ☼ 
                                              မင်းဒင် (၂၄၊ ၉၊ ၀၇)


( ၁၃၆၈-ခုနှစ်၊ သီတင်းကျွတ်လဆန်း တွင် ဘ၀နတ်ကျာင်း ရွှေ့ပြောင်းသွားတော်မူသော မိမိ၏ အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် ဆရာတော်ဘုရားအား အထူးပင် လွမ်းဆွတ်မိပါသည်။)

ဗာရာဏသီရောက် မြန်မာကျောင်းသား ရဟန်းတော်းများ သံဝေဇနိယ လေးဌာန ဘုရားဖူးခရီး..။

1. စီးဆင်း ရင်ခွင် | 10/24/2012 | 2. 3. 4. 5. 6. Best Blogger Tips
Type your summary here Type rest of the post here

29/09/2012

အချစ်ကုထုံး

1. စီးဆင်း ရင်ခွင် | 9/29/2012 | 2. 3. 4. 5. 6. Best Blogger Tips
                    " ပိယတော ဇာယတေသောကော၊ ပိယတော ဇာယတေ ဘယံ။
                     ပိယတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ " (ဓမ္မပဒ) 

         အချစ်နှင့်သက်ရောက်မှု သို့မဟုတ် အချစ်နှင့်အန္တရာယ်တို့ကို အစောဆုံး ထောက်ပြခဲ့သူမှာ ဗုဒ္ဓမြတ်စွာပင်၊ B.C ခြောက်ရာစုကပင်ဟု အထက်ပါ ဂါထာငယ်ကို သာဓကပြုပါမည်။ ချစ်ခြင်းကြောင့် သောကဖြစ်ရ၊ ဘေးဒုက္ခတို့ကြုံရကာ အချစ်မှလွတ်မြောက်လျှင်တော့ သောက လည်း ငြိမ်း၊ ဘေးလည်းမရှိ...တဲ့။ 

         စန္ဒကိန္နရီတို့မျက်ရည်၊ ကိုဒါသအတွက် မပဋာ၏သောက၊ သစ္စာရှာဖို့ မြင်းစီးထွက်ခွာသွားသူအတွက် ယသောဓရာ၏ အလွမ်း၊ ဂျူးလိယက်အတွက် ရိုမီယို၏ဘေး၊ မစ္စစ်ဆင်မဆင်အတွက် ထီးနန်းဝေးခဲ့ရသူ အက်ဒွက်ဘုရင် ...စသည် ... စသည် ...။

          နိပါတ်တော်မှာပဲ ကြည့်ကြည့်၊ ဒဏ္ဍာရီမှာပဲ ရှုရှု၊ သမိုင်းထဲမှာပဲ မျှော်မျှော်၊ ပစ္စုပ္ပန်မှာပဲ ငေးငေး၊ အချစ်ဘေးသင့်ခဲ့သူတွေ၊ သင့်နေသူတွေ အစုနှင့်အဝေး၊ ဒုနှင့်ဒေးပင်။ ထိုများပြားစွာသော သာဓကတွေထဲတွင် သူပါလိမ့်မည်ဟု မထင်ခဲ့၊ ယောင်၍မျှပင် မတွေးမိခဲ့၊ ယခုတော့မူ ...။

          ပထမမူ အကြားသတင်း၊ ကမာရွတ် လှည်းတန်းမှာ ဆရာဝန်မလေးတယောက်ကို လူတဦးက ဓာတ်ဆီလောင်း၊ မီးရှို့လို့တဲ့ ။ ဘုရား ... ဘုရား ... ဘုရား ... ဒါလောက်တောင် စရိုက်ဆိုးတွေ ထွန်းကားနေပြီလား။ အွန်လိုင်းကို ကိုယ်တိုင်ဖတ်လိုက်တော့ ... " ရည်းစား " ဆိုသော အသုံးအနှုန်းလေးကို သတိပြုမိကာ အော် ... ဒီလူနှယ် ... စိတ်မသက်မသာဖြစ်မိယုံသာ။ ထိုသူ၏ နာမည်ကိုတွေ့မိတော့ ... အသိတွေ ထဲမှာ သည်နာမည်ရှင် နှစ်ဦးရှိနေတာ ကို အမှတ်ရသည်။ 

          စကားဝိုင်းတွေမှာ မိုက်မဲသူဟု သတ်မှတ်ကာ၊ ဆေးရုံတင်ထားရသူ ဆရာဝန်မလေးကိုတော့ သနားကြသံတွေ ကြားနေရသည်။ ကိုယ်ကတော့ အချစ်ဘေးသင့်သူတစ်ယောက်ဟုသာ။ 

          နောက်နေ့မှာတော့ ဆရာဝန်မလေး မီးသင့်ဒဏ်နှင့် သေဆုံးသွားကြောင်း သတင်းတက်လာသည်။ အားလုံးက စိတ်မကောင်းကြ၊ ရည်းစားဆိုသူကိုလည်း အမျက်ပိုကြ။ အဲဒီသတင်း ဖတ်နေစဉ်မှာပင် ကွန်ပြူတာထောင့်မှာ Email တခု တက်လာ၍ ဖွင့်လိုက်ရာ ...

         " သတင်းဆိုးပါဘုရား " ၊ ခေါင်းစီးကြောင့် ထိတ်ကနဲဖြစ်သွားသည်။ ဘာများပါလိမ့်၊ " ဘုန်းဘုန်း ... ကိုလွင်ဦးတို့ စိတ်မထိန်းနိုင်ဖြစ်ပြီး ... " သူ့သူငယ်ချင်း၊ ကိုယ့်တပည့် ဧခိုင်၏ ကြေကွဲမေးလ် ... အော် ... ကိုယ့်အသိ နှစ်ယောက်ထဲက တယောက်ဖြစ်နေပါပေါ့လား။ ဘယ်လိုမှထင်မထားခဲ့၊ တလောကပင် သူနှင့် Chatting ထိုင်ခဲ့သေး၊ သူက စင်္ကာပူ ရောက်နေခဲ့တာပဲ၊ ဘယ်လိုကဘယ်လို ...။ 

         ဘုန်းဘုန်း ဆုတောင်းမေတ္တာ ပို့ပေးပါဦး ... တဲ့။ လောလောဆည်တော့ ကိုယ့်မေတ္တာသည် ကိုယ့်ရင် ကိုပင် အေးမြစေနိုင်စွမ်းမည်မထင်။ သူ့နာမည်ကို ဖွဖွရွတ်နေမိသည်။ ဖြစ်ရလေ ... ဘာလို့များ စိတ်လိုက်မာန်ပါပြု ... အင်း ... 

  ၂၀၀၆ ... ခုနှစ်ဆီက ကိုယ့်ထံကိုရောက်လာတတ်သည့် ရေကြောင်း တက္ကသိုလ် ကျောင်းသားလေးတသိုက်၊ ကိုဧခိုင် (စိုင်းပြင်း)၊ ကျော်သူဟန်၊ ကိုစံသို့ဝ်၊ ဘိုတောက်နှင့် ... ကိုလွင်ဦးဆိုသည့် ... သူ ...။ စာအလွန်ဖတ်သော၊ တိုးတက်သောအမြင်ရှိသော၊ ပညာတော်သော၊ ရိုးသားတည်ငြိမ်သော လူငယ်လေးများ။ ထိုအထဲတွင် ဘာသာတရားကိုင်းရှိုင်း၍ နှိမ့်ချတတ်သောသူ့ကို သတိပြုမိသည်။ ကိုယ်တို့တတွေ မေတ္တာအကြောင်းတွေ ဆွေးနွေးဖြစ်ကြသည်။ 

       မေတ္တာဆိုတာ ... တဦးကိုတဦး မလှည့်စားခြင်း၊ တဦးကိုတဦး မထီမဲ့မြင် မလုပ်ခြင်း၊ တဦးဆင်းရဲမှုကို တဦးက အလိုမရှိခြင်းကိုခေါ်ကြောင်း ... ဒီသဘောထားသုံးရပ်ကို အကျိုးလိုလားမှုနှင့်ယှဉ်ပြီး ကြီး၊ ငယ်၊ အလတ်၊ ဆူ၊ ကြုံ့၊ အလတ်၊ နီးနေ၊ ဝေးနေ စသည့် သူတွေအပေါ်မှာ ထားခြင်းကိုပင် မေတ္တာ ထားသည်ခေါ်ကြောင်း။ ဒါကိုပင် ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးက-

         " လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ ... အထင်သေးခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ ... ဆင်းရဲလိုခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ ... " လို့ လင်္ကာသီခဲ့ကြောင်းတွေ ... 

       နောက်ပြီး ... မြတ်စွာဘုရားဟောသည့် မတရားမှု မကောင်းမှုကို၊ မကောင်းမှုမှန်း ရှုမြင်ရဲဖို့၊ ရှုမြင်ပြီး ငြီးငွေ့ဖို့၊ ငြီးငွေ့ပြီး စက်ဆုတ်ရွံမုန်းဖို့၊ ရွံမုန်းပြီး လွတ်မြောက်အောင်လုပ်ဖို့ ဆိုရာမှာ ခေါင်းဆောင်မျှော်တတ်သည့် ကိုယ်တို့လူမျိုးတွေ အကြောင်း၊ မိမိသည် ပင်လျှင် ခေါင်းဆောင်ဖြစ်နိုင် ကြောင်းတွေ ဆရာတပည့်လည်းမကျ၊ မိတ်ဆွေလည်းမကသည့် ကိုယ်တို့တတွေ မပြတ်ဆွေးနွေးခဲ့ကြ။ 

       သည်လိုနှင့် ယုံကြည်မှုတွေခိုင်ခဲ့ကြ၊ ရင်းနှီးမှုတွေပိုခဲ့ကြ၊ သမိုင်း၏ အစိတ်အပိုင်းတခုထဲကို တိုးဝင် ခဲ့ကြ၊ နောက်တော့ သီကြိုးပြတ်သည့် ပုလဲတွေလို ကြဲပြန့်သွားကြ၊ ကိုယ်က အဝေးဆုံးဆီ လွင့်စင်သွားခဲ့ရ၊ ခုတော့ ဒီကောင်လေးက ကိုယ့်ထက် သာ၍ဝေးရာဆီကို ထွက်ခွာသွားရဦးမှာလား ...၊ ဘုရား ... ဘုရား ... ဘုရားမ လို့၊ မဖြစ်ပါစေနှင့်၊ အချစ်ကိုစောင့်သော ဗီးနပ်စ် နတ်သမီးသည် ငယ်သူတို့အချစ်ကို စာနာတတ်၊ စောင့်ရှောက်တတ်ပါစေသား ...။

        ဒီနေ့မှာတော့ ကိုယ်တို့စိတ်ကို ပို၍ထိစေသည့် သတင်းနောက်ဆက်တွဲ တက်လာပြန်သည်။ အင်ဂျင်နီယာဖခင်နှင့် ဆရာဝန်မိခင်တို့၏ တဦးတည်းသောသား၊ ရှေ့နေနှင့် ဆေးလိပ်ခုံပိုင်ရှင်တို့၏သမီး ...တို့၏ ငယ်ချစ်သံယောဇဉ်ဘွဲ့၊ လေးနှစ်လေးမိုး ရပ်ခြားမြေဝေး ချစ်သူအတွက် ဥစ္စာရှာ သွားသောကောင်လေး ပြန်လာသောအခါ ချစ်သူ၏ သွေဖီမှုနှင့် တိုးလေသောအခါ ... ရင်ကိုလောင်သော မီးမှ ဘဝကိုပါ ကြွမ်းစေခဲ့ပါပေါ့လား၊ အချစ်ကြောင့် ဘေးသည်သင့်ခဲ့ပြီ။ 

       မောင်က ပုဒ်မများစွာနှင့် အချုပ်ထဲမှာ၊ မေက ... တမလွန်ဆီ၊ တဦးက အသက်ဆုံး၊ ကျန်တဦးက ဘဝသေ၊ နောက်ဆုံးသက်ငင်ချစ်အဖြစ် မေက မှာသွားသတဲ့၊ သူ့ချစ်သူကို ခွင့်လွှတ်ပေးကြပါ ... တဲ့၊ သူကလည်း ခွင့်လွှတ်သွားပါသတဲ့။ 

         သူ့ဆန္ဒအတိုင်း ခွင့်လွှတ်နိုင်ကြပါစေ၊ ခွင့်လွှတ်နိုင်ကြပါစေ၊ ဒါပေမယ့် ...... ။ အော် ... အချစ် ... အချစ် ... အသုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေးပါကလား၊ 

        ဆင်ခြင်တုံတရားတွေ၊ အသိပညာတွေကို ကွယ်ပျောက်စေတတ်သည့်ဘေးကြီးပါကလား၊ ဒါကြောင့် လည်း ဘုရားရှင်က ပီယတော ဇာယတေ ဘယံ တဲ့၊ ငယ်သုတို့နယ်မှာ ဘယ်လောက်များ အဆာကျယ်နေဦးမှာပါလိမ့်။ တကယ်လို့ Chatting ထိုင်တုန်းကသာ အကြောင်းစုံသိခဲ့ရလျှင် 

        ကာမရောဂါ၊ ဝမ်းတွင်းနာကား ကုရာနတ္ထိ၊ ဆေးမရှိဘူး မိမိ ပညာ ၊ သတိ သာလျှင် မဟာ သြသဓ၊ ဆေး မည်စွ ... လို့ ကိုယ့်ညီကို ပြောဖြစ်ခဲ့မည် အမှန်၊ ယခုတော့မူ ....... ။ 

                                                                             ကံထွန်းသစ်
                                                                           07-06-2012 
                                                                            1:40 A.M 

                    မေတ္တာများဖြင့် 
                အရှင်သိရိန္ဒ မေတ္တာဥယျာဉ် 
                  မှ ကူးယူဖော်ပြသည်။

