တစ်နေ့ ရတနာဂီရိမြို့၏ နံနက် မိုးသောက် အလင်းရောက်ခါစ အချိန်၊ ထိုမြို့သို့ ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦး ရောက်လာခဲ့သည်။ ထိုပုဂ္ဂိုလ်၏ ဥပဓိမှာ အသားအရောင် ဖြူဖြူသွယ်သွယ် အရပ် မပုမမြင့် ဖြစ်ပြီး မျက်မှန်တစ်လက်ကို တပ်ဆင်ထား၏၊ အများတကာ စိတ်ဝင်စားစရာ ကောင်းသည့် ထိုပုဂ္ဂိုလ်၏ ထူးခြားချက်မှာ အညိုရောင် ၀တ်ရုံကြီး တစ်စုံကို လွှမ်းခြုံထားခြင်းပင် ဖြစ်သည်။
မြို့လယ် လမ်းတစ်လျှောက် တစ်ရွှေ့ရွှေ့ လျှောက်လှမ်းလာသော ထိုပုဂ္ဂိုလ်ကို လမ်းဘေးဝဲယာ တစ်လျှောက် မြို့နေလူများက လူထူး လူဆန်းကြီးသဖွယ် ၀ိုင်းဝန်းကာ ကြည့်ရှု့ကြသည်။ တချို့သော သူများက လားမားကြီး ဟု မှတ်ချက်ပေးကြသည်၊ တချို့က ချိုင်းနား ဟုတစ်ဖုံ၊ တချို့က ဂျပန်ဟု တစ်သွယ် ရေရွှက်ကြသည်။ အားလုံး၏ ကောက်ချက်ချသံများ ကြားတွင် ထိုပုဂ္ဂိုလ်ကြီး ကား ပြုံးစိစိဖြင့် ပြန်ကြည့်ကာ နှုတ်ဆက်သည်။
ထိုပုဂ္ဂိုလ်ကား သူတို့ထင်နေကြသကဲ့သို့ လူထူးလူဆန်းကြီး တစ်ယောက်မဟုတ်၊ မြင်ရခဲသဖြင့်သာ သူတို့အတွက် ထူးဆန်းနေကြခြင်း ဖြစ်သည်။ ထိုသူကား ရတနာဂီရိမြို့ရောက် မြန်မာရဟန်းတော် တစ်ပါးပင်ဖြစ်သည်။ ပင်လယ်ကမ်းခြေမြို့လေးဖြစ် သည့် ထိုမြို့သို့ ရဟန်းတော် အလည်ရောက်လာခဲ့သည်။ အိန္ဒိယ မြောက်ဖျားနေ ထိုရဟန်းတော်အတွက် တောင်ဖျားတွင် တည်ရှိသည့် ဝေးလံလှသော ထို့မြို့လေးသို့ ခဲရာခဲဆစ်ဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်သီပေါမင်း နေခဲ့သည့် မြို့ဟူသော အသိဖြင့် ထိုမြို့သို့ ထိုရဟန်းတော် လာရောက် လေ့လာခြင်းဖြစ်သည်။ သို့သော် ထိုရဟန်းတော်၏ စိတ်တွင် ထိုဘုရင်အား အားကျကြည်ညို လေးစားမိသည့်စိတ်ကား ရှိမနေခဲ့၊ ထိုဘုရင်၏ သမိုင်းကို ဖတ်ပြီး သူ၏လုပ်ရပ်တို့ကိုလည်း မနှစ်သစ် သဘောမကျခဲ့၊ အမိနိုင်ငံ၏ နောက်ဆုံးဘုရင်ဟူသော အသိဖြင့် ထိုဘုရင်အား ရဟန်းတော် မြတ်နိုး တန်ဖိုးထားမိသည်။ ထို့ကြောင့်လည်း ဤမြို့လေးသို့ ရဟန်းတော် အရောက်လာခဲ့၏။
