ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

28/06/2013

ဘောလီးဝုဒ်ရောက် မြန်မာမင်းသားများ

1. စီးဆင်း ရင်ခွင် | 6/28/2013 | 2. 3. 4. 5. 6. Best Blogger Tips
     ကမ္ဘာ့ရုပ်ရှင်လောကတွင် ဟောလီးဝုဒ် ရုပ်ရှင်သည် နာမည်အကြီးဆုံးဖြစ်ပြီး အိန္ဒိယရုပ်ရှင် ဘောလီးဝုဒ်(bollywood)သည်ကား ဒုတိယမြောက် နာမည်အကြီးဆုံး ဖြစ်ပေ ၏။ ဟောလီးဝုဒ် ရုပ်ရှင်ဟု ဆိုလိုက်လျှင် ရုပ်ရှင်ချစ်ပရိသတ်များ စိတ်ဝင်စားကြသကဲ့သို့ ဘောလီးဝုဒ်ဟု ဆိုလိုက်လျှင်လည်း အထူးပင် စိတ်ဝင်စားကြပေ၏။ ဘောလီးဝုဒ်သည် လူများအထင်ကြီး ခံရလောက်အောင် မြူးကြွသောကဟန် သရုပ်ဆောင်ဟန်တို့ဖြင့် ဆွဲဆောင်မှုရှိသည်၊ တစ်ကိုယ်လုံးကို လှုပ်ခပ်ပြီး သွက်လက်စွာ မကတတ်လျှင် ဘောလီးဝုဒ်သရုပ်ဆောင်တစ်ယောက်ဖြစ်ရန် စိတ်ကူးဖို့ပင် မလွယ်ပေ။ ဘောလီးဝုဒ်သရုပ်ဆောင်တို့၏ ကျွမ်းကျင်းသောသရုပ်ဆောင်မှု တို့ကို အဆင်မြင့်ကင်မရာတို့က ပို၍ တောက်ပြောင်အောင် မွမ်းမံပေးလေ၏။ အိန္ဒိယတွင် နေထိုင်စဉ်အတွင်း ရုပ်ရှင်ရိုက်ခြင်းကို နှစ်ခါမျှ တွေ့ခဲ့ဘူးသည်။ ကင်မရာမှာ အလွန်အဆင့်မြင့်လှပြီး အရွယ်အစားမှာလည်း ကြီးလွန်းသည်။ ရိုက်ကူးရာတွင် ပံ့ပိုးမှု့ အင်အားအပြည့်အစုံဖြင့် သေသေသပ်သပ် ရှိသည်။ ကောင်းမွန်သည့် ရိုက်ချက်တို့ကို ကွန်ပျူတာနည်းပညာတို့ဖြင့် ပေါင်းစပ်လိုက်သဖြင့် ဇာတ်ကားတို့သည် ပိုမိုကာ ကောင်းမွန်လေတော့၏။ ထို့ကြောင့်လည်း ဤရုပ်ရှင်လောက နာမည်ကြီးရခြင်း ဖြစ်ပေမည်။ 


         ဘောလီးဝုဒ်ရုပ်ရှင်၏ ရိုက်ကွင်းနေရာကို ကျွန်ုပ် မရောက်ခဲ့ဘူးပါ၊ မွန်ဘိုင်းသို့ ရောက်ခိုက် ရိုက်ကွင်း ဖန်တီးတည်ဆောက်ထားမှုတို့ကို ဗဟုသုတအဖြစ် လေ့လာချင်သော်လည်း ၀င်ခွင့်မရှိသဖြင့် လေ့လာခွင့် မရခဲ့ပါ။ အရင်က ပြည်သူများ သွားရောက်ကာ ကြည့်ရှုလေ့ လာနိုင်သော်လည်း ၂၀၀၉-ခုနှစ်၊ မွန်းဘိုင်းမြို့ အကြမ်းဖက် အတိုက်ခိုက်ခံရပြီး သည့်နောက်ပိုင်း၌ ပြည်သူများကို လေ့လာခွင့် မပေးတော့ဟု သိရသည်။ ထို့ကြောင့် လေ့လာခွင့် မရခဲ့ပေ။ 

