28/12/2011
မဇ္ဈိမရင်ခွင် ခရီးတို လှည့်လည်ခြင်း ( ၄ )
    ဒီဇင်ဘာ ( ၁၆ ) ရက်နေ့တွင် မြန်မာသံရုံးသို့ ပါတ်စပို့ကိစ္စ သွားရောက်ကြသည်။ ဒီဇင်ဘာ ( ၁၃ ) ရက်နေ့က ဖောင်ဖြည့်ခဲ့ပြီးဖြစ်၍ သိပ်မကြာလောက်ဟု ထင်သည်။ သို့သော် သံရုံးရောက်သော အခါ တာဝန်ရှိ ဒေါ်အေးအေးသန်းက အလုပ်များနေသဖြင့် ခဏစောင့်ရန် ပြောပြီး စောင့်ဆိုင်းရာ နှစ်နာရီ နီးပါး ကြာခဲ့သည်။ ယင်းနောက် မိမိတို့ ကိုယ်ရေးအချက်အလက်များ E-Passport ပြောင်းရန်အတွက် စက်ထဲ ထည့်ပြီး ပြန်ခဲ့ကြရသည်။ လိုက်ပါပို့ကြသော အရှင်ဇဋိလ နှင့် အရှင်အာလောက တို့လဲ စောင့်ရတာ ကြာသဖြင့် ပျင်းကြသည်။
    သံရုံးက ပြန်လာသောအခါ မြေအောက်ရထားစီးပြီး နေရှုးပလေ့စ် သို့ ဆက်ကြသည်။ ဗာရာဏသီမှ လက်တော့ဗ် ဗထရီ နှင့် Hard-disk တစ်လုံး ၀ယ်ခိုင်းသဖြင့် ၀ယ်ကြသည်။ အရှင်ဝိမလလဲ ရှုပီး (၈၈၀၀)တန် ဓာတ်ပုံ ကင်မရာ တစ်လုံး ၀ယ်သည်။ အရှင်ဇဋိလာလင်္ကာရကလဲ ဒေါ်လာ နှစ်ရာ တန် ဗီဒိယို ရိုက်ကင်မရာ တစ်လုံးဝယ်ကြသည်။ မိမိကတော့ လက်အိပ်ပဲ ၀ယ်ဖြစ်ခဲ့သည်။ နေရှုးပလေ့စ် က ပြန်လာပြီး မြေအောက်ဈေးသို့ တစ်ခေါက်ဆက်ကြရပြန်သည်။ အရှင်အာလောက က အလုပ်ရှိသဖြင့် အိမ်ပြန်သွားပြီး အရှင်ဇဋိလ က လိုက်ပို့သည်။ ဗာရာဏသီမှ အရှင်ပ၀ရ က နံ့သာဖြူ ရေမွှေး မှာသဖြင့် သွားဝယ်ဖြစ်သည်။ အိမ်ပြန်ရောက်တော့ ညနေ ( ဂ )နာရီ ထိုးလေပြီ။ ရာသီဥတုကလဲ ဒီရက်အတွင်း ခိုက်ခိုက်တုန်အောင် အေးလှ၏။
     ဒီဇင်ဘာ ( ၁ရ) ရက်နေ့တွင် မိမိတို့ ဗာရာဏသီ သို့ ပြန်ကြမည်ဖြစ်သည်။ ရထားလက်မှတ်ကလဲ ခက်ခဲလှသည်။ ဗာရာဏသီကို ဖြတ်ခိုင်းရာလဲ အဆင်မပြေ။ ထိုကြောင့် ၀ိတ်တင်းလက်ခ် ဖြင့် အရှင်ကုမုဒ ကဖြတ်ပေးလိုက်သည်။ နံနက်ပိုင်း အရှင်ဇဋိလာလင်္ကာရ နေထိုင်ရာ အဆောင်သို့ သွားလည်ကြသည်။ နေ့ဆွမ်းကို တိဗက်တန် ဆိုင်မှာ စားဖြစ်သည်။ အရှင်ဝိမလ က လှူဒါန်းသည်။ နံနက် ၁၁ နာရီ မိနစ် ၄၀ ထွတ်ရမည့် ရထားသည် အချိန် နောက်ကြပြီး ညနေ ၆နာရီခွဲမှ ထွတ်ရသည်။ ဘူတာကို အရှင်ကုမုဒ ကပဲ လိုက်ပို့သည်။ နယူးဒေလီဘူတာထဲတွင် ပုရွတ်ဆိတ် များကဲ့သို့ ခရီးသည်များကြိတ်ကြိတ်တိုးလှသည်။ အခြား ရထားဖြတ်ရန် ကြိုးစားသော်လည်း ယနေ့အတွက် ဗာရာဏသီသို့ ရထားမရှိပေ။ ထို့ကြောင့် ကာရှိ ဟူသော ရထားဖြင့် ဗာရာဏသီ သို့ပြန်ခဲ့ရသည်။ ၁၂ နာရီခရီးကို ၂၃ နာရီ စီးရသည်။ ဒီဇင်ဘာ (၁၈ ) ရက်နေ့ ညနေ ၅ နာရီတွင် ဗာရာဏသီ သို့ ရောက်ရှိသည်။ မိမိလဲ BHU တက္ကသိုလ် သို့ ပြန်ခဲ့ပြီး အရှင်ဝိမလလဲ ဆန်စကရိတ် တက္ကသိုလ် သူ့အဆောင်သို့ ပြန်သွားသည်။ ရာသီဥတုကလဲ ခိုက်ခိုက်တုန်အောင် အေးလှသည်။ အခန်း ပြန်ရောက်တော့ မီးလှုံပြီး အိပ်ရာဝင်ခဲ့သည်။ ဤသို့ဖြင့် မဇ္ဈိမရင်ခွင် ခရီးတို လှည့်လှည်ခြင်း လဲ ပြီးဆုံးခဲ့သည်။ သိပ်မကြာလောက်ဟု ထင်ခဲ့သော ခရီးသည် တိတိကျဆိုရလျှင် ( ၁၀ ) ရက် ကြာခဲ့ပေသည်။
                                             သိမ်မွေ့ဦး (BHU)
24/12/2011
မဇ္ဈိမရင်ခွင် ခရီးတို လှည့်လည်ခြင်း ( ၃ )
           ဒီဇင်ဘာ ( ၁၂ ) ရက်နေ့၌ နယူးဒေလီ သို့ ခရီးဆက်ကြမည်ဖြစ်သည်။ ( ၇ ) ကြိမ်မြောက် တိပိဋက ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲကြီး၏ နောက်ဆုံးနေ့လဲ ဖြစ်၏။ မနက်ခက်ပိုင်း မဟာဗောဓိပင်မြတ်ကို ၀တ်ပြုအပြီး မုစလိန္ဒာ အိုင်အနီးတွင် လမ်းလျှောက်ကာ နေ့စဉ် ရွှတ်ဖတ်ပူဇော်နေကြ ပဌာန်းပစ္စယနိဒ္ဒေသ ပါဠိတော်နှင့် ပရိတ်တော် တို့ကို ရွတ်ဖတ်ကာ မေတ္တာပို့သဖြစ်သည်။ မြန်မာမဏ္ဍပ်မှ ရွက်ဖတ်ပူဇော်ခြင်း ပိတ်ပွဲ အခမ်းအနား ကျင်းပနေသည့် အသံတို့ကို ကြားနေရသည်။ မဟာဗောဓိပင်ကြီး၏ အရိပ်အောက်တွင် စုဝေးကြပြီး တရားဘာဝနာ စီးဖြန်းနေကြသော နိုင်ငံတကာမှ သံဃာများကိုလည်း ဖူးမြှင့်ခွင့် ရခဲ့ကြသည်။ 
      နေ့လည် ၂ -နာရီ မိနစ် ၄၀ အချိန်တွင် မဟာဗောဓိ ရထားကြီးဖြင့် ဂယာမြို့ ဘူတာမှ ထွတ်ခွါခဲ့ကြသည်။ မိမိနှင့် အတူ အရှင်ဝိမလ ဒကာကြီး ဒကာမကြီး ( ၄ ) ဦးတို့ဖြစ်၏။ ခုံ ၃- နေရာသာ အတူတူ ကျပြီး တစ်ခုံ က သီးသန့် ဖြစ်နေသဖြင့် နဲနဲတော့ ကသိကအောက်ရှိသည်။