19/09/2012

မျောက်ဘုရင် ရွေးပွဲ

1. စီးဆင်း ရင်ခွင် | 9/19/2012 | 2. 3. 4. 5. 6. Best Blogger Tips


     ခေါင်းဆောင်ကောင်း နောက်လိုက်ကောင်းဖြစ်တဲ့ လူသားတစ်ယောက်ရဲ့ အခြေခံစွမ်းရည်ဆိုတာ ဘာတွေလဲ။ ဘုရားရှင်ကတော့ လူသားတစ်ယောက်ဟာ သတ္တိကောင်းရမယ်၊ သတိပညာကောင်းရမယ်၊ အကျင့်ကောင်းရမယ်လို့ တိဌာနသုတ်မှာ ဒီစွမ်းရည်သုံးမျိုးဟောကြားခဲ့ပါတယ်။ ဒီစွမ်းရည်များဟာ လူသားတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်များဖြစ်ပါတယ်။ သူရဲကောင်းအဆင့် သူတော်ကောင်းအဆင့် တက်လှမ်းချင်သူတွေ အတွက် ပထမအဆင့်အနေနဲ့ကော နောက်ဆုံးအဆင့်အထိပါ တည်ဆောက်ထားရမဲ့ စိတ်စွမ်းရည်အဆောက်အအုံဖြစ်ပါတယ်။ ကိုယ့်ကိုယ့်ကို သူရဲကောင်းလို့ ထင်နေသူတွေ သူတော်ကောင်းလို့ထင်နေသူတွေအတွက် စောစောစီးစီးပြန်မေးရမဲ့ မေးခွန်းများဖြစ်ပါတယ်။ ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ ကိုယ်တိုင်စစ်ရမဲ့ စာမေးပွဲဟာ ဒီသုံးမျိုးဖြစ်ပါတယ်။ 

  သတ္တိမကောင်းပဲ သတိပညာမကောင်းပါဘူး၊ အမှားကို ရှောင်ကြဉ်ဖို့ဆိုတာ သတ္တိကောင်း သူတွေအတွက်ဖြစ်ပါတယ်။ အမှားအမှန်ကို သိနားလည်ဖို့ဆိုတာလဲ သတိပညာကြီးသူတို့ရဲ့ အရာ ဖြစ်ပါတယ်။ အမှန်တရားကို ရဲရဲဝံ့ဝံ့ဟောပြောဖို့ အကောင်အထည်ဖော်ဖို့ဆိုတာဟာလဲ သတ္တိရှိတဲ့ ပညာတတ်လူကောင်းတို့ အရာသာဖြစ်ပါတယ်။ နောက်ပြီးတော့ အစစ်အမှန် အကျင့်ကောင်း သူ၊ပေးဆပ်တတ်သူ၊စွန်လွှတ်အနစ်နာခံသူဆိုတာလဲ သတ္တိကောင်းသူ သတိပညာကောင်းသူ တို့သာ ရောက်နိုင် ရနိုင်တဲ့ သရဖူတစ်မျိုးဖြစ်ပါတယ်။ သတ္တိကောင်းသူ၊သတိပညာကောင်းသူ၊ အကျင့်ကောင်းသူဆိုတဲ့ လူ့အခြေခံ ဒီ”ကောင်းသုံးကောင်း”ဟာ လူတိုင်းစိတ်ထဲမှာ စွဲထင်ကျန်နေသင့်တဲ့ စကားသုံးခွန်းဖြစ်ပါတယ်။

         ဒီနေရာမှာ ငါးရာငါးဆယ်ဇာတ်တော်ထဲက တရားသုံးပါးဇာတ်တော်ဟာ စွဲထင်မှတ်သားစရာတစ်ခု ဖြစ်လာပြန်ပါတယ်။ အချိန်တိုင်း နေရာတိုင်း နယ်ပယ်တိုင်းမှာ ရင်ဆိုင်ယှဉ်ပြိုင် ရုန်းကန်နေရတဲ့ လူသားများအတွက် နေရာတစ်ခုရဖို့ နေရာမပျောက်ဖို့ လိုအပ်တဲ့ အရည်အသွေး သုံးမျိုးကို ဒီဇာတ်တော်မှာတွေ့ရပါတယ်။ ခေါင်းဆောင်နဲ့ နောက်လိုက်တို့ရဲ့ လောကမာယာ သဘောသဘာဝကိုလည်း အကဲခပ်ခွင့်ရပါတယ်။ ဒီဇာတ်တော်ကို ဘုရားရှင် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးစဉ်မှာ ဒေ၀ဒတ်က ဘုရားရှင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတာကို အကြောင်းပြုပြီး ဟောကြားတော်မူခဲ့တာပါ။

        ဒေ၀ဒတ်ဟာ သာကီဝင်မင်းသမီးယသော်ဓရာရဲ့မောင် ဘုရားရှင်ရဲ့ ယောက်ဖတော်စပ်သူဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ တပည့်ရဟန်းတစ်ပါးဖြစ်ပြီး တစ်ချိန်က ဈာန်အဘိညာဉ်ရ သူတော်စင်တစ်ပါးလဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ မတရားနည်းလမ်းနဲ့ ဘုရားရှင်ကို ယှဉ်ပြိုင်ခဲ့သလို ဘုရားသတ်ပြီး ဘုရားလုပ်လိုတဲ့ အာဏာရူးတစ်ယောက်လဲ ဖြစ်လာပါတယ်။ ဘာမှ မသိနားမလည် ငယ်ရွယ်တဲ့ အဇာတသတ်မင်းသားကို အဖေသတ်ပြီး အာဏာရူးတစ်ယောက်ဖြစ်အောင်လဲ သူပဲ မြွေတွေနဲ့ ဖန်ဆင်းခြိမ်းခြောက် သိမ်းသွင်းခဲ့သူဖြစ်ပါတယ်။ သူဟာ တစ်ဘ၀တည်းမှာတင် မိုးကောင်းကင်ပြာထက်မှာ ဈာန်ပျံဝဲခဲ့သလို မဟာပထ၀ီမြေပြင်အောက်ကိုလဲ ငရဲမီးဝတ်ရုံနဲ့အတူ စူးဝင်နစ်မြုပ်သွားခဲ့ရရှာပါတယ်။ ဘုရားရှင်က ဒေ၀ဒတ္တ၀ိပတ္တိသုတ်တော်ထဲမှာ “ဒေ၀ဒတ်ဟာ ရိုက်ချက်ပြင်းတဲ့ လောကဓမ်ရှစ်ပါးအောက်မှာ ဒူးထောက်ရှုံးနိမ့်ခဲ့ရတယ်”လို့ မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။

       တရားသုံးပါးဇာတ်တော်ဟာ ဇာတကပါဠိတော် ဧကနိပါတ်မှာ လာရှိပါတယ်။ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းစိုးစံအုပ်ချုပ်စဉ်က ဒေ၀ဒတ်လောင်းဟာ ဟိမ၀န္တာတောအုပ်ထဲက မျောက်မျိုးနွယ်တစ်စုရဲ့ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဒေ၀ဒတ်လောင်းမျောက်မင်းဟာ သူနဲ့စပ်ပြီးမွေးလာသမျှ မျောက်ထီးကလေးတွေ အားလုံးကို သူ့အာဏာလုမှာကြောက်ပြီး ဝှေးစေ့တွေ ကိုက်ဖောက်ပစ်ပါသတဲ့။ ခေါင်းဆောင်ကောင်း တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်ကောင်း၍ ပညာတော်ရမည်ဆိုတဲ့ အရည်အချင်းနှစ်ခုမရှိဘဲ မနာလိုဝန်တိုအောက်တန်းကျတဲ့စိတ်ဓာတ်၊ ကောက်ကျစ်ယုတ်မာတဲ့နည်းနဲ့အနိုင်ယူခြင်းသာ ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒေ၀ဒတ်လောင်းမျောက်ဘုရင်ရဲ့ သားအဖြစ် ဘုရားလောင်းဟာ ပဋိသန္ဓေနေမိပြန်တယ်။ 

      ဘုရားလောင်းရဲ့ မိခင်မျောက်မဟာ ဘုရားလောင်းလေး ဝှေးစေ့ဖောက်ထုတ်သတ်ဖြတ်ခံရမှာစိုးလို့ အဝေးတစ်နေရာကို ထွက်ပြေးခဲ့ပြီး ဘုရားလောင်းကို ခက်ခဲနာကျင်စွာ မွေးဖွားခဲ့တယ်။ ဘုရားလောင်း အရွယ်ရောက်လို့ အားကောင်းမောင်းသန် စဉ်းစားဥာဏ်ရှိတဲ့အချိန်မှာ မျောက်သားအမိ ဟာ မျောက်အုပ်ကြီးထဲကို ပြန်လာခဲ့ကြတယ်။ ဒေ၀ဒတ်မျောက်မင်းက ဘုရားလောင်းကိုမြင်တော့ ဘုရင်ရာထူးလုယူမှာစိုးပြီး ဘုရားလောင်းကို ပွေ့ဖက်ညှစ်သတ်ဖို့ လုပ်တယ်။ ဒါပေမဲ့ ဘုရားလောင်းက ခွန်အားကြီးမားသူဖြစ်တော့ သတ်လို့မရဘူး။ သူပဲ သေလုမျောပါး ခံစားလိုက်ရတယ်။ နောက်တော့ သူက အသက်ကြီးပြီမို့ ဘုရင်ရာထူးပေးမယ်၊ ကြာပန်းတွေ ခူးခဲ့ပါဆိုပြီးတော့ ဘုရားလောင်းကို ဘီလူးစောင့်တဲ့ရေကန်က ကြာပန်းတွေ အခူးခိုင်းတယ်။ သူသတ်လို့မရတော့ ဘီလူးအစားခံရအောင်ပေါ့လေ။ ခေါင်းဆောင်ဘုရင်က လိမ်ညာယုတ်မာပြီး ငယ်သားကို သတ်ဖို့ ကြံစည်တာပါ။ ဘုရားလောင်းက ဘီလူးစောင့်တဲ့ ရေကန်ထဲ ချက်ချင်းမဆင်းဘဲ ဘေးဘီဝဲယာခြေရာများကို ကြည့်တော့ ရေကန်ထဲ ဆင်းတဲ့ခြေရာပဲတွေ့ပြီး ပြန်တက်လာတဲ့ခြေရာကို မတွေ့ဘူး။ ဒီမှာတင် ဒီရေကန်မှာ ဘီလူးရှိတယ်ဆိုတာ သိသွားပြီး ရေမရှိတဲ့ ကုန်းပေါ်ကပဲ ဟိုဘက်ဒီဘက်ခုန်ကူးပြီး ကြာပန်းတွေကို ခူးခဲ့တယ်။ ရေကန်စောင့်ဘီလူးက ဘုရားလောင်းလုပ်ပုံကိုင်ပုံကြည့်ရင်း အတော်သဘောကျ အထင်ကြီးသွားတယ်။ ဆက်လက်ပြီး ရေကန်စောင့်ဘီလူးဟာ သူရဲကောင်းတစ်ပါးရဲ့ အရည်အချင်းသုံးပါးကို ချီးမွမ်းခန်းဖွင့်ခဲ့တယ်။
       “လိမ္မာပါးနပ်ပါပေ့…။ ရဲစွမ်းသတ္တိရှိပါပေ့…။ ဥာဏ်ပညာကြီးမားပါပေ့…။ ဒီအရည်အချင်းသုံးပါးပိုင်ရှင်ဟာ ရန်သူတိုင်းကို ကျော်ဖြတ်နိုင်ပြီး တိုက်ပွဲတိုင်းကို အောင်နိုင်သူဖြစ်တယ်”

      ရေကန်စောင့်ဘီလူးဟာ ကြာပန်းတွေကို ကိုယ်တိုင်ထမ်းပိုးပြီး ဘုရားလောင်းနောက်က လိုက်ပို့တယ်။ ဒေ၀ဒတ်လောင်းဟာ ဘီလူးနဲ့ ဘုရားလောင်းကို မြင်တော့ မနာလိုဝန်တို အဆိပ်တက် ကြောက်စိတ်ဝင်ကာ ရင်ကွဲနာကျ သေဆုံးခဲ့ပါတယ်။ ဘုရားလောင်းဟာ မျောက်အပေါင်းရဲ့ ဘုရင်ဖြစ်သွားခဲ့ပြီး ခေါင်းဆောင်ကောင်းရှိခြင်းရဲ့ ရလဒ်ဖြစ်တဲ့ ဘေးရန်ကင်းခြင်း ချမ်းသာ လုံခြုံခြင်းတွေ ပေးနိုင်ခဲ့ပါတယ်။

       တောတွင်းတိရိစ္ဆာန်မျောက်ဘုရင်နှစ်ကောင်ရဲ့ မျောက်ဘုရင်ရွေးပွဲဇာတ်လမ်းမှာ မှတ်တမ်းတင်စရာတွေ တစ်ပုံကြီးရှိနေပါတယ်။ မနာလိုဝန်တိုတဲ့ သွေးကြောင်ပြီး အာဏာရူး တဲ့ မျောက်ဘုရင်က ယုတ်မာရက်စက်ပြီး အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တယ်။ နောက်လိုက်ငယ်သား အားလုံးဟာ အချိန်တိုင်း ကြောက်လန့်နေရပြီး သွေးစွန်းတဲ့အဖြစ်ဆိုးတွေ မြင်တွေ့နေကြရတယ်။ သာယာယစ်မူးဖွယ် ပန်းရနံ့များ အဓိပ္ပါယ်ကင်းမဲ့ခဲ့ရပြီး ကြည်လင်အေးမြတဲ့ တောတောင်စိမ့်စမ်းများလဲ ပူအိုက်ခြောက်သွေ့သယောင် ဖြစ်ခဲ့ရတယ်။ ချိုအိမွှေးသစ်သီးများ အရသာပျက်ယွင်းခဲ့သလို အသိုက်အမြုံအားလုံးဟာလဲ လုံခြုံမှုကင်းမဲ့ခဲ့ရပါတယ်။ 
      ဘုရားလောင်းမျောက်မင်းကတော့ အရာအားလုံးကို မေတ္တာမျက်လုံးနဲ့ကြည့်ပြီး အားနွဲ့သူတိုင်းကို ဖေးကူထူမပေးခဲ့တယ်။ ဘေးရန်အန္တရာယ်ဆိုတာကို ပြိုင်ပွဲကောင်းတစ်ခုအဖြစ်သဘော ထားပြီး တရားနည်းလမ်းကျ ရင်ဆိုင်ကျော်လွှားဖို့ ခွန်အားတွေ အပြည့်ရှိခဲ့တယ်။ ခေါင်းဆောင်ကောင်း တိုင်းဟာ သက်ရှိသတ္တ၀ါတိုင်းရဲ့ ဘ၀ဒဏ်ရာအသစ်တွေလျော့ပါးစေသလို ဒဏ်ရာဟောင်းက အမာရွတ်တွေကိုလဲ ပျောက်ကွယ်လွှင့်ပါးစေပါတယ်။ မိစ္ဆာအတွေးမှား ညစ်ညမ်းလုပ်ရပ်တွေကို ရပ်တန့်ကွယ်ပျောက်စေပြီး လွတ်လပ်ပွင့်လင်းတဲ့ အသိဥာဏ်တံခါးတွေပွင့်စေပါတယ်။ အရိပ်ရ အသီးစားသစ်ပင်တွေလို သတ္တ၀ါတိုင်းကို လုပ်ကျွေးပြုစုပြီး မြစ်များချောင်းများလိုလဲ သက်ရှိသက်မဲ့အားလုံးကို အေးမြစေပါတယ်။