ရောက်တုံးရောက်ခိုက် ပင်လယ်ပြင်ကို ကျော်ဖြတ်တိုက်ခတ်လာသော လေအေးတို့ကို အ၀ရှုရင်း လမ်းလျှောက်ရသည်ကို ရဟန်းတော် ကျေနပ်မိသည်။ လူဦးရေ ခုနှစ်သောင်းခြောက်ထောင် ကျော်မျှသာ နေထိုင်သည့် ထို့မြို့လေးသည် ထင်တာထက် ပို၍ သန့်ရှင်းနေသည်။ ထို့ကြောင့် တစ်စိမ်းတစ်ရံမြို့ ဟူသော အသိကို မေ့လျှော့ကာ သူ ကျေနပ်စွာ လမ်းလျှောက်ဖြစ်သည်။ လမ်းတစ်သွယ်ပြီး တစ်သွယ်၊ ရပ်ကွက်တစ်ခုပြီး တစ်ခုကို ဖြတ်ကြော်ပြီးနောက် ခေါင်းဆောင်း အဖြူတို့ကို ဆောင်းထားကြသော လူဦးရေ များသည့် ရပ်ကွက်သို့ ရဟန်းတော် ရောက်သွားခဲ့သည်။ သူ၏စိတ်တွင် အန္တရာယ် အငွေ့အသက်လို ခံစားရပြီ။ ပတ်ဝန်းကျင်၏ စူးစမ်းသော အကြည့်အောက်တွင် အနည်းငယ်တော့ ကျောချမ်းလာသည်။ ဆင်ခြင်မဲ့ စွန့်စားမှုမျိုး ဖြစ်နေပြီလား၊ ဒီအတိုင်း ရှေ့ဆက်လို့ မဖြစ်တော့၊ တစ်ပါးတည်းဖြစ်သည့် သူ့အတွက် မမြင်ရသော အန္တရာယ်တို့ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သီပေါမင်းနန်းတော်နှင့် အနီးဆုံးဟိုတယ်ပို့ပေးရန် ပြောပြီး အငှားကားတစ်စီးကို ငှားရမ်းလိုက်၏။ ကားသမား၏ စေတနာဖြင့် ပို့ဆောင်မှုကြောင့် နန်းတော်ရာနှင့် အနီးဆုံး ဟိုတယ် သို့ သူရောက်ခဲ့သည်။ ဟိုတယ်ရောက်မှ စိတ်ချလက်ချ အနားယူပြီး ပင်ပန်းမှုတို့ကို ဖြေလျှော့လိုက်၏။
အပန်းဖြေပြီးနောက် သီပေါမင်းနန်းတော်ရာ ဘက်ကို ရဟန်းတော် သွားရောက်ခဲ့သည်၊ သူ တည်းခိုသည့် ဟိုတယ်နှင့် နန်းတော်ရာတို့ သိပ်မဝေးလှ၊ ငါးမိနစ်ခန့်မျှ လမ်းလျှောက်လျှင် ရောက်ပြီ။ သူ့ဝသီအတိုင်း ပတ်ဝန်းကျင်အလှတို့ကို လေ့လာကာ လမ်းလျှောက်ဖြစ်သည်။ ထိုအချိန် သူ့နောက်မှ ဆိုက်ကယ်တစ်စီး အမြန်လိုက်လာကာ အနီးတွင် ကပ်ရပ်လိုက်၏။ သူလမ်းပိတ်နေသဖြင့် ရပ်နေသည်ထင်ကာ လမ်းရှောင်ပေးလိုက်သည်။ ထိုသို့မဟုတ်၊ ဆိုင်ကယ်ပေါ်မှ လူက ပြုံ့းရွှင်သော မျက်နှာဖြင့် ရဟန်းတော်ကို နှုတ်ဆက်လာ၏။
“ ၀န္ဒာမိ ဘန္တေ” တဲ့။