      ပုံမှန် မနက်( ၅ ) နာရီခန့် ရောက်ရမည့်ရထားသည် နယူးဒေလီဘူတာသို့ နေ့ခင်း ( ၁၂ ) နာရီမှ ရောက်ရှိသည်။ ဆောင်းရာသီဖြစ်၍ ဆီးနှင်းများကြောင့် အမြန် မမောင်းနိုင် ဘဲ ဖြေးဖြေးသာသာ မောင်းနှင်းရသောကြောင့် ယင်းကဲ့သို့ နောက်ကျခြင်းဖြစ်သည်။ ဒေလီဘူတာတွင် အရှင်ကုမုဒါလင်္ကာရ( ဒေလီတက္ကသိုလ်တွင် မာစတာတန်း တက်နေသော မိမိ၏ သူငယ်ချင်း ) နှင့် ညီမောင် ဖိုးဇော်တို့ လာကြိုကြသည်။
     မြေအောက်ရထားစီးကာ ဒေလီတက္ကသိုလ်ဘက်သို့ လာခဲ့ကြသည်။ တက္ကသိုလ် အပြင်တွင် တိုက်ခန်းငှားနေသော အရှင်အာလောက ၏ အိမ်တွင် တည်းခိုဖြစ်သည်။ ငါးထပ်တိုက် အပေါ်ဆုံးထပ်ဖြစ်၍ အတက် အဆင်းလုပ်ရသည်မှာ မလွယ်လှပေ။ မိမိရောက်သည်ကြသည်ကြား၍ အဆောင်တွင် နေကြသော အရှင်ဝိဇယာဘိဝံသ၊ အရှင်ဇဋိလာလင်္ကာရ၊ အရှင် နန္ဒမာလာလင်္ကာရ၊ အရှင်ဥာဏ၀ရ၊ အရှင်သဇ္ဇနတို့ လာလည်ကြသည်။ သီတင်းသုံးဖော်များနှင့် စကားဝိုင်းဖွဲ့ ရသည်မှာ ပျော်ရွင်စရာ ကောင်းလှပေသည်။ မမေ့နိုင်သော အမှတ်တရ ရက်တစ်ရက်ဖြစ်ပါပေ၏။
   ဒီဇင်ဘာ ( ၁၃ ) ရက်နေ့တွင် ညီ ဖိုးဇော် နေအိမ်သို့ သွားရောက် လည်ပတ်ကြသည်။ အရှင်ကုမုဒါလင်္ကာရ၊ အရှင်အာလောက တို့က လိုက်ပို့ကြသည်။ ညီ ဖိုးဇော် က ဆွမ်းကပ်သည်။ မစားရတာ ကြာပြီဖြစ်သော မုန့်ညင်းချဉ် ကိုလဲ စားခဲ့ရသည်။ ရွာမှ ဒေလီ ခေတ္တ ရောက်နေကြသော သူတို့ကိုလဲ တွေ့ရသည်။ အပြန်တွင် မြေအောက် ဈေးကိုလဲ ၀င်ခဲ့ကြသည်။ မြေအောက်ရထားစီးကာ သွားရသောကြောင့် ခရီးမြန်သော် လည်း တစ်နေရာနှင့် တစ်နေရာ ဝေးသောကြောင့် တစ်နေ့ကုန်ခဲ့ကုန်၏။  ရွာမှ ဒကာ ဒကာမများက ဆွမ်းကပ်ချင်ကြသော်လည်း ရက်မပေးနိုင်သောကြောင့် လက်မခံ နိုင်ခဲ့ပေ။
     ဒီဇင်ဘာ ( ၁၄ ) ရက်နေ့၌ကား နယူးဒေလီမြို့ နာမည်ကြီးနေရာများသို့ လည်ကြမည်ဖြစ်သည်။ ယင်းခရီးစဉ်ကို အရှင်ဇဋိလာလင်္ကာရ က စီစဉ်သည်။ အရှင်အာလောကလဲ လိုက်ပို့သည်။ နံနက် ၉-နာရီခွဲလောက်တွင် စတင်ထွတ်ခွါသည်။ ဦးစွာ မဟတ္တမ ဂန္ဒီ ရုပ်အလောင်း မီးရှို့ရာ နေရာ ပန်းခြံသို့ သွားရောက်ကြသည်။ လာရောက်လေ့လာသူများလဲ စည်းကားလှသည်။ အထူးသဖြင့် ဆရာများ ဦးဆောင်မှုဖြင့် အုပ်စုလိုက် လာကြသော ကျောင်းသား ကျောင်းသူ များစွာ ကို တွေ့မြင်ရသည်။ ပျော်ရွင်တက်ကြွလျှက် ရှိကြသော သူတို့လေး၏ သွန်ပြင်တို့သည် မြင်ရသူတို့ကို စိတ်ချမ်းသာစေသည်။