     မင်းလုပ်အုပ်ချုပ်တယ်ဆိုတဲ့ ဒီနေရာမှာလဲ ခေါင်းဆောင်ကောင်းတို့လက်ထက်ဆိုရင် မင်းလုပ်အုပ်ချုပ်တယ်ဆိုတဲ့စကားလုံးအစား နောက်လိုက်ငယ်သားအားလုံးကို သားရင်းသမီးရင်းပမာ တရားနည်းလမ်းကျ ကာကွယ်စောင့်ရှောက်ပေးတယ်လို့ သုံးနှုန်းတာ တစ်ချို့နေရာမှာ တွေ့ရပါတယ်။။ ဥပမာအားဖြင့် လူတိုင်း ဘုရားရှိခိုးစဉ်မှာ ရွတ်ဆိုနေတဲ့ “ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ= အစိုးရခေါင်းဆောင်တိုင်းဟာ တိုင်းသူပြည်သားအားလုံးကို သားရင်းသမီးရင်းပမာ တရားနည်းလမ်းကျ ကာကွယ်စောင့်ရှောက်ပါစေ ” ဆိုတဲ့ ပါဠိလိုမျိုးမှာပေါ့။ တကယ်တော့ လောကရဲ့ အနိမ့်အမြင့်အတက်အကျအဖြစ်အပျက်များက လူတိုင်းရဲ့ ကိုယ်ကျင့်တရား၊ ရဲစွမ်းသတ္တိနဲ့ ဥာဏ်ပညာကို စမ်းသပ်စစ်ဆေးနေပါတယ်။ အခက်အခဲအကြပ်အတည်းများက လူတိုင်းကို သတ္တိကောင်း များ မွေးထုတ်ပေးပြီး ဘယ်လိုဖောက်ထွက်ရမယ်ဆိုတဲ့ ဥာဏ်ပညာစွမ်းရည်ကို မြှင့်တင်ပေးနေပါတယ်။ 

      နိဂုံးချုပ်အနေနဲ့ လူ့လောက တိရိစ္ဆာန်လောက မည်သည့်လောကမှာပင်ဖြစ်စေ၊ ခေါင်းဆောင်ရွေးပွဲ သမ္မတရွေးကောက်ပွဲ မည်သည့်ရွေးကောက်ပွဲမှာပင်ဖြစ်စေ နောက်လိုက်ကောင်းများဖြစ်အောင် ကြိုးစားရင်း ဒေ၀ဒတ်လောင်းမျောက်ဘုရင်ကဲ့သို့ သွေးကြောင် အာဏာရူး ပညာမဲ့ အမိုက်အမဲများကို ခေါင်းဆောင်အဖြစ်မရွေးချယ်မိဘဲ ဘုရားလောင်းမျောက်ဘုရင်ကဲ့သို့ သတ္တိကောင်း ကြင်နာတတ် ပညာတတ်များကို ခေါင်းဆောင်အဖြစ်ရွေးချယ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
                                                        နိုဝင်ဘာ (တန့်ဆည်)

16/09/2012

အားလုံးမှာ တာဝန်ရှိသည်

1. စီးဆင်း ရင်ခွင် | 9/16/2012 | 2. 3. 4. 5. 6. Best Blogger Tips


      မဟာဂန္ဓာရုံဆရာတော်ကြီးသည် အမိမြန်မာနိုင်ငံကြီး လွပ်လပ်ရေးရခါနီးတွင် နိုင်ငံတော်ကြီးကို အဘက်ဘက်က ပြုပြင်စေလိုသည့်အတွက်အနာဂတ်သာသနာရေးကျမ်းစာကို ရေး၍ နိုင်ငံသူနိုင်ငံသားအား
လုံးအား တပ်လှန့်ခဲ့ပါသည်။ ဆရာတော်ကြီးသည် တိုင်းပြည်နှင့်သာသနာကိုလည်း ကမ္ဘာ့အလယ်မှာ တင့်တယ်ထည်ဝါစေချင်၏။ ထို့ကြောင့် ဘာသာထိရင် မချိအောင်နာတတ်ဖို့အတွက် “ဘာသာသွေး” စသော ကျမ်းစာအုပ်များကိုလည်း ရေးတော်မူ ခဲ့ပြန်ပါသည်။


       တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ချစ်မြတ်နိုးသည့်စိတ်ကို အမျိုးသားရေးစိတ်ဓာတ် ဟုခေါ် ၏။ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ အမျိုးသားရေးစိတ်ဓာတ်ကား အံ့မခန်းပင်။ ဆရာတော်ကြီးသည် အမျိုးသားရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ သာသနာ ရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ ရဟန်း သံဃာတော် များ သွေးအေးအေးနေသည်ကို သဘောကျတော်မမူ။ သံဃာတော်များသည် ကမ္ဘာ့အခြေအနေကိုလည်း စိတ်မ၀င်စား၊ တိုင်းပြည်၏အခြေအနေကိုလည်း ကောင်းကောင်း နားမလည်ဘဲ ရိုးရိုးအေးအေးနေကြ လျှင် ခေတ်ပညာတတ် လူပုဂ္ဂိုလ်များ၏ အထင်သေးမှုကို ခံရမည်ဖြစ်ကြောင်းကိုလည်း သတိပေးတော်မူခဲ့ ပါသည်။ ထို့ကြောင့် သံဃာတော်အရှင်များသည် မဟာဂန္ဓာရုံဆရာတော် ညွှန်ပြထားသကဲ့သို့ အမျိုး သားရေးစိတ်ဓာတ် ရှိသင့်၏။ 

       ယခုအချိန်၌လည်း နိုင်ငံတော်ကြီးသည် ခေတ်သစ်စနစ်သစ်ဖြင့် ချီတက်လျက်ရှိသောကြောင့် ဖွံဖြိုးတိုးတက်ဖို့ အတွက် အညွန့်တလူလူ တက်လျက်ရှိ၏။ မကြာခင်သောအချိန်ဝယ် နိုင်ငံတကာမှ စီး ပွားရေးလုပ်ငန်းရှင်ကြီးများ လာရောက်ကျပေတော့မည်။ ထိုအခါ ကျွဲကူးရေပါဆိုသကဲ့သို့ တိုင်းတပါး ယဉ်ကျေးမှု ဓလေ့စရိုက်များသည်လည်း ရောထွေးယှက်တင် ပါလာတော့မည်ဖြစ်သည်။

      သို့ဖြစ်က အမျိုးသားရေး စိတ်ဓာတ်အားနည်းသော တိုင်းရင်းသား လူငယ်လေးများအား ရေခြားမြေခြား ယဉ်ကျေးမှု ဓလေ့စရိုက်များ ကူးစက်ခံရပေလိမ့်မည်။ ယင်းသို့ကူးစက်ခံရလျှင် အမျိုးဘာသာ သာသနာ သည် ခြစားခံရ သော အိမ်တိုင်ကဲ့သို့ ပြိုလဲသွား နိုင်ပေသည်။ ထို့ကြောင့် ယခုကတဲကစပြီး ကြိုတင်၍ လူငယ်များ အမျိုးသားရေး စိတ်ဓာတ် ရှင်သန်ထက်မြက်စေဖို့ ကြိးစားရမည် ဖြစ်၏။

    အဆိုတစ်ခုရှိ၏။ ``လူမျိုး၏အသက်သည် ယဉ်ကျေးမှု၊ ယဉ်ကျေးမှု၏ အသက်သည် စာပေ`` ဟူသတတ်။ တန်ဖိုး မဖြတ် နိုင်သော ဆိုရိုးတစ်ခုပင်။
      ထိုသို့ဖြစ်လျှင် မြန်မာလူမျိုး၏အသက် မြန်မာယဉ်ကျေးမှု၊ မြန်မာ့ယဉ်ကျေးမှု၏ အသက်သည် ပိဋကတ် စာပေဖြစ်၏ဟု ဆိုရချိမ့်မည်။ ထိုစကားဆိုသင့်စွာ့။ ပထမမြန်မာနိုင်ငံတော်သည် ပုဂံခေတ်မှာ ဖြစ်ပေါ်လာ ၏။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ပုဂံယဉ်ကျေးမှုပင် ဖြစ်ပေသည်။ ပုဂံယဉ်ကျေးမှုသည်လည်း ပိဋကတ်စာပေ (ဗုဒ္ဓစာပေ)မှာ မြစ်ဖျားခံ၏။ ဘာ့ကြောင့်နည်း၊ “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း၊ စာကြည့်တိုက်အစ ပိဋကတ်တိုက်က” ဆိုသည့်အတိုင်း ပုဂံခေတ်တွင် ပိဋကတ်စာပေကို အထူးလေ့လာ သင်ယူကြ၏။ လူနေမှုစနစ်တစ်ခုလုံးကိုလည်း ပိဋကတ်စာပေနှင့်အညီ ပြုပြင်ပြောင်းလဲလိုက်၏။ ထို့ကြောင့် ပုဂံ ယဉ်ကျေးမှု၏ အသက်သည် ပိဋကတ်စာပေပင် ဖြစ်ပေသည်။

      ချဲ့ဦးအံ့။ ဘုရင်အနော်ရထာသည် အရှင်အရဟံကို ဆရာတင်၍ ပုဂံမြို့ကြီးကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ သာသနာရေးစသဖြင့် ဘက်ပေါင်းစုံမှ တိုးတက်အောင် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ခဲ့၏။ ဆရာသခင် အရှင်အရဟံက လည်း ဘုရားသားတော်ပီပီတိုင်းသူပြည်သားလူအများအား သမ္ပဒါ တရား၊ လောကပါလတရား၊ အရိဟာနိယ တရား၊ မင်းကျင့်တရား၊ သင်္ဂဟတရား၊ သိင်္ဂါလောဝါဒတို့ကို ပို့ချဟောပြကာ ထည်ဝါသော၊ ဂုဏ်သရေရှိသော ပုဂံယဉ်ကျေးမှုကို အကောင် အထည်ဖေါ်ခဲ့ ပေသည်။

      ထိုကဲ့သို့ ဆရာဒကာလက်တွဲ၍ ကြိုးစားအားထုတ်ခဲ့သောကြောင့် မြန်မာနှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာ သာနှင့် မြန်မာ ခွဲခြား၍ မရလောက်အောင် ပုဂံယဉ်ကျေးမှုသည် ဘုန်းမီးနေလတောက်ခဲ့၏။ ထိုကို ဂုဏ် ယူသောအားဖြင့် “သာကီမျိုးဟေ့၊ တို့ဗမာ”ဟုပင် ကြွေးကြော်ခဲ့ကြပေသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံ များကလည်း “ဘုရင်အနော်ရထာ”ဆိုလျှင် ဖိန့်ဖိန့်တုန်အောင် လေးစားခဲ့ကြ၏။
      ထို့ကြောင့် မြန်မာလူမျိုးများအတွက် အရှင်အရဟံနှင့် ဘုရင်အနော်ရထာ၏ ကျေးဇူးတို့ကား ဆပ်၍မကုန်နိုင်လောက်အောင် ကြီးမား လှပေသည်။

         “မြန်မာ”ဆိုသည့် စကားလုံးသည် ပုဂံမှ အစပြုကာ ကမ္ဘာ့မြေပုံပေါ်၌ ထင်ရှားပေါ်ပေါက်လာခြင်းဖြစ် သည်။ ထိုမှတဖန် ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သော ဘုရင့်နောင်နှင့် တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းဘုရားတို့ ကလည်း ဘုရင်အနော်ရထာ၏ ခြေရာကို နင်းခဲ့ကြပြန်သော
ကြောင့် မြန်မာ့ယဉ်ကျေးမှုသည် ဆက်လက်၍ အားကောင်း မောင်းသန် ရှင်သန်ခဲ့ရပေသည်။
        
       ထို့ထက် ပို၍ထင်ရှားသည်ကား ကုန်းဘောင်မင်းဆက်မင်းတုန်းမင်းတရားကြီးတည်း။ ထိုမင်း တရားကြီးသည် သာသနာ တော်ကို အလွန်ကြည်ညို၏။ဘုန်းကြီးကျောင်းတိုက်ပေါင်း မြောက်များစွာ တည်ဆောက်လှူဒါန်းခဲ့၏။ ထိုကျောင်းတိုက်ကြီး များသည် ယနေ့ခေတ်အခေါ်အရ ပြောလျှင် ဗုဒ္ဓကောလိပ်၊ ဗုဒ္ဓတက္ကသိုလ်ကြီးများပင်တည်း။

