ကိုယ့်ကိုယ်ကိုယ် ချိုင့်ဝှမ်းထဲမှာ ၀ှက်ပြီး
လူကြီးဖြစ်ရမှာ ရှက်နေတဲ့မြို့ …
ပုဝါတစ်တို့ ချွေးတစ်စို့နဲ့
အစဉ်အလာကြီးခဲ့တဲ့ သမိုင်းနဲ့
တောင်တွေ ပတ်လည် ၀ိုင်းနေတဲ့မြို့ကလေးပေါ့ …
လက်ဖက်ရည် ပေါ့ကျ
သဘာဝစစ်စစ် ကြံရည်ချိုနဲ့
နေညိုချိန်ဆို လေပျိုတတ်တဲ့
အကင်ဆိုင်တွေလည်းရှိရဲ့…
ဆေးရုံနဲ့ တက္ကသိုလ်နဲ့
ဗြူတီပါလာနဲ့ မြို့တော်ခန်းမနဲ့
နာမည်ကြီး ပုဂ္ဂလိကဘဏ်တွေနဲ့
လျှပ်စစ်မီးသာ မှန်မှန်လာမယ် ဆိုရင်တော့ တကယ့်နိဗ္ဗာန်ပဲ …
တစ်ခုပဲ …
လက်မခံချင်တဲ့ အမှန်တရားက
မြို့အထွက်က အကျဉ်းထောင် …
မြို့ကသေးသေး … ထောင်က ကြီးကြီး
အင်း …
ထောင်ထဲမှာရော မီးမှန်မှန်လာရဲ့လား …
ဆိုင်လား မဆိုင်လားတော့မသိ …
ဘာရယ်မဟုတ်ဘူး စဉ်းစားနေမိတယ် …
မြေသြဇာကောင်းသလို
ငွေသြဇာလည်းညောင်းတဲ့မြို့ …
ဆေးမှုန့်လေးတွေကို မီးနဲ့ရှို့ပြီး
ဘ၀ကို လေဟုန်စီးနေတဲ့ လူငယ်တွေ
ဒီမြို့မှာရော ဘာလို့ရှိနေရတာလဲ …
မြို့အစွန် နေကြာပန်းခင်းထဲ
ကောင်းသတင်းလေးတွေ မျိုးစေ့ကြဲဖို့
ဘ၀ကို သီချင်းလေး တညည်းညည်းနဲ့ ထွန်ယက်
သူတို့အတွက်တော့ ဂုဏ်ယူရတာပေါ့ …
အငန်နည်းနည်းလျှော့ထားတဲ့ ဆာဗူးသီးနဲ့
ပဲပင်ပေါက်တွေ တစ်ထွေးကြီးထည့်ထားတဲ့
ထူးထူးခြားခြား ကြက်သားဆန်ပြုတ်နဲ့ ...
မြို့လည်ကောင် တည့်တည့်မှာတော့
လေယာဉ်ပျံတွေ တက်လိုက်ဆင်းလိုက် …
ရေဆန်ကျွန်းကို ဦးခိုက်
ရွှေဘုံသာကို ဖူးဖို့ကြုံကြိုက်သလို
မဟာသန္တာရုံမှာလည်း ဆုံတုန်းဆုံခိုက် ကုသိုလ်ယူ …
ကလေးမြို့သူတွေ မနောကောင်းသလို
အပြောလေးတွေလည်း ကောင်းတာကိုတော့
ခေါင်းခါပြီး မငြင်းပါဘူး စိတ်ချ …
သိပ်လှတဲ့ သူတို့ရဲ့အပြုံးဟာ
တစ်မြို့လုံးကို ကိုယ်စားပြုနေသယောင် …
တောင်က ကန့်လန့် …
မြစ်က ပြောင်းပြန် …
လေသံက ၀ဲဝဲ …
ပြောလိုက်တဲ့ စကားထဲမှာ
ရင်ထဲက ရိုးသားမှုဟာ ဖုံးမနိုင်ဖိမရ …
ဝင်းလက်တောက်ပတဲ့ အပေါ်ယံပကာသနထက်
သဘာဝဆန်တဲ့ အလှအပတွေကြား
ရှိပြီးသား သဒ္ဓါတရားအလင်းတွေအောက်
မြို့ကလေးဟာ ကိုယ်ယောင်ဖျောက်နေသလား
ဟင့်အင်း …
မလာချင်ရင် ခရီးဝေး
လာချင်ရင်တော့ အနီးလေးပါ …
သူ့တံခါးဟာ အချိန်မရွေးဖွင့်လျှက် …
သူကမ်းထားတဲ့ လက်ဟာ အမြဲတမ်းနွေးထွေး …
သူဟာ ကလေးဆိုပေမယ့်
ဘာမှမသိတဲ့ ပိစိကွေးလေးတော့ မဟုတ် …
သူ့အလုပ် သူကျေပွန်အောင်လုပ်ပြီး
အဝေးကြီးက မွေးချင်းမောင်နှမတွေကို
တောင်တွေကြားက ချောင်းကြည့်နေတော့တယ် …
…………………………………………………………….
စိုးသူရ
(၂၀-၄-၂၀၁၃)
ကလေးမြို့အလည်ခရီးတစ်ခေါက်အမှတ်တရ
No comments:
Post a Comment