     ယခုနှစ် ၂၀၁၃-ခုနှစ်အတွင်း ဘောလီးဝုဒ် နှစ်တစ်ရာပြည့်ပွဲ စည်းကားစွာ ကျင်းပသည်ကို တီဗွီချန်နယ်နှင့် သတင်းစာတို့တွင် ဖတ်လိုက်ရသည်။ ဘောလီးဝုဒ်၏ ရုပ်ရုပ်ဇာတ်ကား ထုတ်လုပ်မှုမှာ နှစ်စဉ် ရာချီ ရှိခဲ့ပြီး အချို့နှစ်များတွင် ထောင်ဂဏန်းထိပင် ရှိသည်ဟုပင် ကြားခဲ့ဘူးသည်။ နှစ်စဉ်ရုပ်ရှင်လောက၏ အမြတ်ဝင်ငွေများလည်း ဒေါ်လာသန်း ဘီလီယံ ချီ မြတ်သည်ဟူ၏။ လူဦးရေ များသော အိန္ဒိယနိုင်ငံတွင် လူတန်းစားများစွာ ရုပ်ရှင်ကြည့်ကာ အပန်းဖြေကြသဖြင့် ယင်းမျှသော အမြတ်ဝင်ငွေ အတွက် အထူး အံ့သြစရာ မရှိပါပေ၊ အချို့ဇာတ်ကားတို့၏ ဆင်းရဲသားဇာတ်ကောင် နေရာတို့တွင် တကယ့်ဆင်းရဲသားလေးများကို ခေါ်ငင်ကာ ရိုက်ကူးပြီး အောင်မြင်သွား သဖြင့် ထိုကလေးများ၏ ဘ၀တို့သည်လည်း ချက်ခြင်း ပြောင်းလဲသွားကြ၏၊ ထိုကလေးတို့သည် ချက်ခြင်းပင် အိုးပိုင်အိမ်ပိုင်ဘ၀သို့ ရောက်သွားကြ၏။ ဘောလီးဝုဒ်အောင်မြင်းခြင်း၏ အဓိက အကြောင်းတို့မှာ ငွေကြေးပံ့ပိုးမှု ပြည့်စုံခြင်း၊ နည်းပညာကောင်းမွန်ခြင်း၊ ကင်မရာ အဆင့်မြင့်ခြင်း၊ သူ့စရိုက်နှင့် သူ့ဇာတ်ကောင် မှန်ကန်စွာ ရွှေးချယ်တတ်ခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု သုံးသပ်မိသည်။ နှစ်စဉ်ဇာတ်ကားရာချည် ထွတ်သော်လည်း အချို့နှစ်တို့တွင် သုံးယောက် လေးယောက်မျှသာ အကယ်ဒမီဆုကို ရရှိသည်ဟု သိရသည်။ တစ်နှစ် ဇာတ်ကား (၁၃)ကားမျှလောက်သာ ထွတ်ပြီး အကယ်ဒမီဆု (၁၄)ယောက်လောက်ရသော မြန်မာ့ ရုပ်ရှင်လောကနှင့်တော့ ဆန့်ကျင်ဘက် ဖြစ်နေသေး၏။ 

    ယခင် နှစ်နှစ်လောက်က မြန်မာနိုင်ငံထုတ် မဂ္ဂဇင်း၊ ဂျာနယ်တို့တွင် ဘောလီးဝုဒ်ရောက် မြန်မာပြည်ဖွား မင်းသမီးတစ်ယောက်အကြောင်းကို ဖတ်လိုက်ရ သည်။ သူ့မ နာမည်မှာ စန္ဒာဝင်းဖြစ်ပြီး ဘောလီးဝုဒ်သရုပ်ဆောင်နာမည်မှာ လိုက်လာခန် ဟုသိရသည်။ အဲဒီအချိန်က ရုပ်ရှင်ဇာတ်ကားကြီး သုံးကား ရိုက်ကူးပြီးစီးပြီး နောက်ထပ် ဇာတ်ကားကြီး လေးကား ရိုက်ကူးရန်အတွက် စာချုပ်ထားပြီးပြီဟု ဖတ်ခဲ့ရသည်။ သူမလည်း ကြိုးစားကာ သရုပ်ဆောင်ဆဲ ဖြစ်ဟန်တူသည်။ ယခုချိန်ထိ နာမည်ကြီး တော့ပ် စာရင်းထဲတွင် ၀င်ဟန် မတူသေးပေ၊ ရုပ်ရှင်ကို သိပ်ဝါသနာ မပါသော်လည်း အကယ်၍ နာမည်ကြီးလာပါက သတင်းစာ၊ ချန်နယ်တို့တွင် မကြာခဏ တွေ့ရတတ်သဖြင့် အိန္ဒိယနေ ကျွန်ုပ်တို့ သိတန်ရာ၏။ ယခုချိန်ထိတော့ မတွေ့ရသေး။ မြန်မာပြည်ဖွား မင်းသမီးလေးတစ်ယောက်၏ ဘောလီးဝုဒ်ရုပ်ရှင်လောက၌ အောင်မြင်သည့် အချိန်ကို ကျွန်ုပ်တို့ စောင့်မျှော်နေပါမည်။ 