      ထိုမင်းတရားကြီးသည်ကား ပဉ္စမသင်္ဂါယနာတင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ဆင်နွဲကာ ဘုရားမြတ် စွာဟောကြားခဲ့သည် ပိဋကတ်စာပေကို ကျောက်ထက်အက္ခရာထိုးခဲ့သဖြင့် မြန်မာ့ယဉ်ကျေးမှုသည် ပိဋကတ်စာပေနှင့် တထပ်တည်းဖြစ်ကြောင်း ကမ္ဘာသိ ကြေငြာ လိုက်ပြန်တော့သည်။ ပိဋကတ်သုံးပုံကို မှတ်တမ်းတင်ထားသော ယင်းကျောက်စာချပ်များသည်ကား “ကမ္ဘာ့အကြီးဆုံး စာအုပ်” ဟု ကမ္ဘာ့ဂန္ထ၀င်၌ မှတ်တမ်းဝင်သွားလေတော့၏။
           ထို့နောက်
          အမိမြန်မာနိုင်ငံကြီးသည်အင်္ဂလိပ်လက်အောက် ရောက်သွားသဖြင့် မြန်မာ့ယဉ်ကျေးမှုသည် မှေးမှိန် ခဲ့ရပြန်သည်။ အုပ်ချုပ်သူအင်္ဂလိပ်များက တိုင်းတပါးမှ ဘာသာခြားလူမျိုးခြားများကို နေရာပေးကြ၏။ သူတို့စိတ်ကြိုက်ပုံ ဖေါ်နိုင်ဖို့ အတွက် နယ်စပ် ဒေသရှိ အလွန်ရိုးစင်းသော တိုင်းရင်းသားများအား သူတို့စာပေ၊ ဘာသာ၊ ယဉ်ကျေးမှုကို ရိုက်သွင်း ပေးလိုက်တော့၏။ မြန်မာ့ဇာတိသွေး ဇာတိမာန်တို့ကို ချိုးနှိမ်ခဲ့၏။
 
       ယင်းသို့လျှင် ဘာသာခြား လူမျိုးခြားများ၏ လက်အောက်၌ နေရခြင်းကြောင့် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် အနှိမ်ခံနင်းပြားဘ၀သို့ မရှုမလှ ရောက်ခဲ့ရပေသည်။ ထို့ကြောင့် သူ့ကျွန်မခံလိုသော စိတ်ဖြင့် တိုင်းပြည်လွပ်လပ်ရေး ရဖို့အတွက် တစ်မျိုးသားလုံး ကြိုးစားခဲ့ရပေသည်။ လွပ်လပ်ရေးလည်း ရခဲ့ပါ၏။ သို့သော် စစ်အတွင်းက မရုန်းထွက်နိုင်ခဲ့။ နယ်ချဲ့သမားတို့၏ အရောင်ဆိုးခြင်းခံလိုက်ရသော တိုင်းရင်းသားများက တော်လှန်ပုန်ကန်ကြသဖြင့် “တိုင်း ပြည်ကနုနု၊ မုန်တိုင်းကထန်ထန်”ဆိုရလောက်ေ အာင် ပြည်တွင်းစစ်ဖြစ်ကြပြန်၏။ ယခုအချိန်၌ ပြည်တွင်းစစ်ဖြစ်နေခြင်းသည် ယင်းနယ်ချဲ့သမားတို့ လက်ချက်ကြောင့်တည်း။

       ယင်းသို့ပင် အခြေအနေအမျိုးမျိုးဖြင့် ရင်ဆိုင်နေရစေကာမူ. . . မြန်မာနိုင်ငံကြီး လွပ်လပ်ရေးရပြီးနောက်တွင် သမ္မတ၊ ၀န်ကြီးချုပ်အမှူးရှိသော နိုင်ငံအကြီးအကဲများက ရှေးရှေး သာသ နာပြုမင်းများကို နှလုံးမူကာ အမျိုး ဘာသာ သာသနာ မတိမ်ကောစေဖို့အတွက် ပထမပြန် စာမေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ ပါဠိတက္ကသိုလ်များကို ဖွဲ့စည်းပေးခြင်း၊ ဆွမ်းဆန်တော်နှင့် န၀ကမ္မအလှူငွေ များ ထောက်ပံ့ခြင်း၊ ပဋိပတ်ရိပ်သာများ တည်ထောင်ဖွင့်လှစ်ခြင်း၊ တိပိဋကစာမေးပွဲ များ ကျင်းပခြင်း၊ ဘွဲ့ တံဆိပ်တော်များ ဆက်ကပ်ခြင်း စသော ကြီးကျယ်သော သာသနာ့ အလုပ်များကို အစဉ်အလာ မပျက် ကျင်းပပြုလုပ်ခဲ့ကြပေသည်။
      ထိုမှတပါး ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကိုလည်း ပြည်ပနိုင်ငံများကိုပါ ဖိတ်ကြား၍ တခန်းတနားဆင်နွှဲခဲ့ကြပြန် ပါသည်။
          ထိုကဲ့သို့သာသနာပြုအလုပ်များကို ပြုလုပ်ကြခြင်းသည် မြန်မာ့အသက်ဖြစ်သော ပိဋကတ်စာပေကို မကွယ် ပျောက်ဖို့နှင့် အမျိုးသားရေး လက္ခဏာများ မတိမ်ကောစေဖို့ ဖြစ်ပေသည်။

       နိုင်ငံတော်အကြီးအကဲများသည် ထိုမျှလောက်နဲ့အားမရသဖြင့် “သာသနာရေး ၀န်ကြီးဋ္ဌာန”ဟု ၀န်ကြီးဋ္ဌာနတစ်ခု ဖွဲ့စည်း ပေးခဲ့ပါသည်။ ထို့ကြောင့် သာသနာရေးဝန်ကြီးဋ္ဌာနဟူသည် မြန်မာလူမျိုးတို့၏ အသက်ဖြစ်သော “ပိဋကတ် စာပေကို ထိန်းသိမ်းသော ၀န်ကြီးဋ္ဌာန” ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ခရစ်ယာန် ဘာသာ ဟိန္ဒူဘာသာ အစ္စလာမ် ဘာသာ စသော ဘာသာတိုင်းနှင့် သက်ဆိုင်သော“ဘာသာရေးဝန်ကြီး ဋ္ဌာန” မဟုတ်ပါ။

                            ဤသည်ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်ပေသည်။
         ရှင်းပါဦးအံ့။ “သာသနာ (သာသန)”ဟူသော စကားသည် ပါဠိစကားဖြစ်၏။ “ဘုရားအဆုံးအမဖြစ်သော ပိဋကတ်စာပေ” ဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် မည်သည့်ဘာသာနှင့်မျှမဆိုင်။ ဗုဒ္ဓသာသနာတော်နှင့်သာ သက်ဆိုင်သော စကားလုံးဖြစ်၏။ တချို့ ဘာသာများကား ထို“သာသနာ”ဆိုသော စကားလုံးကိုပင် အတု ယူထားကြ၏။ ဥပမာ- အစ္စလာမ် သာသနာ။ ယင်းကဲသို့ သာသနာဟူသော စကားလုံးကို ယူထားခြင်းသည် ဗုဒ္ဓသာသနာကို ဝေါဟာရဖြင့် ပူးသတ်ခြင်း ပင်တည်း။ ထိုအသုံးအနှုံးမျိုး မသုံးနှုန်းဖို့ရန် ကန့်ကွက်ရပေ မည်။ ထို့ကြောင့် “သာသနာရေးဝန်ကြီးဋ္ဌာန ဆိုသည်မှာ ပိဋကတ်စာပေကို ထိန်းသိမ်းသော ၀န်ကြီးဋ္ဌာ နဖြစ်ကြောင်းကိုလည်းကောင်း၊ သာသနာဟူသော စကားလုံး ဝေါဟာရမှာ ဗုဒ္ဓသာသနာနှင့်သာ သက်ဆိုင်သော စကားလုံး ဝေါဟာရ ဖြစ်ကြောင်း ကိုလည်းကောင်း” ကို လွှတ်တော်ထဲရောက်အောင် တင်သွင်းရပေမည်။

      လွှတ်တော်ဆိုသည်မှာ တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သော စည်းကမ်းဥပဒေများကို အကြံပေးခြင်း၊ ရေးဆွဲခြင်း၊ အတည် ပြုခြင်း၊ ထုတ်ပြန်ခြင်းစသည်ဖြင့် ဥပဒေပြုအာဏာကို ချုပ်ကိုင်သော ဋ္ဌာနချုပ်ကြီး တစ်ခုပင်တည်း။ ထို့ကြောင့် အသက်တမျှ အရေးကြီး လှ၏။ ယင်းသို့ အသက်တမျှ အရေးကြီးသော လွှတ်တော်ထဲ၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီး၏ သာသနာရေးနှင့် ပတ်သက်သော အကြောင်းအရာများကို တိုက်ရိုက် တင်သွင်းခွင့်၊ ညွှန်ကြားခွင့် ရပါ၏လော။ (သို့မဟုတ်) အမျိုး ဘာသာ သာသနာကို မှေးမှိန်စေသာ တခြားသူများ၏ အဆိုပြုလွှာများကို ကန့်ကွက်ခွင့် ရှိပါ၏လော။ စဉ်းစားသင့်၏။
           
          တချို့ဘာသာခြားလွှတ်တော်အမတ်များက ကိုးကွယ်မှုဘာသာ၊ လူမျိုးရေးနှင့် ပတ်သက်သော အကြောင်းအရာ များကို အဆိုတင်သွင်းကြ၏။ ဥပမာ- ဘူးသီးတောင် မောင်းတောမှ ဘင်္ဂါလီလူမျိုးများ ကို ပြည်မကြီးထဲ၌ တံခါးမရှိဓားမရှိ သွားလာနိုင်ဖို့အတွက် အဆိုတင်သွင်းခြင်း၊ ဘူးသီးတောင် တခွင်မှာ ဘာသာစကား အခက်အခဲကြောင့် မြန်မာလူမျိုးစစ်စစ် ဖြစ်သော ဆရာ ဆရာမများကို မခန့်ဘဲ ဘင်္ဂါလီ လူမျိုးဖြစ်သည့် ဆရာ ဆရာမများကို ခန့်အပ်ဖို့အတွက် အဆိုတင် သွင်းခြင်း၊ စသည်စသည်တို့ဖြစ်ပါသည်။

         မြန်မာနိုင်ငံဖြစ်ပါလျက် မြန်မာစကားသည် သူတို့အတွက် ခက်ခဲနေသတဲ့။ အလွန်ကန့်ကွက်သင့်သော အဆိုပြု လွှာတည်း။ ပြည်ထောင်စုဝန်ကြီးကလည်း လက်မခံပါ။ ဘာသာခြားတို့၏ အဆိုပြုလွှာကို ထောက် ဆပါက ဘာသာခြား လူမျိုးခြားတို့သည် မြန်မာ စကားကို ပစ်ပယ်လိုခြင်း၊ မြန်မာ့ ယဉ်ကျေးမှု ကို ဖျောက် ဖျက်လိုခြင်း၊ သူတို့ ဘင်္ဂါလီစကားကိုသာ သုံးနှုံးလိုခြင်း၊ သူတို့ယဉ်ကျေးမှု သူတို့ ဘာသာကိုသာ တွင် ကျယ်စေလိုခြင်း စသော သူတို့၏ သဘောထား ဆန္ဒကို မှန်းဆနိုင်ပေသည်။ ထိုဆန္ဒမှာ . . .စာပေစကားဖြင့် ပြောလျှင် “ပါပိစ္ဆာ”ဟု ပြောရပေမည်။ “ပါပိစ္ဆာ”ဟူသည် အမျိုးဘာသာ သာသနာကို ဖျက်ဆီးလိုသော အလိုဆိုးတည်း။
 
         ထိုအဆိုပြုလွှာများကို ကန့်ကွက်ဖို့အတွက် မိမိတို့ သံဃာတော်များက တာဝန်ယူရပေမည်။ ထိုမျှလောက်မျှ လုပ်ပိုင်ခွင့် မရှိလျှင် သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးသည် လူ့အခွင့်အရေးချိုးဖောက် ခံရခြင်းပင် ဖြစ်ပေ၏။ ယနေ့ သံဃာ့အဖွဲ့အစည်းကြီးသည် ယင်းသို့သော “လူ့အခွင့်အရေး” ရပါ၏လော။ စစ်ကြောသင့်၏။ အားလုံးစုပေါင်း၍ ဥပဒေ ဘောင်အတွင်းက တောင်းဆိုဖို့ လိုအပ်ပေသည်။ တစ်သာသနာလုံးနှင့် သက်ဆိုင်သောကြောင့် ညီညီ ညွတ်ညွတ်နဲ့ အရေးဆိုဖို့ လိုအပ်လှပေသည်။

        အမျိုးသားရေးစိတ်ဓာတ် ထက်သန်သော နိုင်ငံတော် သံဃမဟာနာယကဆရာတော်တစ်ပါးက ပြော ဖူး၏။ “သက်ဆိုင်ရာ ဋ္ဌာနကို အမျိုးဘာသာ သာသနာနှင့် ပတ်သက်သည့်ကိစ္စမှန်သမျှ အကြံပြုစရာရှိလျှင် အကြံပြုမည်၊ တိုက် တွန်း စရာရှိလျှင် တိုက်တွန်းမည်၊ ကန့်ကွက်စရာကန့်ကွက်မည်ဆိုပြီး သက်ဆိုင်ရာကို အဆိုတင်သွင်းတယ်၊ ညွှန်ကြား တယ်၊ ဒါပေမဲ့ သဲထဲရေသွန်သလိုပဲ ဘာမှ မထိရောက်ခဲ့ဘူး”ဟု အမိန့်ရှိဖူး၏။

     နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်ပါလျက် ထိုဆရာတော်၏ အရှိန်သြဇာသည် သက်ဆိုင်သော ဋ္ဌာနသို့ ဘာ့ကြောင့် မသက်ရောက်သနည်း။ နိုင်ငံတော်၏ အခြေခံ “စည်းမျဉ်းဥပဒေ၊ မူဝါဒ” အားနည်း သောကြောင့် ဖြစ်ပေသည်။ ယင်းကဲ့သို့ အားနည်းခြင်းသည် သံဃမ ဟာနာယက အဖွဲ့တစ်ခုတည်းနှင့် မသက်ဆိုင်ပေ။ တစ်သာသနာလုံးနှင့် သက်ဆိုင်၏။ တစ်မျိုးသားလုံးနှင့် သက်ဆိုင်၏။
         ထို့ကြောင့် အမျိုးဘာသာ သာသနာနှင့်သက်ဆိုင်သော “မူဝါဒ”ကို သံဃာထုတစ်ရပ်လုံးကို ကိုယ်စားပြုသော အဖွဲ့အစည်း တစ်ခုခု (ဥပမာ- နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော် ၀ိနည်းဓိုရ် အဖွဲ့၊ ပညာရေးအဖွဲ့၊ တိုင်း သံဃနာယက၊ မြို့နယ် သံဃနာယကစသည်) က လွှတ်တော်ထဲမှာ တင်သွင်း ခွင့်၊ ညွှန်ကြားခွင့် ရှိရပေမည်။

          သီရိလင်္ကာနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ ထေရ၀ါဒဗုဒ္ဓသာသနာကို ကိုးကွယ်သော ဒီမိုကရေစီနိုင် ငံပင်ဖြစ်၏။ သို့သော် ထိုနိုင်ငံသည် ဗုဒ္ဓသာသနာကို အထူး အားပေး၏။ နိုင်ငံတော်သမ္မတသည်ပင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို သည့်နေ့၌ သူတို့နိုင်ငံရှိ စွယ်တော်ကိုလည်းကောင်း၊ သံဃမ ဟာနာ ယက ဆရာတော်များကိုလည်းကောင်း သွားရောက်၍ ဦးတိုက်ရ၏။ ထိုမှတပါး၊ လွှတ်တော်ထဲ၌ သာသနာရေးကိစ္စများကို ဆောင်ရွက်နိုင်ဖို့အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို လွှတ်တော်အမတ် အဖြစ် တက်ရောက်ခွင့် ပြုထား၏။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာကဲ့သို့ ဖြစ်နေရကား ထိုအခွင့် အရေးပေးထားခြင်း ဖြစ်၏ဘာသာခြားများကိုကား ထိုကဲ့သို့ အခွင့်အရေး မပေးပါ။ မြန်မာနိုင်ငံမှာ ကော ထိုကဲ့သို့ မဖြစ်သင့်ပေဘူးလား။

          ဒီမိုကရေစီနိုင်ငံဖြစ်ဖြစ်၊ ဆိုရှယ်လစ်နိုင်ငံဖြစ်ဖြစ်၊ ကွန်မြူနစ်နိုင်ငံဖြစ်ဖြစ်၊ မည်သည့်နိုင်ငံမှာမဆို ကိုယ့်ဘာသာကို တန်ဖိုးထား ကြသည်မှာ ထုံးစံပင်တည်း။ အီရန်နိုင်ငံ၏ လူဦးရေ အများစုသည် မွတ်စလင် ဘာသာဝင်များ ဖြစ်၏။ ထို့ကြောင့် သမ္မတမှအစ နိုင်ငံအုပ်ချုပ်ရေးပိုင်းကို မွတ်စလင်ဘာသာ ၀င်များသာ တာဝန်ယူထားကြပါသည်။ အပြစ် မဆိုသာပေ။ မွတ်စလင် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေ နီ၏ အရှိန်သြဇာသည် အီရန်သမ္မတ အပေါ်မှာပင် တိုက်ရိုက် သက်ရောက်လျှက် ရှိပေ၏။ မိမိတို့ဘာသာကို တန်ဖိုးထားသည့် ထိုကဲ့သို့သော နိုင်ငံများကို အတုယူ၍ မြန်မာ နိုင်ငံသည်လည်း ဗုဒ္ဓဘာသာ ၀င်အများစု နေထိုင်သော နိုင်ငံဖြစ်သောကြောင့် မိမိတို့ ဗုဒ္ဓ သာသနာကို ရှေးဘုရင် များကဲ့သို့ အထူးတလည် အားပေးသင့်လှ၏။

         သံဃာ့အဖွဲ့အစည်းကြီးသည် မြန်မာလူမျိုးတို့၏အသက်ဖြစ်သော ပိဋကတ်စာပေကို သင်ယူပို့ ချနေကြရကား အနော်ရထာ အစထား ရှေးရှေးသောဘုရင်တို့သည် သံဃာ့အဖွဲ့အစည်းကြီးကို အလွန်အား ကိုးကြ၏။ ထိုကဲ့သို့ အားကိုးခဲ့ သောကြောင့်လည်း ယနေ့ အချိန်၌ မြန်မာယဉ်ကျေးမှုသည် မတိမ်ကော မပျောက်ကွယ်ခြင်း ဖြစ်ပေသည်။

          လွှတ်တော်မရှိသော ပုဂံခေတ်ကဆိုလျှင် အရှင်အရဟံသည် ဘုရင်အနော်ရထာကို တိုင်းသူပြည်သား လူအများ အား မင်းကျင့်တရားနှင့်အညီအုပ်ချုပ်ဖို့ ဆုံးမ၏။ တိုက်တွန်း၏။ ဒုစရိုက်တရားများကို မလုပ်ဖို့ တားမြစ်၏။ ထို့ ကြောင့် ပုဂံနေပြည်တော်သည် ကမ္ဘာက လေးစားရသည့်အနေအထား ရောက်ရှိခဲ့ခြင်း ဖြစ် ၏။

          “ပုဂံခေတ်သာ ယခုခေတ်ကဲ့သို့ လွှတ်တော်ရှိလျှင် လွှတ်တော်အဓိပတိသည် ဆရာတော်သံဃာတော် များပင် ဖြစ်လောက် စရာရှိ၏” ဟု တွေးမိပေသည်။ ဘာ့ကြောင့်နည်း၊ သံဃာတော်အရှင်မြတ်များသည် သက်ဦးဆံပိုင် ဘုရင် ဧကရာဇ်များကိုပင်ချုပ်ကိုင်နိုင် သောကြောင့် တည်း။ မြန်မာ့စာပေ၊ မြန်မာ့ ယဉ်ကျေး မှု၊ မြန်မာအုပ်ချုပ်ရေးနှင့် ပတ်သက်၍ သံဃာအဖွဲ့အစည်းကြီးသည် မည်မျှလောက် အရေးပါသည်ဆိုသည် ကို သမိုင်းဆရာများ ကောင်းကောင်းကြီး သိရှိကြပါ၏။

          ရှေးခေတ်သံဃာတော်များသည် ဘုရင်ကို ဆုံးမသွန်သင်နိုင်သည့် အခွင့်အာဏာ၊ အမိန့်သြဇာ ရှိသေးသည် ဆိုလျှင် ယနေ့ ခေတ် သံဃာတော်များသည် လွှတ်တော်ထဲ၌ တစုံတစ်ခုသော လုပ်ပိုင်ခွင့် အာဏာ ရှိသင့်သည်သာ။ မြန်မာနိုင်ငံ၌ သံဃာတော် အရေအတွက်သည် ၅၀၀၀၀၀ (ငါးသိန်း) ၀န်းကျင် ရှိ၏။ ထိုမျှလောက်များပြားသော သံဃာ့ အဖွဲ့အစည်း ကြီးသည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အောက်မှာ ရှိ၏။ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ၏ သာသနာရေးနှင့် ပတ်သက်သော ညွှန်ကြားလွှာများသည် လွှတ်တော်ထဲ၌ သက်ရောက်မှုရှိကို ရှိစေရ မည်။ ရှိလည်း ရှိသင့် ပေသည်။

         ဗုဒ္ဓစာပေတည်တံ့မှ ပုဂံယဉ်ကျေးမှုတည်တံ့မည်ဖြစ်သောကြောင့် မြန်မာကို ချစ်သော မြန်မာ လူမျိုး မှန်သမျှသည် ဗုဒ္ဓစာပေကို အသက်တမျှ တန်ဖိုးထားရပေမည်။ ဗုဒ္ဓစာပေကွယ်ပျောက်လျှင် ပုဂံယဉ်ကျေးမှု ကွယ်ပျောက်သွားပေမည်။ ပုဂံယဉ်ကျေးမှု ကွယ်ပျောက်လျှင် မြန်မာ့ယဉ်ကျေးမှုလည်း ကွယ်ပျောက် သွားပေမည်။ မြန်မာ့ယဉ်ကျေးမှုကွယ်ပျောက် သွားလျှင် မြန်မာလူမျိုး ဆိုသည်မှာလည်း ကွယ်ပျောက် သွားမည်ဖြစ်၏။ သို့ဖြစ်ရကား အမျိုးဘာသာသာသနာ မကွယ်ပျောက်ဖို့ အတွက် တက်ညီလက်ညီ ကြိုးစား သင့်ပေသည်တကား။
                                                       သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ (စစ်ကိုင်း)


12/09/2012

ဖေ့စ်ဘွတ် နှင့် ကံစမ်းမဲ

1. စီးဆင်း ရင်ခွင် | 9/12/2012 | 2. 3. 4. 5. 6. Best Blogger Tips


     ဖေ့(စ်)ဘွတ်(ခ်)ကွန်ရက် ခေတ်စားလာသည်အမျှ ဆက်သွယ်ရေး စနစ်တို့ သွက်လက် မြန်ဆန်လာသည်။ ကမ္ဘာ့ အနောက်ဖျားတွင် သာသနာပြုနေသော ဗုဒ္ဓဘာသာ ရဟန်းတော်တို့၏ သာသနာရေး ဆောင်ရွက်ချက်တို့ကို အချိန်နှင့် တပြေးညီ ဖူးမြှင်ခွင့်ရသည်။ ကမ္ဘာ့ အရှေ့ဖျား နှင့် အနောက်ဖျား အချင်းချင်း ဆွေးနွေးတိုင်ပင်ကြကာ သာသနာပြု လုပ်ငန်းတို့ကို ပူးပေါင်းဆောင်ရွက်နိုင်သည်။ ကမ္ဘာကြီးတွင် လတ်တလော ဖြစ်ပေါ်နေသော စီးပွားရေး ၊ နိုင်ငံရေးစသော သတင်းတို့ကို မိနစ်ပိုင်းအတွင်း တွေ့မြင်ခွင့် ရသဖြင့် အကျိုးများလှပေသည်။  

        သုံးစွဲသူ၏ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုတွင် သူငယ်ချင်းများစွာ လက်ခံခွင့် ရှိသဖြင့် ဖိတ်သမျှတိုင်းကို လက်ခံမိတတ်သည်။ ထိုအခါ မသမာသူများက မိမိ ဖေ့စ်ဘွတ်စ် အကောင့်၏ wallပေါ်တွင် မကောင်းသောပုံ၊ ဗီဒီယိုများ Tagလုပ်ကာ တင်သွားတတ်သဖြင့် အရှက်ရစရာများ ကြုံတွေ့ကြရသည်။ ဗိုင်းရပ်စ်ဖိုင်တို့ကိုလည်း တင်ပေးတတ်သည်။ နည်းစနစ်တို့ တိုးတက် ပြောင်းလဲလာသည်နှင့်အမျှ အကောင်းနှင့် အဆိုးတို့ ဒွန်တွဲလာကြသည်မှာလည်း ဓမ္မတာပင်။ အဆိုးတို့ကို စွန့်ပယ်ကာ အကောင်းတို့ကို များစွာ ယူတတ်အောင် လေ့လာ သုံးစွဲကြရပေမည်။

       ဤအရှင်လည်း ဖေ့စ်ဘွတ်စ် သုံးစွဲနေရင်းက ထူးခြားစွာ ကံစမ်းမဲ ပေါက်ခဲ့သည်။ ကံစမ်းမဲကား သိန်း (၁၅၀၀) ကဲ့သို့ မက်မောလောက်စရာ ကံစမ်းမဲတော့ မဟုတ်ပေ။ မေးခွန်းများဖြင့် နှိတ်ကွက်မေးမြန်းပြီး စိတ်ရှုပ်စေသော ကံစမ်းမဲဖြစ်၏။ တစ်နေ့သ၌ စာအုပ်များ လွယ်အိပ်ထဲထည့်ပြီး ကျောင်း သွားရန် ပြင်ဆင်ကာ အသင့်ဖွင့်ထားသော အင်တာနက်ကို ပိတ်ရန် ကွန်ပျူတာရှေ့ ထိုင်လိုက်၏။ ထိုအခိုက် John Smithas ဟူသော အကောင့်ပိုင်ရှင်က မေးခွန်းတစ်ခု မေးချင်လို့- ဟုဆိုကာ တောင်းဆိုလာ၏။ သူ့အကောင့်ကို ဖွင့်ပြီး Albums ဓာတ်ပုံများကို ကြည့်သောအခါ ကိုရင်နှင့် ရဟန်းတော်ပုံတို့ကို အင်တာနက်မှ ကူးယူပြီး တင်ထားသည်ကို တွေ့ရ၏။ ရဟန်းတစ်ပါးဟု ထင်မှတ်ပြီး အချင်းချင်း အားနာသဖြင့် အကြောင်းမပြတော့ဘဲ မေးရန် ခွင့်ပြုခဲ့သည်။

“အရှင်ဘုရား တပည့်တော် တစ်ခုလောက် လျှောက်တင်ချင်လို့”

“မှန်ပါ၊ မိန့်ပါဘုရား”

“တပည့်တော်တို့ရဲ့ အရှင်ဂေါတမ မြတ်စွာဘုရားက မိန်းမ ဘယ်နှစ်ယောက် ယူခဲ့တာလဲ ဘုရား။”

“ယသော်ဓရာ အမှုးရှိသော မောင်းမပေါင်း ရှစ်သောင်းလေးထောင်လို့ဆိုပါတယ်။”

“အဲဒီလောက်တောင်ယူခဲ့တာလား။ အဲဒါဆို မိုဟာမက် ထက် ပိုများခဲ့တာပေါ့။”

“မဟုတ်ပါဘူး၊ ယသော်ဓရာ တစ်ယောက်ထဲပါ၊ အခြား ရှစ်သောင်းလေးထောင်က ယသော်ဓရာ ကို ခြံရံရတာပါ၊ ဒါနဲ့ ဘုန်းကြီးလား ဒကာလား မသိဘူး။”

“ဘုန်းကြီးပါ၊”

“အော် တင်ပါ ဘုရား။ ”

“သုမိတ္တာနဲ့ သူ့သားတော်ပုတ္တကရော အရှင်ဘုရား၊ သူကလည်း ဂေါတမရဲ့ ဇနီး ဖြစ်တယ်လို့ ကျမ်းမှာ ဆိုထားပါတယ်။ သုမိတ္တာ နဲ့ သူသားတော်ပုတ္တက ကော။ ”

“တပည့်တော် တစ်ခါမှ မတွေ့ဘူးသေးဘူး အရှင်ဘုရား၊ ဘယ်ကျမ်းက တွေ့တာလဲ၊ ကျမ်းနာမည် ပြောပြပါလား၊”

“ဗုဒ္ဓဝင် အကျဉ်းချုပ်နှင့် ဒီဃနိကာယ် ကျမ်းမှာပါဘုရား၊ အဲဒီမှာ မိန်းမငါးယောက် ယူထားတယ်လို့ ရှင်းပြထားတယ်ဘုရား။”

“တပည့်တော် အရှင်ဘုရား ခုပြောပြတဲ့ကျမ်းတွေ သင်ဘူးတယ်၊ တပည့်တော် တစ်ခါမှ မတွေ့ဖူးသေးဘူး၊ စာမနံ့တာလဲ ဖြစ်မယ်ထင်တယ် ၊”

၁။ ယသောဓရာ နှင့် သားတော် ရာဟုလာ။

၂။ သုမိတ္တာ နှင့် သားတော် ပုတ္တ။

၃။ ကဉ္စန နှင့်သားတော် ဥပရောဂ။

၎။ မင်္ဂလ နှင့် သားတော် သင်္ဃာဝရ။

၅။ မလ္လိကာ နှင့် သားတော် ဇာတိဝရ။

“အော် အရှင်ဘုရား။ ခု ဟာက မဟုတ်သေးဘူး ထင်တယ်၊ မဟာယာနကျမ်းကလား မသိဘူး ၊ မဟာယာနကျမ်းဆိုရင် တပည့်တော် မသိဘူး။ တပည့်တော်တို့ ထေရ၀ါဒကျမ်းမှာတော့ မတွေ့ဘူးသေးဘူး။
မလ္လိကာကတော့ နှစ်ယောက်တောင် ရှိတယ်၊ ဗန္ဓုလ စစ်သူကြီး မယားလဲ မလ္လိကာပဲ၊ သူမကတော့ သားပေါင်း ၃၂-ယောက် ရှိတယ်။ သာဝတ္ထိပြည်၊ ပသေနဒီ ကောသလမင်းကြီးရဲ့ မိဘုရားကြီးကလဲ မလ္လိကာပါ။ မလ္လိကာ နှင့် သားတော် ဇာတိဝရ ဆိုတာကိုတော့ မတွေ့ဘူးသေးပါဘုရား။”

“တင်ပါ့ဘုရား။”

“အရှင်ဘုရားရေ ခု အရှင်ဘုရား ပြောတာတွေ တွေ့ရတာ အဆန်းတွေချည်းပဲ၊ တပည့်တော် သင်္ကန်းသစ် အနှစ် ၂၀ ကျော်ပါပြီ ၊ ဒါပေမဲ့ ခုဟာတွေတော့ မတွေ့ဘူးသေးပါဘုရား။”

“နိဗ္ဗာန်ကို ဘယ်သူဖန်တီးထားတာလဲ (သို့) ဘယ်သူဖန်ဆင်းထားတာလဲ..၊”

“နိဗ္ဗာန်ဆိုတာ ဖန်တီးရတဲ့ အရာမဟုတ်ဘူး၊ ဖန်ဆင်းရှင်ဆိုတာ ထေရ၀ါဒမှာ မရှိဘူး၊ စတုမဂ္ဂဥာဏေန သစ္ဆိကာတဗ္ဗံ မဂ္ဂဖလာနမာရမ္မဏဘူတံ-မဂ်ဥာဏ် လေးပါးဖြင့် မျက်မှောက်ပြုထိုက်သော မဂ်ဖိုလ်တို့၏ အာရုံဖြစ်တဲ့ နိဗ္ဗာန်လို့ သင်္ဂြိုဟ်မှာ ဆိုထားတာပဲ။ အရှင်ဘုရားလဲ သိပြီးသားပါဘုရား။”

“တင်ပါ့ဘုရား။ သတ္တ၀ါတွေကို ဘယ်သူက ဖန်တီးတာလဲ။”

“ကိုယ် ပြုလုပ်တဲ့ ကံတရားက ကိုယ့်ကိုယ်ကို ပြန်ဖန်တီးတာပါ။ ”

“တင်ပါ၊”
“ဒီလိုဆိုရင် ကိုယ့်ကံကိုယ် မဖန်တီးကြဘဲ မြတ်စွာဘုရားကို ဘာလို့ ကိုးကွယ် ကြတာလဲ ဘုရား။ နောက်ပြီး တစ်ခုလျှောက်ချင်တာ မြတ်စွာဘုရားက ဗောဓိညောင်ပင်အောက်မှာ ဆုတောင်းခဲ့သေးတယ်၊ အဲဒါကရော ဘယ်သူ့ကို ဆုတောင်းတာလဲဘုရား။ ဆရာတော်ဘုရာ့ မိန့်တော်မူပါဦး။”

“မြတ်စွာဘုရားကို ကိုးကွယ်တယ်ဆိုတာ သူတော်ကောင်းတရားတွေကို ဖော်ထုတ်ပြီး ကျင့်စဉ်တွေ ပြောပြပေးခဲ့တဲ့ အနှိုင်းမဲ့ ဗုဒ္ဓအနေနဲ့ ကိုးကွယ်တာပါ၊ သူကိုယ်တိုင်လဲ သူ့ကိုယ် ယုံပါ၊ ကိုးကွယ်ပါလို့ တစ်ခါမှ မဟောဘူး။ ကမ္မံ သတ္တေ ၀ိဘဇတိ- သတ္တ၀ါတွေကို ကံတရားက ဖန်တီးတယ်လို့ ဟောပါတယ်။ နောက်ပြီး ကိုယ့်ကံကို ဖန်တီးရမယ်လို့ပဲ ဟောပါ တယ်၊ ဗောဓိပင်အောက်မှာ မြတ်ဗုဒ္ဓ ဆုတောင်းခြင်း လုံးဝ မရှိပါဘူး၊ ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ-စတဲ့ ဂါထာတွေနဲ့ ဥဒါန်းကျူးရင့်တာပဲ ရှိပါတယ်။ ဆုတောင်းစရာလဲ မလိုတော့ပါဘူး။ နောက်ဆုံး ဘ၀ ပရိနိဗ္ဗာန်ဝင်စံတဲ့ဘ၀ပါ။ ဒါနဲ့ အရှင်ဘုရား ဘယ်မှာသီတင်းသုံးလဲ ဘုရား။”

“စင်ကူပူကျောင်းတိုက်မှာပါဘုရား။ တပည့်တော် ဖတ်ဖူးတဲ့ကျမ်းတခုမှာ ပါရာဇိကဏ် အဌကထာကျမ်း မှာဖွင့်ပြထားတာလေး ဖတ်မိလို့ပါ၊”

“မှန်ပါ ဘယ်လိုလဲ ဘုရား။”

“ဗုဒ္ဓရူပံပဿန္တော သတ္တဒီဝသနီအက္ခီပူဇံနာမအကာသိ ။ ။အနက်ကား ၊ ဗုဒ္ဓရူပံ ၊ ဘုရားရှင်၏ဗျာဒိတ်ရူပါရုံကို ၊ ပဿန္တော ၊ ကြည့်ရှုလျှက် ၊ သတ္တဒီဝသနီ ၊ ခုနှစ်ရက်ပါတ်လုံး ၊ အက္ခီ ၊ မမှိတ်သောမျက်စိဖြင့် ၊ ပူဇံနာမ ၊ ပူဇော်ခြင်းအမှုကို ၊ အကာသိ ၊ ပြု၏ ။ ။ဤကဲ့သို့ပိဋကတ်ကျမ်းဂါန်တို့၌ ၊ ဂေါတမသည် ဘုရားရှိခိုး ကြောင်းကို ပြပါလျှက်နှင့် အမှန်ကို မယုံကြည်လိုသော သူတို့ကိုယ်တိုင်ကလည်း ပိဋကတ်ကိုမစစ်ဆေးဘဲနှင့် ၊ လွှဲရှောင်၍ ပြောကြသည်မှာ ၊ ဂေါတမသည် ဘုရားရှိခိုးသည်မဟုတ် ။ ညောင်ပင်နှင့် ပလ္လင်ကိုသာရှိခိုးသည်ဟူ၍ ငြင်းဆိုကြ သည်များမှာ မစဉ်းစား ပြောဆိုခြင်း ဖြစ်သည် ၊ အဘယ့်ကြောင့် ဆိုသော် ၊ ၎င်းညောင်ပင်နှင့် မြက်ခင်းနေရာ ပလ္လင်သည် ၊ ဂေါတမ အတွက် အဘယ်အရာများ ကျေးဇူးပြု၍ ရှိခိုးစရာအကြောင်း ရှိပါသနည်း ။ ညောင်ပင်နှင့် မြက်ခင်းနေရာ သည် ဂေါတမထက်ပင် သာနေလို့လား။ ဤကဲ့သို့ ဂေါတမ ဘုရားရှိခိုးကြောင်းကို ပိဋကတ်ကျမ်းတို့က ပြဆိုသောကြောင့် ။ ဂေါတမထက် ကြီးမြတ်တော်မူသော ဘုရားသခင်ရှိကြောင်းကို သိစေဘို့ရန် စစ်ဆေး၍ ပြလိုက်သည်။”

“ပါဠိလဲ မှားပါတယ်။ အနက်ပေးလဲ မှားပါတယ်။ မူရင်းပါဠိမှာ ဗုဒ္ဓပူဇံ ပဿန္တော သတ္တ ဒိဝသာနိ အက္ခိပူဇံ နာမ အကာသိ။ ဗုဒ္ဓပူဇံ- မြတ်ဗုဒ္ဓဆင်းတုတော်ကို၊ ပဿန္တော- ရှု့လျှက်၊ သတ္တ ဒိဝသာနိ- ခုနှစ်ရက်တို့ပတ်လုံး၊ အက္ခိပူဇံ နာမ- မျက်စိ၏ ပူဇော်ခြင်းမည်သည်ကို၊ အကာသိ-ပြုပြီ။ ဒီပါဠိရဲ့ ဆိုလိုရင်းက-တတိယသင်္ဂါယနာတင် သိရီဓမ္မာသောက မင်းကြီးက ဘုရားရှင်ကို ဖူးမြင် ချင်တဲ့ အတွက် တစ်ကမ္ဘာပတ်လုံး အသက်ရှည်တဲ့ ကာဠ နဂါးမင်းကြီးကို မြတ်သောနေရာမှာ နေစေပြီး မြတ်ဗုဒ္ဓရဲ့ ပုံတူကို ဖန်းဆင်းခိုင်းပါတယ်။ အဲဒီ နဂါးမင်းကြီး ဖန်တီးတဲ့ နိမ္မိတ ရုပ်ပွားတော်ကို ခုနှစ်ရက်ပတ်လုံး ဖူးမျှော်ပြီး နေတာကို ရှင်းပြတာ ဖြစ်ပါတယ်။ ဒီပါဠိကို ပြည့်ပြည့်၀၀ နားမလည်ဘဲ ငြင်းခုံလိုတဲ့ အတွက် ခုလို ကိုယ်လိုချင်သလို ရေးထားခြင်းလို့ ထင်ပါတယ်။”

“အရှင်ဂေါတမက ဘယ်နေ့မှာ မွေးလဲ သိနိုင်မလား ဘုရာ့၊ တပည့်တော်က ကြာသပတေး၊ နောက်တဦးက ဗုဒ္ဓဟူး ငြင်းခုန်နေကြလို့ပါ။”

“မြန်မာလို မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် သောကြာနေ့ပါ။”

“ဂေါတမ ပွင့်ခဲ့တာ BC 500 နီးပါးလောက်ဆိုတာပဲ ခန့်မှန်းနိုင်ကြတယ်။ အရှင်ဘုရားက ဘာလို့ အတိကျပြောနိုင်တာလဲ၊ လွန်ခဲ့သော ခရစ်တော်မပေါ်မှီ ဗုဒ္ဓပွင့်ခဲ့ရာ အိန္ဒိယမှာ သေချာ တဲ့ ပြက္ခဒိန်ရှိခဲ့လို့လား ဘုရား။”

“ယခု ပြောသည်မှာ မြန်မာသက္ကရာဇ်ဖြင့် ပြောခြင်းဖြစ်ပါတယ်။ အကယ်၍ ဘီစီတို့ဖြင့် ပြောလျှင်လဲ အတိအကျ ရှိပါတယ်။ အွန်းလိုင်းတို့မှာ ရှာဖွေနိုင်တယ်။ သာသနာ (၂၅၀၀) ၊အင်္ဂလိပ်လို ရေးသော စာပေတွင်လဲ ကြည့်ရှုနိုင်ပါတယ်။”

“သာသနာခေတ်တုန်းက ယခုကမ္ဘာသုံး ပြက္ခဒိန်နှင့် ဘာလို့ ကွတ်တိဖြစ်နေ ရတာလည်းဘုရာ့၊ ပြက္ခဒိန်ဆိုတာ တိကျအောင် သေချာလုပ်ခဲ့ရတယ်ဆိုတာ အရှင်ဘုရားသိပါလိမ့်မယ်။”

“ရှိခဲ့သည် ထင်ပါတယ်။ သမိုင်းရေးသော မဟာယာန ထေရ၀ါဒတို့အားလုံး လက်ခံသည့်နှစ်များ တူနေပါတယ်ဘုရား။”

“အခုမှ ပြက္ခဒိန်ရဲ့ သက်တမ်းက 2012 ပဲ ရှိသေးတယ်။ တကယ်လို့ ရှိခဲ့မည်ဆို လျှင်လည်း တိကျနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သောကြာနေ့ ဆိုသည်မှာ မဖြစ်နိုင်ပါ။ ”