   ယင်းနောက် လိုတပ် ( ငြိမ်းချမ်းရေး ကြာပွင့် ) ၊ မဟာသတိပဌာန သုတ်တော် ဟောကြားတော်မူသည့် နေရာ၊ အသောက ကျောက်တိုက်နေရာ၊ မဟတ္တမ ဂန္ဒီ အိမ်ပြတိုက်၊ ဂျဝါဟလာနေရှုး နေအိမ်ပြတိုက် ၊ အင်ဒီရာဂန္ဒီ အိမ်၊ တိဗက်တန်ဈေး စသည့်နေရာတို့သို့ ရောက်ခဲ့ကြသည်။ မဟာသတိပဌာန်သုတ်နေရာ ၌ ဘုရားရှင်ကို ပူဇော်ခွင့် ရခဲ့ပြီး နေရှုးနေအိမ်တွင် သူနေသည့်အခန်းတိုင်း ဘုရားပုံတော်များ တွေ့ခဲ့ရသဖြင့် စိတ်ကြည်နူးခဲ့ရသည်။ သူ၏ သမီးချစ်ထံ ပေးစာတွင် ဘုရား ပုံတော်လောက် သူစိတ်ကို ကြည်နူးစေတဲ့ ပုံတော်မတွေ့ဟု ရေးထားသည်ကိုလဲ မှတ်ခဲ့ဘူးသည်။ ချီးကြူးလေးစားမိပေသည်။ တစ်နေကုန်ပတ်ကြပြီး ညနေ ငါးနာရီကျော်တွင် ဒေလီစိုက်ဆီ ခရီးစဉ် ပြီးဆုံးသည်။ ကားခမှာ တစ်ထောင်နီးပါသာ ကုန်ကျသဖြင့် သက်သာလှပေသည်။
                                                          သိမ်မွေ့ဦး ( BHU )
မှတ်ချက် ။ ။ ဒေလီရိုက် ဓာတ်ပုံများ အရှင်အာလောက ကွန်ပျူတာတွင် ကျန်ခဲ့သဖြင့် မတင်ဖြစ်ပါ။ ယနေ့ ဗုဒ္ဓဂယာ ကျောင်းသားအစည်း အဝေး သွားမည်ဖြစ်၍ နောက်မှဆက်ရေးပါမည်။
21/12/2011
မဇ္ဈိမရင်ခွင် ခရီးတို လှည့်လည်ခြင်း ( ၂ )
     ဒီဇင်ဘာ ( ၁၁ ) ရက်နေ့အတွက် ခရီးစဉ်ကား ရာဇဂြိုဟ် နာလန္ဒာ ဘက်သို့ဖြစ်၏။ ဗုဒ္ဓဂယာ ၌ သီတင်းသုံးနေသော ဥူးကုသလက ကားငှားပေးသည်။ Innova ကားလေး ဖြစ်ပြီး အဖြူရောင် ကားကောင်း ဖြစ်၏။ လူ ( ၆ ) ယောက် သက်တောင့်သက်သာ လိုက်နိုင်သော အမျိုး အစားဖြစ်၏။ နေ့ချင်းပြန် တစ်ရက်ပတ် ခရီးအတွက် ကားခ (၂၁၀၀ ) ရှုပီး ပေးရသည်။
  မိမိနှင့် အတူ ဗာရာဏသီမှ ဥူးဝိမလ၊ ဒေလီမှ ဥူးအရုဏ နှင့် ဒကာကြီး ဒကာမ ကြီးတို့ ဖြစ်၍ ချောင်ချောင်ချိချိ ရှိလှသည်။ ကားကောင်းသော်လည်း ကားဒရိုက်ဗာ ညံ့၍ စိတ်ကသိ ကအောက် ဖြစ်ကြရသည်။ မိမိက နံနက်စောစောထပြီး နေ့ဆွမ်းအတွက် ချက်ပြုတ်စီစဉ်ဖြစ်သည်။ ဥူးကုသလက ပန်းကန် ခွက်ကအစ ချက်ရေးပြုတ်ရေး အဆင်ပြေစေရန် ကူညီပေးခဲ့သည်။
