တောင်ကုန်းပေါ်က ဆင်းပြီး အမှတ်သုံးကားပေါ်တက်၊ ကားပေါ်ကဆင်းပြီး ပုတ်ရဟန်းမင်းကြီး၏ ရထားပေါ်တက်တော့လည်း အမှတ်သုံးတွဲမှာပဲ ဖြစ်လေသည်။ အပြန်မှာ ယှဉ်တွဲထိုင်လာသူကတော့ တရုပ်နိုင်ငံ၊ ရှောင်လင်ကျောင်းတိုက်က သိုင်းကစားတတ်သည့် တရုပ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးပင် ဖြစ်သည်။ အစီစီမြို့သို့ အသွားတုန်းက ရထားပေါ်မှာ ကွန်ဂိုဘုန်းတော်ကြီးနှင့် ကွန်ဂိုဘာသာရေးအကြောင်းတို့ကို ဆွေးနွေးမိကြသည်။ အစီစီမြို့မှ ရောမမြို့သို့ ပြန်သောအခါမှာတော့ တရုပ်ရှောင်လင်ဘုန်းကြီး မေးသမျှ မြန်မာ့ဘာသာရေးအကြောင်းတွေကို ပြောခဲ့ရလေသည်။
တွေးတောမိသည်မှာ တရုပ်ပြည်က ယန်စီမြစ်သည်လည်း ပင်လယ်သို့ ၀င်၏။ မြန်မာ့ ဧရာဝတီမြစ်သည်လည်း ပင်လယ်မှာပင် အဆုံးသတ်၏။ အိန္ဒိယနိုင်ငံက ဂင်္ဂါမြစ်သည်လည်း ပင်လယ်သို့ရောက်တော့ ပန်းဝင်သည် မဟုတ်လော့?. အီဂျစ်က နိုင်းမြစ်၊ ဥရောပက ရိုင်းမြစ်၊ မြောက်အမေရိကက မစ္စစပီမြစ်၊ တောင်အမေရိကက အမေဇုံတို့သည်လည်း ပင်လယ်သို့သာ ၀င်ကြလေကုန်၏။ အမည်တို့ကို ကုန်းပေါ်မှာ ထားခဲ့ကြလေသည်။ ပင်လယ်ထဲသို့ရောက် အမည်ပျောက်၍ ပေါင်းကြလေကုန်၏။
“Peace, Harmony, Co-Existence”, ဟူသည် အမည်အမျိုးမျိုးရှိသောမြစ်တို့ ပင်လယ်သို့ ၀င်ကြကုန်သည်နှင့် တူ၏။ အောက်တိုဘာလ နှစ်ဆယ့်ခုနှစ်ရက်နေ့ည ရှစ်နာရီခန့် ဘာတီကန် နန်းတော်သို့ ပြန်ရောက်၏။ မိုးတစ်ဖွဲဖွဲ ကျရောက်နေသည်။ မိုးရေမှုန်တို့ အောက်က ရွှေရောင်တောက်ပနေသော စိန့်ပီတာကျောင်းတော်ကြီး၏ အမိုးလုံးလုံးကို လျှစ်စစ်မီးမောင်းများ အားကောင်းစွာထိုးထားသဖြင့် ရှုမ၀နိုင်အောင် ကြည့်နူးရသည်။ မိုးဖွဲများ သဲလာသဖြင့် ရောမမြို့တော်၏ လမ်းတို့မှာ ငွေရောင်တောက်နေသည်။ ခပ်ဖြေးဖြေးမောင်းခဲ့ရသည့်အတွက် ညဆယ့်တစ်နာရီရောက်မှ ဟိုတယ်ပြန်ရောက်ကြလေသည်။ ဟိုတယ်ပြန်ရောက်တော့ တီဗွီ တယ်လီဗေးရှင်းမှ သတင်းများ ဖွင့်ကြည့်သည်။ ဘာသာပေါင်းစုံ အစည်းအဝေးမှ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို နောက်တစ်ကြိမ်ပြန်လွင့်တာ ကြည့်လိုက်ရသည်။ နှစ်ဆယ့်ရှစ်ရက် နံနက်ခင်းတွင် မနက်စာ စောစောစား၍ ပုတ်ရဟန်းမင်းကြီး၏ ရုံးချုပ်သို့ သွားကြရသည်။ အရေးကြီးသော နေရာတိုင်း၌ ၀ါ-စိမ်း-နီ အကွက်ဆင်းဖြင့် ချုပ်ထားသည့် ယူနီဖေါင်းကို ဆင်မြန်းထားသော ဆွစ်ဇာလန်လူမျိုး လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေ ကြသည်ကို တွေ့ရသည်။ အချို့က ဓာတ်ပုံတွဲရိုက်ကြသည်။ ပုတ်ရဟန်းမင်းကြီး၏ ရုံးချုပ်ခန်းမဆောင်ကြီး တစ်ခု၌ “VIP” သတ်မှတ်ထားသည့် ဘာသာရေးခေါင်းဆောင် နှစ်ရာ့ငါးဆယ်ခန့်ကို ပုတ်ရဟန်းမင်းကြီးကိုယ်တိုင် တစ်ယောက်ချင်း တစ်ယောက်ချင်း အသီးအသီး တွေ့ဆုံ၍ လက်ဆွဲနှုတ်ဆက်ကာ နှုတ်ဆက်စကား ပြောကြားသည်။ ဤနေရာမှာ ဘာသာရေးခေါင်းဆောင်တို့က လက်ဆောင်ပစ္စည်းအမျိုးမျိုး ပေးကမ်းကြသည်။ အရေးကြီးပုဂ္ဂိုလ်နှင့် အရေးမကြီးပုဂ္ဂိုလ်ကို လည်ပင်း၌ ချိတ်ဆွဲရသည့် မှတ်ပုံတင်ကဒ်ပြား၌ အရောင်ဖြင့် ခွဲထားသည်။ အနီရောင် မှတ်ပုံတင်ကဒ်ကို “VIP” ပေး၍ အပြာရောင်ကို ရိုးရိုးတက်ရောက်သူအား ပေးထားသည်။ ထို့နောက် ထိုခွဲထားချက်အတိုင်း ခန်းမဆောင်ကြီးတစ်ခု၌ အနီ-အပြာအမှတ်အသားဖြင့် အီတလီအရသာမျိုးစုံပါဝင်သည့် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံလေသည်။ နေ့လည်စာ စားပြီးသောအခါ ဘာတီကန်ကို ကြည့်ကြသည်။ စိန့်ပီတာကျောင်းတော်ကြီးကို လှည့်လည်ကြည့်ရှုကြသည်။ မြန်မာ Mission” နှင့် ထိုင်း “Mission” ကို ထိုင်းလူမျိုးဘစ်ရှော့အဆင့်ရှိ ရိုမာန်ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး “Andrew” က လိုက်လံရှင်းလင်းပြသ ဟောပြောသည်။ ဘာတီကန်ရုံးအဖွဲ့က စီမံထားသော ဓာတ်ပုံဆရာ၏ ရိုက်ကွက်စီဒီ ဓာတ်ပြားများကို ဘာတီကန်မြို့တော်အတွင်း စိန့်ပီတာကျောင်းပေါက်ဝက ဓာတ်ပုံဆိုင်တစ်မှာ အကြောင်းသိသော အဖွဲ့ဝင်ကိုယ်စားလှယ်တော်တို့က တိုးလျှိုး၍ ကူးယူခဲ့ကြသည်။
နှစ်ဆယ့်ရှစ်နေ့ ညနေခင်းနှင့် ညဥ့်ဦးယာမ် ရောမမြို့အလှအပကို အနည်းငယ်မျှ ကြည့်ရှုခဲ့ကြပြီး ဟိုတယ်ပြန်၍ ပစ္စည်းသိမ်းရသည်။ နှစ်ဆယ့်ကိုးရက်နေ့ နံနက်ခင်း ဟိုတယ်မှထွက်၍ ရောမလေဆိပ်သို့ သွားကြရသည်။ မြန်မာသံရုံးက ကပ်သော မြန်မာထမင်းဟင်းအရသာကို မြိန်ယှက်စွာစားသုံးကြပြီး အီတလီလေကြောင်းဖြင့် ရောမမြို့မှ မီလန်မြို့သို့ ခရီးဆက်ခဲ့ကြသည်။ ထိုင်းလေယာဉ်ပျံ သည် ရောမတစ်လှည့် မီလန်တစ်လှည့် အဆင်းအတက်ပြုလုပ်သည်ဖြစ်ခြင်းကြောင့် အပြန်တွင် ရောမရက်နှင့် မကြုံဘဲ မီလန်ရက်နှင့် ကြုံနေခြင်း ဖြစ်သည်။ မီလန်သို့ရောက်တော့ ထိုင်းလေယာဉ်ပျံကောင်တာသို့ဝင်၍ ချက်ကင်လုပ်ပါသည်။ လေယာဉ်ပျံအင်ဂျင်စက်ထဲ ငှက်တွေ ၀င်သွား၍ လေယာဉ်ပျံ မတက်နိုင်တော့ပါဟု ထိုင်းလေယာဉ်ဝန်ထမ်းများက ဆိုကြသည်။ မိမိစုထားသည့် ထိုင်းလေယာဉ်ပျံ ပျံသန်းထားသည့် မိုင်ပေါင်းရှစ်သောင်းခန့်တို့ ကိန်းအောင်းနေသော ပလက်တီနန်ကဒ်ကို ပြလိုက်တော့ မီလန်မြို့လေဆိပ်က ထိုင်းလေကြောင်းအမှုထမ်းတို့သည် ချက်ချင်းခရီးဆက်နိုင်အောင် စီမံပေးကြသည်။ အီတလီနိုင်ငံ၊ မီလန်မြို့မှ ဂျာမဏီလေယာဉ်ပျံသို့ တင်ပေးလိုက်သည်။ မီလန်မှ ဂျာမဏီနိုင်ငံ၊ ဖရန့်ဖတ်မြို့သို့ ဂျာမန်လေကြောင်းဖြင့် ညရစ်နာရီမှာ ရောက်ကြသည်။ ဖရန့်ဖတ်လေကြောင်းရှိ ထိုင်းလေကြောင်းဝန်ထမ်း တို့က လေဆိပ်ထဲမှာစီးသော ဘက္ထရီဖြင့်မောင်းသော ကားကလေးဖြင့် ထိုင်းလေယာဉ်ပျံဆိုက်ထားသော ဂိတ်အရောက်ပို့ပေးကြသည်။ အကောက်ခွန်နှင့် လူဝန်မှုကြီးကြပ်ရေး လုံခြုံရေးတို့ကို အစစ်အဆေးခံယူခြင်း၊ ဖြတ်သန်းခြင်းတို့၌ ဘက္ထရီကားကလေးကိုမောင်းသောဂျာမန်လူမျိုး ယာဉ်မောင်းအမျိုးသမီးကြီးက ဆောင်ရွက်ပေးသဖြင့် ကားပေါ်က မဆင်းလိုက်ရဘဲ အဆင့်ဆင့်ဖြတ်သန်း၍ လေယာဉ်ပျံ တံခါးပေါက်သို့ ရောက်သွားသည်။ နောက်ဆုံးခရီးသုံးယောက် သီတဂူဆရာတော်၊ အတွင်းရေးမှူးသုံး ဦးဝင်းအောင်နှင့် ဖာသာတင်ဝင်းတို့ သက်ပြင်း ဟင်းကနဲချ လေယာဉ်ပျံထိုင်ခုံပေါ် ထိုင်ချလိုက်ကြသည်။ အချင်းချင်းကြည့်၍ ပြုံးနေကြသည်။ ကမ္ဘာ့အ၀ှမ်း ငြိမ်းချမ်းပါစေ! သတ္တလောကတစ်ခုလုံး ကြိမ်မီးအုံးသလို ဖြစ်ခြင်းမှ လွတ်မြောက်ကြပါစေ!.
သီတဂူစန်းလ ပမာ ချမ်းမြသာယာ ရှိကြပါစေ! ဟု အားလုံး ဆုတောင်းကြပါသည်။ ထိုင်း၊ အီတလီ၊ ဂျာမဏီတို့ကို ဖြတ်သန်းခဲ့ရသော ပုတ်ရဟန်းမင်းကြီး စီမံသည့် ငြိမ်းချမ်းရေး ခရီးမှ ပြန်လာပြီးနောက်၊ အောက်တိုဘာလ သုံးဆယ်ရက်နေ့မှာတော့ မြစ်ကြီးနား၊ ပူတာအို စက္ခုဒါနခရီးကို ဆက်ကြရလေသည်။ ရပ်နေသော ရေသည် ညစ်၏၊ မပြတ်စီးနေသော ရေသည် သန့်ရှင်း၏။
မှတ်ချက်/ ပုတ်ရဟန်းမင်းကြီး၏ ကမ္ဘာ့ငြိမ်းချမ်းရေး မိန့်ခွန်းကို သီးခြားဖေါ်ပြထားပါသည်။
(သီတဂူဆရာတော်)
မှတ်တမ်းတင်သူ ရှင်သုခ (မင်းလှ)

No comments:
Post a Comment