“ယခု ပြက္ခဒိန် နှစ် နှင့် သာသနာ နှစ် ရေတွက်ပုံ ကွာခြားပါတယ်။ ဘိုးတော် အဉ္ဇန မင်းရဲ့ သက္ကရာဇ် တို့ကို ဖြိုခွင်းခဲ့ပြီးမှ စ၍ ရေတွက်သော နှစ်တို့ဖြစ်ပါတယ်။ ရေတွက်ပုံ တို့ကို အထောက်အာထား ခိုင်းလုံစွာဖြင့် ရှင်းပြထားပါတယ်။ အရှင်ဘုရား လေ့လာ လိုလျှင် မြန်မာ သမိုင်းပညာရပ် စာပေ တို့တွင် လေ့လာနိုင်ပါတယ်။”

“မှန်ပါတယ်။ အဲဒီအချိန် တုန်းက ကြာသပတေး သောကြာ တနင်္လာ ဟုသုံးခဲ့ ပါ့မလား။”
“ထားပါလေ။ အရှင်ဂေါတမက အလုံးစုံကို သိမြင်နိုင်တယ်ဆိုတာ အမှန်ပဲလား ဘုရား။”

“အရှင်ဘုရား ဗုဒ္ဓဘာသာမှန်လျှင် ယင်းမေးခွန်းကို မမေးသင့်ပါဘုရား၊ အရှင်ဘုရား စာပေတို့ကို သင်ကြားနေသူမှန်လျှင် မှန်းဆ ယုံကြည်နိုင် ပါမည်ဘုရား၊ တပည့်တော်မဖြေလိုပါ။”

“တောင်းပန်ပါသည် ဘုရား။”

“တပည့်တော်တို့၏ ပုထုဇဉ် ဥာဏ်ဖြင့် လက်လှမ်းမမှီသော အရာတို့ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက မျက်ကန်းမယုံခိုင်းပါ၊ ကိုယ်တိုင် ကျင့်ကြံ လက်တွေ့ သိမှ ယုံကြည်ရန် ဟောထားပါတယ်။ ကာလာမသုတ် ကိုလဲ ဖတ်ရှုနိုင်ပါတယ်။”

“ပိဠကတ် ကျမ်းမှာပါတဲ့ မြင့်မိုရ်တောင်ဆိုတာ တကယ်ရှိပါ့မလား။”
(ပိဋကတ် ဟု မမေးဘဲ ပိဠကတ် ဟု မေးပါသည်။)

“မြင့်မိုရ်တောင် ပြဿနာ အငြင်းပွားခဲ့တာ နှစ်ပေါင်း ကြာခဲ့ပါပြီ ၊အရှင်ဘုရား ပြည့်စုံစွာ သိလိုလျှင် ထီးချိုင့် တည်တော်ဆရာတော်ကြီးရဲ့ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများမှာ ရှာဖွေ ဖတ်ရှု့နိုင်ပါတယ်။ (၆) တွဲတောင် ရှိပါတယ်။ dhammadownload.com မှာ ဒေါင်းလွတ်ဆွဲပြီး ယူနိုင်ပါတယ်။ ချမ်းမြေ့ ဆရာတော်၏ အမေးအဖြေများကိုလဲ ဖတ်ရှုပါ။ အားလုံး ကို သေချာစွာ ဖြေရှင်းပြထားပါတယ်။”

“နောက်ပြီး ဂေါတမမြတ်စွာဘုရားက သူကိုယ်တိုင်က သူ့ကိုသူ ဘုရားပါလို့ မဖွင့်ဟခဲ့ဘူး။ ဒါကို လူတွေက ဘာလို့ကိုးကွယ်နေရတာပါလည်းဘုရား။ ဂေါတမနဲ့ မျိုးနွယ် ဖြစ်တဲ့ဟိန္ဒူတွေကတောင် ဂေါတမကို ဇာတ်နိမ့် ဆိုပြီး မကိုးကွယ်ကြဘူး။ ယနေ့ ကမ္ဘာမှာ ဗုဒ္ဓဘာသာ သန်း ၃၅၀ ရှိတယ်လို့ သိရှိရတယ်။”

“မြတ်ဗုဒ္ဓ သူ့ကိုယ်သူ ဘုရား ဟု အကြိမ်များစွာ မိန့်မှာပါသည် အရှင်ဘုရား။ စာပေတို့ကို သေချာ ဖတ်ရှု့လေ့လာပါအုံး။”

“ခေတ္တစောင့်ပါဘုရား။ တပည့်တော်ကျမ်းတစ်အုပ်မှာ မှတ်ထားပါတယ်။ ထယူလိုက်ပါဦးမယ်ဘုရာ့။ ”

“ဇာတ်ခွဲခြားမှု မှာ အိန္ဒိယ ရှေးရိုးရာ အစွဲဖြစ်ပါတယ်။ ယခု ခေတ် အဲဒီလောက် အများစု မစွဲကြတော့ပါ။ တပည့်တော် ခု အိန္ဒိယမှာ နေတာ ၅ နှစ်ကျော်ပါပြီ။ ဇာတ်နှင့်ပတ်သက်၍လည်း ဖြေရှင်းစရာ မရှိပါ။ ဘုရားရှင်ကိုယ်တိုင် စာပေ တို့တွင် များစွာ ဖြေရှင်းခဲ့ပြီးပါပြီ။”

“ပိဠကတ် ကျမ်းဆိုတာ ဘုရားရှင်ဟောပြောခဲ့တဲ့ တရားတွေကို ရေးသားထားတာ လား၊ ဒါမှမဟုတ် ကျမ်းများစွာကို စုဆောင်းပြီး တူရာတွေကိုေ ရးသားထားတာ လား။ နောက်ပိဠကတ်ကို ဘာကြောင့် အကြိမ်ကြိမ် ပြန်လည်ပြုပြင်နေရပါသလဲ။”

“ပိဋကတ်ကျမ်းဆိုတာ ဘုရားရှင် ဟောပြောခဲ့တဲ့ တရားတွေကို မူရင်းအတိုင်း တူရာအုပ်စုအလိုက် စုစည်းပြီး ရေးထားတာပါ။ တစ်ခါမှ မပြင်ခဲ့ပါ။ ပြင်ဆင်သည်မှာ မဟာယာန က ပြင်ပါတယ်။ ထေရ၀ါဒမှာ တစ်ကြိမ်တစ်ခါမှ မပြင်ဘူးပါ။ တပည့်တော် ကိစ္စလေးတွေ ရှိနေပါသေးတယ်။နောက်မှ ဆက်လက်ဆွေးနွေး ကြသေးတာပေါ့ ဘုရား။”

“တင်ပါ့ဘုရား၊ တပည့်တော် သိရှိသည်မှာ ပိဠကတ် ၃ ပုံက ထေရ၀ါဒ ဖြစ်ပါတယ်၊ ၄င်းကို ပြင်ဆင်ထားသည်ကိုတွေ့ရှိသောကြောင့် မေးမြန်းခြင်း ဖြစ်ပါတယ်။ နောက်များမှပဲ ဆွေးနွေးပါ့မယ်ဘုရား။ စိတ်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

“အရှင်ဘုရားကို နှိမ့်ချပြောဆိုသည်မဟုတ်ပါ ။ အရှင်ဘုရား ထေရ၀ါဒ စာပေ များကို ဖတ်စေချင်ပါတယ်။ တစ်ချို့ မေးခွန်းတို့မှာ သာသနာဝန်ထမ်း ရဟန်း တစ်ပါးအတွက် သိခဲ့ရပြီးဖြစ်မည့် မေးခွန်းများပါ။ စာပေတို့ကို လေ့လာပါဟုသာ လျှောက်ထားလိုပါသည်ဘုရား။”

     တစ်ခုလောက် လျှောက်တင်ချင်လို့ ဟု စကားပလ္လင်ခံကာ မေးခဲ့သော မေခွန်းများကား များပြားလှပေသည်။ မောင်မင်းကြီးသား၏ ကောင်းမှုကြောင့် ဤအရှင်၏ တန်ဖိုးရှိသော အချိန်များထဲမှ (၄၅)မိနစ်ခန့်မျှ ပေးဆပ်လိုက်ရပြီး အတန်းလည်း နောက်ကျခဲ့သည်။ စကားဖြတ်ခဲ့သောကြောင့်သာ။ သို့မဟုတ်လျှင် မည့်သည့်မေးခွန်းများ ရောက်လာအုံးမည် မသိပေ။

      မိမိကိုယ်ကို ရဟန်းတစ်ပါးဟု ၀န်ခံပြောကြားလာသော ဤသူအား နောက်တစ်ခါတွေ့လျင် ၀ိနည်းနှင့်ပတ်သက်သော မေးခွန်းများ မေးမြန်းကြည့် အုံးမည်ဟု စဉ်းစားမိသည်။ သို့သော် John Smithas ဟူသော အကောင့် ပိုင်ရှင်ကား ဤအရှင်ကို ဘလော့ခ် သွားလေပြီ။ ဤအရှင်အတွက် သက္ကရာဇ်ရှင်းလင်းချက်-ဟူသော မက်ဆေ့ဂ်ျ တစ်ခုကို အွန်းလိုင်းမှ ရှာဖွေကာ ထားပေးခဲ့သည်။ ဤအရှင်စိတ်ထဲ စနိုးစနောင့် ဖြစ်ခဲ့ရသော်လည်း ဖေ့စ်ဘွတ်ခ်မှ ကံစမ်းမဲပေါက်လေခြင်းဟု ခံယူမိတော့သည်။
                                                                                     သိမ်မွေ့ဦး (BHU)
                                                                                      (၁၂-၀၉-၂၀၁၂)




သက္ကရာဇ်ရှင်းလင်းချက်
မဟာသက္ကရာဇ် ဆိုသည်မှာ ဘုရားမပွင့်မီက ဘိုးတော်အဉ္စနမင်း တည်ထားသော
သက္ကရာဇ်ကို ခေါ်သည်။
သာသနာတော်နှစ် ဆိုသည်မှာ ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် ပထမသင်္ဂါယနာ တင်သည့်နှစ် မှစ၍ ရေတွက်သောနှစ်ဖြစ်သည်။
မြန်မာသက္ကရာဇ် ဆိုသည်မှာ ပုပ္ပားစောရဟန်းမင်းလက်ထက် တည်ထားသော သက္ကရာဇ်ဖြစ်သည်။
ခရစ်နှစ် (ဘီ၊စီ) ဆိုသည်မှာ ခရစ်မပေါ်မီနှစ်ကို ခေါ်သည်။
ခရစ်နှစ် (အေ၊ဒီ) ဆိုသည်မှာ ခရစ်တော်ပေါ်ပြီးနှစ်မှစ၍ ရေတွက်သည်။

သာသနာသက္ကရာဇ်သည် မြန်မာသက္ကရာဇ်ထက် ၁၁၈၂ နှစ် ကြီးသည်။ ခရစ်သက္ကရာဇ်ထက်၅၄၄ နှစ် ကြီးသည်။
ခရစ်သက္ကရာဇ် (အေ၊ဒီ)သည် မြန်မာသက္ကရာဇ်ထက် ၆၃၈ နှစ် ကြီးသည်။
       ထိုကြောင့် ဘုရားရှင်ပရိနိဗ္ဗာန်ပြုသောနှစ်ကို ခရစ်မပေါ်မီ ဘီစီ ၅၄၄ ဟု သာသနာ့သမိုင်းများက အတည်ပြုထားသည်။
      ဒါတွေက တကယ်ရှိတာတွေပေါ့နော်။ တကယ်ဖြစ်ပျက်ခဲ့တာတွေ။ မှတ်တမ်း တွေလည်း အတိအကျရှိပါ့။ စိတ်ကူးယဉ် ကြံဆထားခြင်းမဟုတ်ကြောင်း အများနားလည် ကြပါတယ်။ ဒါက ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်မြတ်ပဲပေါ့။


17/08/2012

မျက်ဖြေ

1. စီးဆင်း ရင်ခွင် | 8/17/2012 | 2. 3. 4. 5. 6. Best Blogger Tips


သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း၊၊

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျှာတည်း၊၊

ကြင်နာသနား၊ ငါ့အားမသတ်၊ ယ္ခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း၊၊

ရှိခိုးအကျွန်၊ ပန်ခဲ့တုန်၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လက်တွန်မူ၊ တုံ့မယူလို၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျင်ပေးသည်၊ သွေးသည်အနိစ္စာ၊ငါးခန္ဓာတည်း၊၊ ၊၊
                                                               အနန္တသူရိယအမတ်ကြီး
  Type rest of the post here

08/08/2012

ရှစ်ဆယ့်ရှစ် နှင့် ဤအရှင်

1. စီးဆင်း ရင်ခွင် | 8/08/2012 | 2. 3. 4. 5. 6. Best Blogger Tips


          ရှစ်လေးလုံး အရေးတော်ပုံ ( ၂၄ )နှစ်ပြည့် အထိမ်းအမှတ်ပွဲများအကြောင်းကို ဖေ့ဘွတ်တွင် ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ ဖတ်ရှု့နေရသည်။ ၈၈- ကျောင်းသား ခေါင်းဆောင်များက ဦးဆောင်ကာ မန္တလေးမြို့၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက်တွင် ကျင်းပကြပုံ၊ သံဃာတော်များကို ၀ါဆိုသင်္ကန်းများ ဆက်ကပ်နေကြပုံတို့ကို ကြည်နူးဖွယ် တွေ့မြင်ရသည်။ မနေ့ကလဲ ၀န်ကြီး နှစ်ဦးလာရောက်ကြပြီး အလှူငွေများ ပေးအပ် ခဲ့ကြပုံတို့ကို မြင်တွေ့ခဲ့ရသည်။ တစ်ဦးနှင့်တစ်ဦး အာဃာတမထားဘဲ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို တွေ့မြင်ရသောကြောင့် အမှောင်ထဲက ထွတ်ပေါ်ခါစ ဖြစ်သော အမိနိုင်ငံတော်ကြီးအတွက် အားတက်မိတော့သည်။ တွေးမိတိုင်း ကြည်နူးနေ မိတော့သည်။ 