ရဟန်းတော် သိလိုက်ပြီ။ ဒီလူ ဗုဒ္ဓဘာသာ အမျိုးသားတစ်ဦး၊ ဟိန္ဒီဘာသာဖြင့် ထိုလူက ရဟန်းတော်ကို စကားများစွာ ပြောသည်။ ရဟန်းတော်ကလည်း ထိုလူကို အင်္ဂလိပ် ဘာသာဖြင့် ပြန်ပြောသည်။ အင်္ဂလိပ်ဘာသာ မတတ်သော ထိုလူနှင့် ဟိန္ဒီဘာသာ မတတ်သော ရဟန်းတော်တို့ နှစ်ဦး အတိုင်အဖောက် မညီလှ၊ ဟိန္ဒီဘာသာကို ထမင်းစား ရေသောက်မျှသာတတ်သော ရဟန်းတော်အဖို့ ထိုလူပြောပြ သမျှကို နားလည်အောင် ကြိုးစားကာ နားထောင်ရသည်။ ထိုလူက “ ဘန္တေ- ဒီနေရာမှာ ခဏစောင့်ပါ၊ သူ အိမ်ပြန်ပြီး ကားသွားယူမယ်၊ ဘန္တေကို လိုက်ပို့ချင်လို့ပါ၊ အလွန်ဆုံး ငါးမိနစ်လောက်ပဲ ကြာမှာပါ” ဟု ဖိတ်မံနေခြင်းဖြစ်၏။
ရဟန်းတော် အံ့သြရပြီ၊ အိန္ဒိယနိုင်ငံသားတစ်ဦး၏ စေတနာဖြင့် ယင်းကဲ့သို့ ဖိတ်မံခြင်းကို ရဟန်းတော် တစ်ခါမှ မကြုံဘူးခဲ့။ အားနာစွာဖြင့် ရဟန်းတော် ငြင်းပယ်လိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ နီးနီးလေးမို့ ကိစ္စမရှိပါဘူး၊ ခဏလျှောက်ရင် ရောက်ပါပြီ၊ လုပ်စရာ ဆက်လုပ်ပါ” ဟု ပြောကာ နန်းတော်ရာနေရာသို့ ဆက်လျှောက်ခဲ့သည်။
ရဟန်းတော် နန်းတော်ရာအနီးသို့ ရောက်ခါနီးတွင် နောက်မှ ကားတစ်စီး ဆိုက်ရောက်လာသည်။ ခုနက ရဟန်းတော်တွေ့ခဲ့သော ဆိုင်ကယ်ဆရာတော့ မဟုတ်၊ ယခုကားဆရာကတော့ အင်္ဂလိပ်စာကို ရည်ရည်မွန်မွန်ဖြင့် ကျွမ်းကျင်စွာ ပြောတတ်သည်။ ဘန္တေ- ကားပေါ်တက်ပါဟု ဖိတ်မံပြီး သီပေါမင်း နန်းတော်ရာ နေရာကို လိုက်ပို့လေ၏။ ထိုလူ၏ လိုက်ပါပို့ဆောင်ပေးမှုကြောင့် နန်းတော်ရာပြတိုက်ရှိ တာဝန်ရှိပုဂ္ဂိုလ်များ ကြိုဆိုကြကာ အထူးဧည့်သည်တော်အဖြစ် နန်းတော်ရာ အတွင်းကို သေချာစွာ လေ့ လာနိုင်လေ၏။ ဓာတ်ပုံရိုက်ခွင့်မပေးသောနေရာ တွင်လည်း ရဟန်းတော်အား ဓာတ်ပုံ ရိုက်ရန် ခွင့်ပေးလေ၏။ ရဟန်းတော် သိချင် လေ့လာချင်သောအရာတို့ကို သိခွင့်ရခဲ့သဖြင့် ထိုလူအား ရဟန်းတော်ကျေးဇူးတင်မိလေ၏။
ပြတိုက်အတွင်း လေ့လာပြီးနောက် ထိုသူ၏အိမ်သို့ ရဟန်းတော်အား ပင့်ဖိတ်သွားခဲ့၏။ အိမ်ဝင်တံခါးပေါက်တွင် ထိုသူ၏မိသားစုတို့က ရဟန်းတော်၏ ခြေထောက်ကို ရေဆေးပေးပြီး နှဖူးဖြင့် ဦးတိုက်ကာ ကြိုဆိုကြသည်။ အိမ်အတွင်းရှိ ဘုရားစဉ်တွင်လည်း ဘုရားပုံ၊ ဒေါက်တာအမ်ဘေဒကာ ပုံတို့ကို ကိုးကွယ်ထားသည်။ ထိုသူက သူ့အမည်မှာ MR. PRASHANT ဖြစ်ကြောင်း၊ ကိုယ်ပိုင်ကျောင်းဖွင့်ကာ စာပြနေသည့် ကျောင်းဆရာ ဖြစ်ကြောင်း၊ သူ့သူငယ်ချင်းဆိုင်ကယ်ဆရာ ပြော၍ အရှင်ဘုရား ရောက်လာခြင်းကို သိရကြောင်း ပြောကြားကာ မိသားစု အားလုံးနှင့် မိတ်ဆက်ပေးလေ၏။ အချိုရည်၊ န၀ကမ္မ ရှုပီး (၁၅၀)တို့ကို ရဟန်းတော်အား လှူဒါန်းပြီးနောက် ရဟန်းတော်က ပရိတ်တော်ကို ပြန်လည် ရွက်ဖတ်ပေးသည်။
မစ္စတာ ပရာရှန့်က သူ့၏အိမ်သို့ ကြွရောက်ချီးမြှင့်ပေးသည့်အတွက် ၀မ်းမြောက်မိကြောင်း၊ အရင်က အိန္ဒိယဘုန်းကြီးတစ်ပါးသာ သူ၏အိမ်သို့ ကြွရောက်ဘူး၍ ဘန္တေက နှစ်ပါးမြောက် ဖြစ်သည်ဟု ကျေနပ်စွာ ရဟန်းတော်အား လျှောက်ကြားလေ၏။
သူ၏အိမ်မှ တဆင့် ဒေါက်တာအမ်ဘေဒကာလမ်း၊ ရတနာဂီရိမြို့ရှိ ဗုဒ္ဓဘာသာဝင်များ စုပေါင်း ၀တ်ပြုရာ မြို့လည် ဘုရားတို့သို့ ရဟန်းတော်အား လိုက်ပို့လေ၏။ ပီတိတို့ဖြင့် ကျေနပ် ပျော်ရွှင်နေသော မစ္စတာပရာရှန့်က ရဟန်းတော်ကို တစ်မြို့လုံးရှိ နာမည်ကြီးနေရာတို့ကို သူ့ကားဖြင့် လိုက်ပို့ကာ ကုသိုလ်ယူချင်သေးသည်။ သို့သော် ရဟန်းတော်အတွက် အနားယူဖို့ အချိန်လိုအပ်သေးသည်။ ညလည်း ရထားဖြင့် ခရီးဆက်ရအုံးမည်မို့ မသွားလိုတော့၊ ရောက်ချင်သည့် သီပေါမင်းနန်းတော်၊ ဂူ၊ ပင်လယ်ကမ်းခြေတို့ကို ရောက် ခဲ့ပြီးဖြစ်သည့်အတွက် ရဟန်းတော်ကျေနပ်ခဲ့ပြီ။ ထို့ကြောင့် တည်းခိုသည့် ဟိုတယ်ပြန်ကာသာ အနားယူလေ၏။
ညရထားက ၉-နာရီခွဲ စီးရမည်မို့ ည၈-နာရီကျော်လောက်တွင် ဟိုတယ်မှ ထွတ်ခွါရန် ရဟန်းတော် စိတ်ကူးခဲ့သည်။ ပေါ့ပေါ့ပါးပါးဖြင့် သုံးဘီးကားလေးတစ်စီး ငှားကာ သွားရန် ပြင်ဆင်သည်၊ ထို ၈-နာရီအချိန်တွင် ရဟန်းတော်နှင့် တွေ့ဆုံရန်အတွက် ဟိုတယ်သို့ မစ္စတာပရာရှန့်နှင့်တကွ လူရှစ်ယောက်တို့ ရောက်လာကြသည်။ ဟိုတယ် ဧည့်ခန်းမတွင် တွေ့ဆုံကြကာ သူတို့မိတ်ဆက်ပေးသဖြင့် ရတနာဂီရိမြို့၊ ဗုဒ္ဓဘာသာအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင် အဖွဲ့ဝင် လူကြီးများဟု သိရလေသည်။ ကိုယ်ပိုင် စီးပွားရေးတို့ဖြင့် အသက်မွေးနေသူများဟုလည်း လျှောက်ထားလေ၏။ ဦးစွာ ရဟန်းတော်ကို ပန်းစီး ဆက်ကပ်ပြီး န၀ကမ္မငွေ ရှုပီးငါးရာကို လှူဒါန်းသည်။ ရဟန်းတော်ကလည်း ပရိတ်၊ မေတ္တာတို့ကို ရွက်ဖတ်ပို့သပေးကာ တရားအနည်းငယ် ဟော ကြားပေးသည်။