     ဤကဲ့သို့ နာမည်ကြီးသော ဘောလီးဝုဒ်ရုပ်ရှင်လောက၏ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ကမ်းလှမ်းခြင်းခံရပြီးနောက် မရိုက်လိုဟုဆိုကာ ငြင်းပယ်ခဲ့ကြသော မြန်မာမင်းသားများ အမှန်တကယ် ရှိနေပါသည်ဟု ဆိုလျှင် အံ့သြကြပေလိမ့်မည်။ အမှန်တကယ်ပင် ရှိနေပါသည်။ သူတို့ကား အခြားနာမည်ကြီး မြန်မာသရုပ်ဆောင်များ တော့ မဟုတ်ကြ။ ပုနေးတက္ကသိုလ်ရောက် မြန်မာပညာသင် ရဟန်းတော်တို့ပင် ဖြစ်သည်။

    ပုနေးမြို့သည့် ဘောလီးဝုဒ်နှင့် မနီးမဝေးတွင် တည်ရှိသော မြို့ဖြစ်သည်။ ဘောလီးဝုဒ်ဒါရိုက်တာများကား သူ့စရိုက်နှင့် သူ့ဇာတ်ကောင် ပီပြင်မှ ကြိုက်သည်။ ဇာတ်ကားတိုင်း၏ ဇာတ်ကောင်နေရာတို့တွင် ဇာတ်ကောင်အတုကို မလွဲသာမှ သုံးကြသော်လည်း ဇာတ်ကောင်အစစ်တို့ဖြင့်သာ ရိုက်ကူးလိုကြသည်။ ဇာတ်ကားတို့သည် အချစ် အလွမ်း အကြမ်း စသည် ဒရမ်မာ မျိုးစုံကို ဖန်တီးကြသဖြင့် အချို့ဇာတ်ကားတို့တွင် ဘုန်းကြီး ဇာတ်ဝင်ခန်းများ ပါလာလေ၏။ မြန်မာရုပ်ရှင်တွင် ယင်းသို့ပါလာပါက လွန်စွာ လွယ်ကူပေသည်၊ ဘုန်းကြီးရုပ်ပေါက်နေသူကို ကတုံးတုန်း သင်္ကန်းပတ်ပြီး ရိုက်ကူး လိုက်လျှင် ဇာတ်ကားဖြစ်ပြီ၊ ဘောလီးဝုဒ်ဒါရိုက်တာများကား ထိုသို့မဟုတ်ကြ၊ အစစ်ဆို အစစ်နှင့်မှ ရိုက်ချင်ကြသည်။ ထို့ကြောင့် အစစ်မြန်မာဘုန်းကြီးများရှိရာ ပုနေးတက္ကသိုလ် သို့ လှမ်းလာကြပြီ။

       ခက်တော့ ခက်ပြီ။ မြန်မာဘုန်းကြီးများအတွက် တကယ့်ကို အခက်ဖြစ်သည်။ ငြင်းသည်။ အနုပညာကြေးနည်း၍ ဈေးကိုင်ခြင်းမဟုတ်၊ တကယ့်ကို မရိုက်ချင်၍ ငြင်းပယ်ခြင်းဖြစ်သည်။ သူတို့အတွက် ပုနေးရောက်လာခြင်းသည် ရုပ်ရှင်ရိုက်ဖို့ ရောက်လာခြင်းမဟုတ်၊ ပညာသင်ယူရန် လာခဲ့ခြင်း ဖြစ်သည်။ ဒါရိုက်တာများကား ငြင်းသော်လည်း မရ၊ ဇွဲကောင်းသည်၊ ခဏခဏ လာသည်။ ကမ်းလှမ်းသည်၊ မေတ္တာရပ်ခံသည်။ ဘန္တေကြီး- (၁၅) မိနစ်စာလေး ရိုက်ပေးရမှာပါ၊ မငြင်းပါနဲ့ဟု အတင်းတောင်းဆိုနေတော့၏။ ရိုက်ရမည့် ဇာတ်ဝင်ခန်းကား တရုတ်တော်လှန်ရေး ဇာတ်ကား၊ တိဗက်ဘုန်းကြီးနေရာ သရုပ်ဆောင်ရမည်။ မဖြစ်၊ မဖြစ်ရေးချ မဖြစ်၊ လက်မလျှော့သော ဒါရိုက်တာတို့ အဆောင်လာကြလျှင် ရှောင်ပုန်းရပြီ၊ နောက်တော့ ဒါရိုက်တာတို့ လက်လျှော့ကာ ပေါ်မလာကြတော့။ တော်ပေသေး၏။ ရိုက်ကူးပြီးလို့ အကယ်ဒမီတွေ ရသွားမှဖြင့် မြန်မာမီဒီယာလောက ဟိုးလေးတစ်ကျော်ကျော် ဖြစ်နေအုံးမည်။ 