         ၈၈- အရေးအခင်း ကာလတုံးက ဤအရှင် ၁၀ -နှစ်သား အရွယ် ဖြစ်သည်။ ဇာတိ ချက်ကြွေ မွေးရပ်မြေရွာ၌ အတန်းပညာ ၅-တန်းကို စတင်တက်ရောက်ခါစဖြစ်၏။ ကလေးသဘာဝ နိုင်ငံရေးကို နားမလည် စိတ်မ၀င်စားသော်လည်း လူကြီးများ၏ ပြောစကားကို ကြားရသောကြောင့် ဆန္ဒပြပွဲများ ဖြစ်နေကြောင်း နှင့် တီဗွီမှ ဗိုလ်ချုပ်နေ၀င်း နောက်ဆုံးပြောကြားခဲ့သော သေနပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး ဟူသော မိန့်ခွန်းကို ကောင်းမွန်စွာ မှတ်မိနေခဲ့သည်။


        မြို့တွင် ကျောင်းတက်နေကြသော ရွာမှ ၁၀-တန်း ကျောင်းသားကြီးများက ဦးဆောင်ကာ ရွာတွင် နိုင်ငံရေးဟောပြောပွဲများ ပြုလုပ်ကြသည်။ ဟောပြောကြသူများတွင် သံဃာတော်များ၊ နိုင်ငံရေးသမားများ၊ကျောင်းသားများ စုံလင်သည်။ ဘာရယ်ဟု ဂဃနဏ မသိသော်လည်း လက်ခုပ်များတီးကာ အားပေးကြရင်း သူငယ်ချင်းစုံကာ ကစားခွင့် ရကြသဖြင့် ပျော်ခဲ့ရသည်။


         တစ်နေ့ ကျောင်းတက်ရန်သွားကြရာ ဆရာများ မရောက်သေးသဖြင့် ဆော့ရင်း စောင့်နေကြရသည်။ ၈-တန်း ကျောင်းသားကြီးများ ၏ ပြောစကားများအရ ကျောင်းများ ပိတ်တော့မည်ဟုလဲ သတင်း ကြားနေ ရသည်။ ရောက်လာကြပြီးသော ဆရာများကလဲ စာမသင်သေးဘဲ ဆရာများစုံလင်ရန် သာ စောင့်နေကြသည်။ ဆရာများစုံညီသောအခါ အစည်းအဝေးထိုင်ကြ၏။ ယင်းနောက် ဆရာ တစ်ယောက်ထွတ်လာကာ “ ကဲ…တပည့် တို့ အားလုံး နားထောင်ကြ၊ ကျောင်းတွေကို ရက် အကန့်အသန့် မရှိ ပိတ်တယ်၊ နောက်မှ ကျောင်းဖွင့်ရက်ကို ထပ်မံကြေညာပေးမယ်”ဟု အော်ပြောလေ၏။ ဝေး…ဟူသော အသံကြီးကို ကျောင်းသားများ ပျော်ရွှင်စွာ အော်ကြရင်း ခုန်ပေါက်ပြေးလွှားကာ အိမ်ပြန် ကြတော့၏။ ဤအရှင်လဲ အများနည်းတူပင် ကျောင်းပိတ်ပြီဆိုသဖြင့် အပျော်ကြီး ပျော်ခဲ့တော့၏။


         ထို့နောက် ဆန္ဒပြပွဲများက ပို၍ စည်းကားလာသည်။ ဤအရှင်တို့ ရွာမှ မြို့ပြန်ကျောင်းသားကြီး၏ ဦးဆောင်မှုဖြင့် တစ်ရွာလုံးနီးပါး ဆန္ဒပြရန် ထွတ်လာကြသည်။ ကလေးမြို့သို့ သွားကာ ဆန္ဒပြကြရန် ကားများစီးစဉ်ထားသဖြင့် ကြွေးကြော်သံများ ဟစ်ကြွေးကြရင်း တစ်ရွာလုံးက တက်ကြွနေတော့သည်။


        ခက်သည်က ဤအရှင်တို့ ကလေးတစ်သိုက်၊ ဟစ်ကြွေးသံများ ကြားရသောကြောင့် ပျော်နေကြပြီ။ လူကြီးများနှင့် အတူ ကလေးမြို့သို့ လိုက်ကာ ဆန္ဒပြချင်ကြသည်။ လူကြီးများက ကလေးများ မလိုက်ရဟု တားမြစ်ထားသဖြင့် လိုက်ခွင့်မရကြပေ။ ဤအရှင်တို့ ကလေးငယ်အုပ်စုတွင် ကလေးမြို့ကို ရောက်ဖူးသော သူငယ်ချင်းတစ်ယောက်ရှိ၏။ သူက မြို့သို့ သွားရန် လမ်းသိသည်၊ ကြိုတင် သွားနှင့်ကြမည် ဟုအကြံပြု သဖြင့် အားလုံးသဘောတူကြကာ ခြေလျဉ် နှင်ကြတော့သည်။

          ဤအရှင်တို့ အုပ်စု အတော်လေး ခရီးပေါက်မှ ရွာမှ ထွတ်လာကြသော ဆန္ဒပြကားများ ထွတ်လာကြသည်။ လမ်းတွင် ဤအရှင်တို့ ကလေးများကို တွေ့သောအခါ ဆူပူပြီး ကားပေါ်သို့ တင်ပေးကြသည်။ ငယ်ငယ်က လူကြီးများကို အမြင်ကတ်ခဲ့သော်လည်း ကြီးလာမှ ကလေးများ ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် တားမြစ်သည်ကို နားလည်မိတော့သည်။


        ဆန္ဒပြသွားရာတွင် အသံချဲ့စက်ဖြင့် ကိုယ့်ရွာမှ ကလေးများကို လူစုမကွဲစေဘဲ စောက်ရှောက် ကြရန် နှိုးဆော်ပေးနေသည်။ ထို့ကြောင့် ဤအရှင်တို့ အုပ်စုက လူကြီးများရှေ့တွင် နေရာယူရသည်။ တစ်မြို့လုံးကို လှည့်ပတ်ကာ ကြွေးကြော်သံတွေ ကြွေးကြော်ကြရသည်။ ဒါနရှင်များက မုန့်ပဲသရေစာ၊ စားစရာများ ဝေငှကြသောအခါ ကလေးများက ဗိုက်ဆာနေမည်၊ ကလေးများကို အရင်ကျွေးပါဟု ကရုဏာကြီးလှသော လူကြီးများ၏ စေတနာကြောင့် ဤအရှင်တို့အုပ်စု ဗိုက်ကားအောင် တီးကြရသည်။ အော်ခဲ့ကြရသော ကြွေးကြော်သံများကိုလည်း ယခုအချိန်ထိ မှတ်မိနေသေးသည်။ ယခင်က နားမလည်ခဲ့သော်လည်း ယခုတော့ နားလည်လာမိပြီ။


“၂၆ နှစ်ကာလ စစ်အစိုးရ ဘာတွေလုပ်ခဲ့သလဲ”
“ပြည်သူတွေကို သတ်၊ ခေါင်းပုံဖြတ်၊ အမြတ်ကြေးငွေတွေထုပ်ခဲ့တယ်”
“မဆလ ပါတီ ဖျက်သိမ်းပစ် ဖျက်သိမ်းပစ်”
“အိမ်စောင့်အစိုးရ ဖွဲ့စည်းရေး ချက်ခြင်းပေး ချက်ခြင်းပေး။”
“ဒီမိုကရေစီတိုက်ပွဲ အောင်ရမည်။”
“နေ၀င်း စိန်လွင် ခုံရုံးတင်စို့၊ မောင်မောင် အစိုးရ ဒို့ဖြုတ်ကြစို့။”
“သပိတ် သပိတ် မှောက်မှောက်၊ ဆန္ဒ ဆန္ဒ ပြပြ။”
“အရေးတော်ပုံ အောင်ရမည်။”
“စစ်သားတွေမှာ ချိုင်းထောက် ချိုင်းထောက်”
“ပြည်သူတွေမှာ ဗိုက်မှောက် ဗိုက်မှောက်”
“ သပိတ် သပိတ် မှောက် မှောက်။”
“ဆန္ဒ ဆန္ဒ ပြပြ။”


         နှစ်တွေ ကြာခဲ့ပြီမို့ ယင်းလောက်ပဲ မှတ်မိတော့သည်။ ဟောပြောပွဲကြီးကို လေယာဉ်ကွင်းဘေးက လမ်းမကြီးတွင် ပြုလုပ်သည်။ ဗိုလ်ချုပ် နေ၀င်း၏ ဓာတ်ပုံ ကို ဇောက်ထိုးပြုကာ ကြိုးကွင်းတပ်ဆွဲ ထားပြီး ခေါင်းတလားတစ်ခုကို ကျောင်းသားများက ထမ်းလာကြသည်။ ခေါင်းတလားတွင် ဗိုလ်နေ၀င်းနာမည်နှင့် အသက်ကိုလည်း ရေးထားသည်။ ဘုန်းကြီးတစ်ပါးက သရဏဂုံတင်ပေးသည်။ ဤအရှင် ငယ်သေးသမို့ ဗိုလ်နေ၀င်း၏ တကယ်သေသော အလောင်းကို သရဏဂုံတင်ပေးသည်ဟု ထင်ခဲ့သည်။ ယခုရေးနေသည့် အချိန်ထိ မျက်စိထဲတွင် ယင်းမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရောင်နေ မိသေးတော့သည်။


          သပိတ်များခေါင်းစွက်ကာ ချီတက်လာကြသော ကိုရင်များကို သဘောကျခဲ့သည်။ ကလေးမြို့တွင် လမ်းမဘေး ၀ဲယာ တစ်လျှောက် ကုက္ကိုလ်ပင်များ စီတန်းလျက်ရှိသည်။ ယင်းကုက္ကိုလ်ပင် တိုင်းတွင် တော်လှန်ရေးတိုက်ပွဲ အောင်ရမည်၊ ရာဇပလ္လင် ခွေးတက်လို့ သားတို့ သေကြရတယ် အမေ..စသော စာတမ်းများကပ်ထားသည်ကို မြင်တွေ့ရသည်။ ဤအချိန်က စစ်ကား ဇာတ်လမ်းများ သဘောကျချိန်မို့ တိုက်ပွဲဟူသော စာတမ်းကို ဘ၀င်မတွေ့ခဲ့။ တစ်ယောက်နှင့် တစ်ယောက် မတိုက်ရဘဲ ကြွေးကြော်သံ လှည့်ပတ်အော်နေရသည်ကို တိုက်ပွဲဟု ဘာကြောင့် ခေါ်ရတာလဲ ဟု နုနယ်သော ဦးနှောက်ဖြင့် စဉ်းစားခဲ့မိသေးတော့သည်။ မြို့အာဏာပိုင် လူကြီးများနှင့် ကျောင်းသား ပြည်သူ များ သတ်ကြဖြတ်ကြသောအခါမှ တိုက်ပွဲကို ရေးတေးတေး နားလည်သလို ဖြစ်ခဲ့သည်။ ဆန္ဒပြပွဲအတွင်း “ဒီမိုကရေစီဈေး ဦးထုပ်တစ်လုံး တစ်ကျပ်”ဟု ရောင်းချသဖြင့် မောင်နှမ နှစ်ယောက် တစ်ယောက် တစ်လုံး စီ ၀ယ်ကာ ဆောင်းခဲ့ ကြရသည်။


       ကျောင်းတွေလည်း မတက်ရတော့သဖြင့် တစ်နေကုန် သူငယ်ချင်းများနှင့် ကစားရင်း အချိန်ကုန်ကြသည်။ ထိုအချိန် ဦးကြီးတော်စပ်သူ ဦးဖိုးငိုက နေပူထဲ ဆော့နေတဲ့ အတူတူ ဘုန်းကြီးကျောင်းထားတာမှ စာတတ်ပြီး လိမ်မာအုံးမယ်ဟုဆိုကာ ဘုန်းတော်ကြီးထံ အပ်နှံပေးခဲ့သည်။

        ထိုအချိန်မှ စတင်၍ ကိုရင် ၀တ်ကာ ဤအရှင်လဲ သာသနာ့ဘောင်သို့ ရောက်ခဲ့တော့၏။ စာသင်ကျောင်းများ ပြန်ဖွင့်ချိန်တွင် ရှင်လိင်ပြန်ကာ စာသင်ကျောင်းကို ဆက်တက်ချင်သော်လည်း ဆရာ ဘုန်းကြီး၏ အဆုံးအမကြောင့် သာသနာဘောင်တွင် ပျော်ပိုက်ခဲ့တော့၏။ ကိုရင်ဘ၀ဖြင့် စာသင်တိုက်တို့တွင် ပညာသင်နေချိန် သီတင်းသုံးဖော်များက သင်္ကန်းဝတ်တာ ဘယ်လောက်ကြာပြီလဲ ဟုမေးလျှင် “နအဖ နှင့် သက်တန်းအတူတူပဲ။ သူတို့ စစ်အာဏာပြုတ်သွားရင် တပည့်တော်လဲ လူထွတ် တော့မယ်”ဟု စနောက်ကာ ဖြေခဲ့ဘူးသည်။


         ယခုတော့ ဤအရှင်၏ သင်္ကန်းသက် ၂၄ -နှစ်နီးပါး ရှိခဲ့ပေပြီ။ စစ်အာဏာရှင် လည်း ပြုတ်သွားပေပြီဟု ယူဆရပေသည်။ ဤအရှင်လည်း သင်္ကန်းဝတ်နှင့် ပျော်နေဆဲပင်ဖြစ်ပေသည်။ မိမိ စွမ်းနိုင်သမျှ သာသနာ့တာဝန်ကို ဆက်လက် ထမ်းဆောင်နေမည်ဟု ယုံကြည်နေမိလေတော့သည်။
                                                                         သိမ်မွေ့ဦး (BHU )
                                                                           (၀၈-၀၈-၂၀၁၂)