29/01/2013

ရင်ထဲက အတိတ်..။

           “ကိုရင် နာမည်ကို နိပုဏ လို့ မှတ်ထား။ မှတ်မိလား ကိုရင်။ နိပုဏ ဆိုတာ သိမ်မွေ့တယ် လို့ အဓိပ္ပါယ်ရတယ်။ တစ်ခြား ပညာရှိ၊ နိဗ္ဗာန် ဆိုတဲ့ အနက်တွေလဲ ရှိသေးတယ်ကွဲ့။ ဒါပေမယ့် ကိုရင်ရဲ့ နေပုံ ထိုင်ပုံက သိမ်သိမ်မွေ့မွေ့ရှိတော့ နိပုဏလို မှည့်ပေးတာ။”

            ငယ်စဉ် ၁၁ -နှစ် အရွယ် သင်္ကန်းစစည်းစဉ်က ဆရာ ဘုန်းတော်ကြီး ဘွဲ့နာမည်ပေးခဲ့သော ရက်ကလေးကို ပြန်လည်၍ သတိရမိပေသည်။ မိမိတို့၏ ရွာဓလေ့မှာ သင်္ကန်းခဏ၀တ်သော ကိုရင်များကို ဘွဲ့နာမည်ပေးလေ့ မရှိပေ။ ၀ါဆိုသော ကိုရင်များကိုသာ ၀ါဆိုလပြည့်နေ့ည၌ ဆရာဘုန်းတော်ကြီးက သြ၀ါဒ ပေးပြီး အသီးသီး၏ ဘွဲ့နာမည်တို့ကို ချီးမြှင့်လေ့ရှိသည်။

26/01/2013

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက်..

ဟိုး ခပ်ဝေးဝေး
 ကြီးကောင်စ၀င်စ အသံလေးမှာ
 ပြန်စရာအိမ် မရှိရှာပါဘူး အမေရယ် 
ကမ္ဘာမြေကြီးပေါ်မှာ 
အကုသိုလ်ပန်းတွေဝေပုံကလည်း 
အဖူးပေါ် အညွှန့်တက်လို့ 
တက်မက်စရာပါလား အမေ 
သံသရာလေးတေးချင်းတွေက စီစီ
 ပုရစ်ကလေးလို သားကမြည်လို့ပေါ့ 
တစ်ခါတစ်ရံတော့ အမေရယ် 
သားဘ၀ဟာ
 မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ်။

21/01/2013

အတုယူလိုက်နာစရာနှင့် သတိပြုရှောင်ကြဉ်စရာများ

           ယနေ့ ၁၃၇၄-ခုနှစ် ၊ နတ်တော်လဆန်း (၂)ရက်နေ့ စာတမ်းဖတ်ပွဲ အခမ်းအနားသဘင် ဆင်ယင် ကျင်းပတဲ့နေရာမှာ တပည့်တော်အနေနဲ့ မိမိဥာဏ်မှီသလောက် မိမိလေ့လာတွေ့ရှိထား သလောက် အသိဥာဏ် အချို့တို့ကို အားလုံးသော သံဃာတော် အရှင်သူမြတ်တို့အား မျှဝေ လျှောက်ထားလိုပါသည် ဘုရား။ 

     ယင်းသို့ လျှောက်ကြားရာတွင် ငါတော်ငါတတ် ငါသာမြတ်ဟု စိတ်ဓာတ်မော်ကြွားခြင်းမျိုး တခုမှမရှိပါဟု ဦးစွာပဏာမပြောကြားရင်း ဂါရ၀ပြု နှုတ်ခွန်း ဆက်သအပ်ပါသည်အရှင်ဘုရား၊ တပည့်တော်အနေနဲ့ အရှင်သူမြတ်တို့အား ပြောချင်တဲ့စကား လျှောက်ထားချင်တဲ့စကား အသိပေး သတိပေးလိုတဲ့ စကားများကို အတုယူလိုက်နာစရာနှင့် သတိပြုရှောင်ကြဉ်စရာများ လို့အမည်ပေးထားပါတယ်၊