ထို့နောက် အသင်း၏ ဥက္ကဋ္ဌဆိုသူက “ဘန္တေ- တပည့်တော်တို့ ဒီမြို့က ဗုဒ္ဓသာသာတွေမှာ ဘန္တေတို့ရဲ့ အကူညီတွေ များစွာ လိုအပ်နေပါတယ်၊ ခု ဒီမြို့မှာ ဗုဒ္ဓသာသာဝင် နှစ်သောင်းခွဲလောက် ရှိပါပြီ။ ကျောင်းဆောက်ဖို့အတွက် မြေ ၁၅-ဧကကျော် ၀ယ်ပြီးပါပြီ၊ ကျောင်းတွေ ဆောက်ပြီး ဘာသာရေးကိစ္စ၊ စာသင်ပေးတဲ့ကိစ္စတွေရော တွဲဖက်ပြီး လုပ်ပါမယ်၊ အစီအစဉ်တွေကို အကောင်အထည် ဖော်တဲ့အခါ ဘန္တေကလဲ ကူညီပေးပါအုံး”ဟု လျှောက်ထားလေ၏၊ ရဟန်းတော် အံ့သြရပြီ၊ မထင်မှတ်ခဲ့၊ ရတနာဂီရိလို မြို့လေးမှာ ဗုဒ္ဓဘာသာဝင်တွေ ဒီလောက်များပြီး ဘာသာရေး စိတ်ဓာတ်တွေ ဒီလောက် တက်ကြွနေလိမ့်မည်ဟု ရဟန်းတော် တစ်ခါမှ မတွေးဘူးခဲ့။ ခုတော့ အံ့သြ၀မ်းသာဖြစ်ခဲ့ရပြီ။
ရဟန်းတော်အနေဖြင့် လိုအပ်သော အကြံဥာဏ်များ ပေးပါမည်၊ အကောင်းဆုံး ကြိုးစားကာ ကူညီပေးပါမည်ဟု ဖြေခဲ့ရသည်။ တကယ်တော့ အာလူးနှင့်ပူရီစားကာ သာသနာပြုရမည့် ဝေးလံလှသည့် ဤလိုနေရာမျိုးတွင် ရဟန်းတော် မနေနိုင်သေးပါ၊ ခဏနေရန် ဖြစ်နိုင်သော်လည်း ရေရှည်နေဖို့မှာ စဉ်းစားလို့ပင် မရသေး။ သာသနာပြု ပုဂ္ဂိုလ်ကို မျှော်လင့်နေကြသည့် သူတို့၏ စိတ်ဓာတ်တို့ကား တက်ကြွလျှက် ရှိနေကြသည်။
တွေ့ဆုံပြီးနောက် ဆိုက်ကယ်၊ ကားတို့ဖြင့် ရဟန်းတော်ကို ဘူတာသို့ လိုက်ပို့ကြသည်။ မြန်မာနိုင်ငံမှာ ခရီးသွားရသကဲ့သို့ လက်ဆွဲအိပ်သယ်ဆောင်ပေးသူ၊ လိုက်ပို့သူကပ္ပိယတို့ဖြင့် အိန္ဒိယ၌ ခရီးသွားဘူး သည်မှာ ရဟန်းတော်အတွက် ဒါ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ ပန်းသီး၊သစ်သီး၊ရေဗူးတို့ကို ၀ယ်ပြီး ရဟန်းတော်အိပ်ထဲ ထည့်လှူကြသည်။ ရထားအပေါ် အရောက် လိုက်ပို့ကြကာ ဦးတင်ကြသည်။ ရထားကြီး ထွတ်ခွါမှ လက်ပြကာ ကျန်ရစ်ကြသည်။