    ယင်းနောက်ပိုင်း ဘောလီးဝုဒ်၏ ကမ်းလှမ်းခြင်း ရောက်မလာတော့သဖြင့် သရုပ်ဆောင်မလုပ်လိုသော မြန်မာရဟန်းတော်များအတွက် စိတ်အေးရတော့၏။ သက်ပြင်းမှ ခပ်ကျယ်ကျယ်မချရသေး ယခုနှစ် ဇာတ်ကားတစ်ကား ရိုက်ကူးရန်အတွက် မင်းသားတစ်လက် အလိုရှိနေပြန်သည်ဟူ၏။ မင်းသားလုပ်လိုလျှင် ဖောင်ဖြည့်ပြီး ဓာတ်ပုံနှင့် တကွ လျှောက်လွှာတင်လိုက်ရုံသာ။ အချိန်တန်လျှင် သူတို့လာပြီး ရိုက်ကွင်းဆီသို့ ခေါ်သွားလိမ့်မည်။ ယခုနှစ်တော့ ထူးထူးဆန်းဆန်း အကဲစမ်းလိုသော မောင်ရှင်ငယ်လေးတစ်ပါး ဖောင်ဖြည့်ကာ တင်လိုက်၏။ ဒီလောက် ရိုက်ချင်လှသော ဒါရိုက်တာတို့ကို အမြင်ကတ်ကတ်ဖြင့် စာရင်းပေးလိုက်ခြင်းဖြစ် ဟန်တူသည်။ လျှောက်လွှာတင်ပြီးနောက် မောင်ရှင်ငယ်လေးလည်း မိတ်ကပ်တစ်ပြင်ပြင်ဖြင့် လာခေါ်မည့်အချိန်ကို စောင့်နေ လိုက်၏။ သို့သော် ယခုချိန်ထိတော့ ဒါရိုက်တာများက ပေါ်မလာသေး။ မောင်ရှင်ငယ်လေး၏ ခန္ဓာကိုယ်က သေးသေးကွေးကွေးမို့ ဒါရိုက်တာများ နှစ်သစ်ဟန် မတူ၊ လုပ်သားမောင် အားဆေး စားကာ သရုပ်ဆောင် အားနိုး၊ ဒီလုံးတို့ကဲ့သို့ တော်လှန်းရေးသမားကြီး ရုပ်ပေါက်အောင် အားမွေးရအုံးမည်ထင်၏။ 

     ဤမျှသော တင်ပြမှုဖြင့် နာမည်ကြီးလှသော ဘောလီးဝုဒ်ရုပ်ရှင်လောကတွင် နာမည်ကြီးရခြင်း၏ အကြောင်းရင်းအမှန်တို့ကို မြင်သာနိုင်ပြီ ထင်ပါသည်။ တကယ်တော့ ဘ၀ကို ရထားပြီးသော လူတိုင်းအတွက် ကိုယ့်ဘ၀ဇာတ်လမ်းရှည်ကြီးကို နာရီ မိနစ် စက္ကန့် မလပ် ရိုက်ကူးနေကြပါသည်။ ကိုယ့်ဘ၀ဇာတ်လမ်းအတွက် ကိုယ့်သာလျှင် ဇာတ်ညွှန်းရေးဆရာ၊ ကိုယ်သာလျှင် ဒါရိုက်တာ၊ ကိုယ်သာလျှင် သရုပ်ဆောင်ဖြစ်သည်။ ကိုယ့်၏စိတ်ဓာတ်ကို မပြုပြင်ဘဲ စိတ်နောက်လိုက်ကာ သရုပ်ဆောင်မှု ညံ့ဖျင်းပါက ကိုယ့်ဘ၀ဇာတ်လမ်း ညံ့သွားမည်သာ ဖြစ်သည်။ ကိုယ့်ဘ၀ဇာတ်လမ်းနှင့် ကိုယ့်သမိုင်းလည်း ရိုင်းခဲ့မည်သာဖြစ်၏။ 

     ကိုယ့်ဘ၀ကိုယ် ကျေနပ်သော အများချီးမွမ်း နှစ်သစ်သော ဇာတ်လမ်းကောင်းလေး တစ်ခု ကျန်ခဲ့စေလိုပါလျှင် ကိုယ့်သန္တာန်၌ အမြဲသောင်းကျန်းနေသော ကိလေညစ်ကြေးတို့ကို အမြဲပင် ကြိုးစားကာ စောင့်ထိန်းကြရပေမည်။ ထိုသို့စောင့်ထိန်းနေပါက သင်သည်လည်း အများတကာ၏ ချီးမွမ်းခြင်းကို ခံရသော သရုပ်ဆောင်တစ်ယောက် ဖြစ်မည်မှာ အမှန်ပင် ဖြစ်ပေတော့သည်။ သရုပ်ဆောင်ကောင်းများ ဖြစ်နိုင်ကြပါစေ…။

 မေတ္တာဖြင့်
 သိမ်မွေ့ဦး (BHU)
 (28-06-13)

No comments:

Post a Comment