20/01/2013

ဒုတိယအကြိမ် ဒိုမိန်းလှုဒါန်းခြင်းနဲ့  ထပ်တိုးကောက်ခံရရှိသော အလှုငွေစာရင်း




အလှု စာရင်းရှင်းတမ်းနဲ့ အလှုရှင်စာရင်းလေးကို ဒီနေ့ အသိပေးတင်ပြလိုက်ပါတယ်

ယခုပြုလုပ်တဲ့အလှုအတွက်   ပါဝင်စုပေါင်းထောက်ပံ့ကြသော  သူငယ်ချင်းမိတ်ဆွေ

အလှုရှင်များအားလုံးကို   မောင်(စွယ်စုံကျမ်း) မှ   ကျေးဇူးအထူး  တင်ရှိရပါကြောင်း

ပြောကြားပါတယ် ။
         

စာမူများ ဖိတ်ခေါ်ခြင်း

                        စာမူများ ရေးသားပေးပို့ကြပါရန် မေတ္တာရပ်ခံခြင်း
   
   အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့၏ တေရသမနှစ် နှစ်ပတ်လည် အထိမ်းအမှတ်စာစောင်ကို နှစ်စဉ်အတိုင်း ထုပ်ဝေကာ ဓမ္မဒါန ပြုသွားမည်ဖြစ်ပါသည်။ 
             
               သို့ဖြစ်ပါ၍ ကဗျာ၊ ဆောင်းပါး၊ အင်္ဂလိပ်ဆောင်းပါး၊ ၀တ္ထုတို၊ အက်ဆေး စသည်တို့ကို (၃၁-၀၃-၂ ၀၁၃)  ရက် နောက်ဆုံးထား၍ ရေးသားပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ရေးသား ကြရာတွင် လျှောက်လွှာ စာမျက်နှာ ဆိုက်ဖြင့် ၅-မျက်နှာထက် မပိုစေဘဲ ရေးသားပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။ 
စာစောင်ဖြစ်မြောက်ရေးအယ်ဒီတာအဖွဲ့ 
ဗာရာဏသီမြို့၊ အိန္ဒိယ။ 

ဆက်သွယ် ပေးပို့ရန် လိပ်စာ-
 ဥူးနိပုဏာလင်္ကာရ-konipu@gmail.com ph; +919793332602
 ဥူးအာစိဏ္ဏ -maungarsein@gmail.com ph; +9108127948116 
 အရှင်စန္ဒကုမာရ (မဂဓ)-asc.kumaraminsa@gmail.com Ph.+919199714252 

19/01/2013

ယှဉ်နိုင်းမမှီတဲ့ အမေမေတ္တာ

        ပေးဆပ်သူတို့ နှလုံးသားမှာ ၀မ်းသာမှုနဲ့ ကျေနပ်ခဲ့သူဖြစ်၏၊ အရာအာလုံးထက် နိုင်ယှဉ်ရာဝယ် ယှဉ်နိုင်မမှီတဲ့ ဘ၀ဖန်ဆင်းရှင်ဟာ မိဘနှစ်ပါးသာဖြစ်သည်ဟု ဆိုခဲ့လျင် မလွဲဧကန် အမှန်ဖြစ်နိုင်ပါသည်။ အနန္တငါးပါး တစ်ဂိုဏ်းတည်း ပါဝင်ခဲ့သော မိဘနှစ်ပါး၏ ဂုဏ်ပုဒ်ဝိသေသမှာ ပုထုဇဉ် လူသားတိုင်း အမျိုးမျိုးရေးသား သီကုံးထားသော်လည်း ရေးမကုန်နိုင်ခဲ့၊ ထိုမျှ ရေးမကုန်သောကျေးဇူးရှင် မိဘတို့၏ မေတ္တာတရားကို စာမှုဖွဲ့ဆို ဦးခိုက်ပူဇော်ချင်မိပါသည်။ ဖတ်မိတဲ့ဇာတ်တော်များကြောင့် စာရေးသူ၏ ခံစားချက်ကို ပဲ့တင်သံ ရိုက်ခတ်ခဲ့ပါသည်။  