ရထားကြီးပေါ်တွင် လိုက်ပါကာ ခရီးဆက်ရသည့် ရဟန်းတော်အတွက် ၀မ်းနဲသလိုလိုတော့ ဖြစ်ခဲ့ရသည်။ မထင်မှတ်ထားသည့် နေရာတွင် မထင်မှတ်ထားသော ဗုဒ္ဓဘာသာတို့ကို တွေ့ခဲ့ရသည်။ သူတို့ကား ပဲ့ကိုင်ရှင်ကို မျှော်လင့်နေကြသည်။ သာသနာပြုပုဂ္ဂိုလ်ကို တောင့်တနေကြသည်။ ရတနာရှားပါးသည့်နေရာတွင် ရတနာကို ရှာဖွေနေကြသည်။ ရတနာကို မြတ်နိုးကြသည်။ သူတို့မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော်လည်း ဘုန်းကြီး တစ်ပါးကိုပင် ဖူးမြှင်ခွင့်ရရန် ခက်ခဲလှသည်။ သံဃာရတနာကို ဖူးခွင့်ရရန်ကား ပို၍ပင် ခက်ခဲနေပေ၏။
ရဟန်းတော်၏ အတွေးတို့သည်ကား အမိနိုင်ငံကို ရောက်သွားပြန်၏။ အမိနိုင်ငံတွင် ဗုဒ္ဓဘာသာ၏ စည်ပင်မှု၊ အားကောင်းမှုတို့ကြောင့် နေရာတိုင်းတွင် ရဟန်းသံဃာကို ဖူးမြှင်နိုင်ကြသည်။ မည်သည့်နေရာမဆို သာရေး၊နာရေးကိစ္စများအတွက် အလှူအတန်း လုပ်ရန်၊ သီလယူရန်အလို့ငှာ ရဟန်းသံဃာအား ပင့်ဖိတ်ရန် မခက်ခဲပေ။ မြတ်ဗုဒ္ဓသာသနာ စည်ပင်ခိုက်မို့ လွယ်ကူလှပေ၏။
သို့သော်လည်း ပေါများခိုက်မို့ အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် တန်ဖိုးမသိကြ၊ ရတနာကို ပိုင်ဆိုင်ထားကြသော ဘ၀များအဖြစ် မိမိတို့ကိုယ်ကို ဂုဏ်မယူနိုင်ကြ၊ ယခုဆိုလျှင် ဘာသာရေးဓာတ်ခံ အားနဲကြသော အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် သာသနာတော်ကို ယုတ်မာစွာ ပေါ်တင် စော် ကားနေကြပြီ။ ကံကောင်းထောက်မ၍ သာသနာနှင့်နီးနေသော်လည်း ဓာတ်ခံမကောင်း သဖြင့် ဝေးနေကြပြီ။ လူ့ဘ၀ အရမတော်လေစွ။
ရဟန်းတော် မှတ်ခဲ့ဘူးသည်။ “ဘုန်းကံကြီးမားသော မြတ်စွာဘုရား၏ သာသနာတော်ကို ဘုန်းကံကြီးမားသော သူတို့သည်သာ မှီခိုခွင့် ရကြသည်”တဲ့၊ ဘယ်သူတွေ ဘုန်းကံကြီးမား၍ ဘယ်သူတွေ ဘုန်းကံမွဲကြသနည်း၊ ရတနာဂီရိမြို့သားများ သည် ကံကောင်းသော သူများလော.။ ဘုန်းကံကြီးမားသော သူများလော..။ လူထူးလူဆန်းကြီး ဖြစ်ခဲ့ရသည့် ရတနာဂီရိမြို့ရောက် ရဟန်းတစ်ပါး၏ စိတ်တွင် အတွေးများ အငွေ့ပျံ့လျက်….။
သိမ်မွေ့ဦး (BHU)
(26-06-13)
No comments:
Post a Comment