17/01/2013

ဘ၀ အားမာန်

           ဘုရားအဆူဆူ ပွင့်တော်မူသောနေရာ မြတ်စွာဘုရား ထားရစ်ခဲ့တဲ့ ဖွား-ပွင့်-ဟော-စံ လို့ခေါ်တဲ့ သံဝေဇနိယ လေးဌာန ရှိတော်မူတဲ့နေရာ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့ အထွဋ်အမြတ် ထားတဲ့နေရာ ဒီလို အံသြ ချီးကျူးဖွယ်မကုန်နိုင်တဲ့ နေရာဒေသလေးမှာ နေထိုင်ခွင့်, ပညာသင်ခွင့်, ရရှိတဲ့အတွက် အတိုင်းမသိ အားရကျေနပ်မိပါသည်။ အားရဝမ်းမြောက်မှု့တွေ ထပ်ဆင့်လို့ ဖြစ်စေတာကတော့ ဗာရာဏသီကျောင်းသား များရဲ့ ဥက္ကဌ ဘုရားတပည့်တော် တို့ရဲ့ နောင်တော်ကြီး ဆရာတော်ဦးနိပုဏာလင်္ကာရ ရဲ့ ဦးဆောင်မှု့ စေတနာသဒ္ဓါတရားတွေနဲ့ စာတမ်းဖတ်ပွဲကြီးကျင်းပပြုလုပ်နေတဲ့နေရာမှာ ဘုရားတပည့်တော်အနေနဲ့ “ဘဝ-အားမာန်” ဆိုတဲ့ စာတမ်းလေးကို ရေးခွင့်, ဖတ်ခွင့်, ရတဲ့အတွက်လဲ ဝမ်းမြောက်ဝမ်းသာ ရှိလှပါသည်။ 

11/01/2013

ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက်

     ရဟန်းဆိုသော အသုံးအနှုံးဟာ ပါဠိဘာသာ အရဟန္တ-ပုဒ်မှ လာသော စကားဖြစ်ပါတယ်၊ အရဟန္တပုဒ်ကို ပူဇော်အထူးကို ခံထိုက် သူလို့ အဓိပ္ပါယ်မှတ်ယူရပါတယ်၊ ရဟန္တာပုဂ္ဂိုလ်ဆိုတာ အရိယာ ပုဂ္ဂိုလ်ရှစ်ယောက် အတွင်းက အထွဋ်အထိပ်ပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်၊ ရဟန္တာပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိလေသာအညစ်အကြေး မရှိတော့တဲ့ အတွက်ကြောင့် ရဟန္တာ ပုဂ္ဂိုလ်ဟာ ပူဇော်အထူးကို ခံထိုက်တယ်ဆိုတာ ဘာမှငြင်းဆိုစရာ မရှိတော့ပါ။ 

   ယခုမျက်မှောက်ခေတ် ရဟန်းတော်အချို့သည် ကိလေသာမကုန် ကြသေး၍ လောဘအာရုံနဲ့တွေ့ရင် လောဘ ဖြစ်တယ် ဒေါသအာရုံနဲ့တွေ့ရင် ဒေါသဖြစ်တယ်၊ ကိလေသာ မကုန်ကြသေးသည့်အတွက် ရဟန္တာပုဒ်ကဖြစ်လာသော ရဟန်းဆိုတာ ဖြစ်မှဖြစ်ပါမ လားလို့ တွေးမိ ပါတယ်၊ သို့သော်လည်းရဟန်းဆိုတာ ပုထုဇဉ်မျှသာရှိသေးတော့ ကိလေသာ ကျန်သလောက် ကျန်ပါ တယ်။ ကိလေသာကျန်ရုံမျှနှင့် ရဟန္တာမဖြစ်သင့်ဘူးလိုတော့ မဆိုထိုက်ပါ၊ သာသနာဆိုသည်မှာ အဆုံးအမကိုခေါ်ပါတယ်၊ မည်သူ အဆုံးအမ ဖြစ်သလဲဆိုရင် ဗုဒ္ဓဘုရားရှင် ဟောတော်မူသော အဆုံးအမဖြစ်ပါတယ်၊ ဗုဒ္ဓဘုရားရှင်ဟာ မည်သည့်အရာတွေကို ဆုံးမသလဲ ဆိုရင် တစ်ဘ၀ပြီးတစ်ဘ၀ ဖြစ်ပျက်နေရတာတွေဟာ အလွန်ဆင်းရဲတယ်၊ အလွန်ဆင်းရဲသော ဒုက္ခသံသရာထဲ ၀ဲလယ်သလို အကြိမ်ကြိမ်ဖြစ်ရခြင်းသည် တခြားမဟုတ် မိမိတို သန္တာန်မှာ မှီခိုကိန်းအောင်းနေသော ကိလေသာကြောင့် ဖြစ်ပါတယ် လို့ ဟောတော်မူပါတယ်၊ ဒါကြောင့် သံသရာဝဋ်ဆင်းရဲအပေါင်းက လွတ်မြောက်အောင် ကိလေသာမီးတွေကို ငြိမ်းသတ်ရမယ်လို့ ဗုဒ္ဓ ဟောတော်မူခဲ့ပါတယ်။