   နံနက် ရ-နာရီကျော်တွင် ဗုဒ္ဓဂယာမှ စတင်ထွတ်ခွါခဲ့သည်။ ရာဇဂြိုဟ် ရတနာဂီရိတောင်ခြေသို့ ၉- နာရီကျော်တွင် ရောက်ရှိသည်။ ကေဘယ်ရထား စီးရန် မိနစ် (၄၀) ခန့် စောင့်ဆိုင်းရ၏။ လေ့လာရေးခရီး ထွတ်လာသော High School ကျောင်းသား ကျောင်းသူများ ပြည့်နေသဖြင့် တန်းစီကာ စောင့်နေကြရ၏။ ရတနာဂီရိတောင်ထိပ် ရောက်တော့ ၀ိရှသျှ န္တီ ဘုရားကို ဖူးမျှော်ကြပြီး ဓာတ်ပုံမှတ်တမ်းလဲ တင်ဖြစ်ခဲ့သည်။ ထိုမှတဆင့် ခြေလျင် ဆင်းကြပြီး ဂိဇ္ဈကုဋ်တောင် တက်ကာ မြတ်ဗုဒ္ဓ သီတင်းသုံး တော်မူသည့် ဂန္ဓကုဋိ ကျောင်းတိုက်ကို ဖူးမျှော်ခဲ့ကြသည်။ တောင်တော်ခြေရင်း အရှင်အာနန္ဒာ ရဟန္တာဖြစ်သည့် လှိုင်ဂူတော် ၊ အရှင်သာရိပုတ္တရာ နေ့ခင်းသန့်စင် သီတင်းသုံးရာ လှိုင်ဂူတော်တို့ကိုလည်း ဦးတင်ခဲ့ ကြသေးသည်။
  ဇီဝကသရက်ဥယျာဉ်ကျောင်းကို သီးသန့်မ၀င်တော့ဘဲ ကားပေါ်ကပင် အာရုံပြုခဲ့ ကြသည်။ ဝေဠုဝန်ကျောင်းတော်ရောက်တော့ အချိန်က ၁၁- နာရီကျော်လေပြီ။ ထိုကြောင့် ကျောင်းတော် ၏အလယ် ကလန္ဒကကန်ဘေး နားနေဆောင်ထိုင်ကာ ဆွမ်းဘုန်းပေးကြသည်။ ကန်တော်ဘောင် တွင် ကျောင်းတော်နာမည်ကို ဗေဠုဝန ဟု ပန်းပင်တို့ဖြင့် ရေးထားသည်ကို တွေ့ရသည်။ ဆွမ်းစားပြီး မှ မြတ်ဗုဒ္ဓ သြ၀ါဒပါတိ မောက်ပြရာ နေရာရှိ ရုပ်ပွားတော်မြတ်ကို ဖူးမျှော်ခဲ့ကြသည်။ ခန္တီ ပရမံ တပေါ တိတိက္ခာ -စသော ဂါထာတို့ဖြင့် ရွှတ်ဖတ်ပူဇော်ခဲ့ကြသည်။
  ထိုမှတဆင့် ရေပူစမ်းကို သွားရောက်လေ့လာကြသည်။ ရေသည် ပူနွေးနေပြီး ရေချိုး သူလဲ ပေါများလှသည်။ အိန္ဒိယ အမျိုသားတစ်ဦးကို မေးကြည့်ရာ ဇာတ်သီးသန့် ခွဲခြားထားခြင်း မရှိဘဲ မိမိနှစ်သစ်ရာ နေရာ၌ ရေချိုးနိုင်သည်ဟု ရှင်းပြသည်။ သို့သော်လည်း အောက်ဆုံးအဆင့် ရေပွန်နေရာတွင် အသားအရောင် မွဲမွဲ ဆင်းရဲသော ဇာတ်နိမ့်များသာ ရေချိုးနေသည်ကို တွေ့မြင်ရသဖြင့် ထိုအမျိုးသား၏ ရှင်းပြချက်ကို သိပ်ဘ၀င်မကျခဲ့ပေ။
   တစ်ဆက်တည်း ခရီးဆက်ကာ ဗိမ္ဗိသာရမင်းကြီး၏ ဆွန်ဘဏ္ဍာလှိုင်ဂူ၊ အဇာတသတ်ဘုရင် ဓာတ်တော်သိမ်းဆည်းရာ မဏိယာမတ်၊လှည်းလမ်း ကျောက်ဘီးရာ၊ ဗိမ္ဗိသာရမင်းကြီးကို အကျဉ်းချထားသည့်နေရာတို့ကိုလဲ သွားရောက်ခဲ့သည်။ မိမိသည် ဤရာဇဂြိုဟ်မြို့တော်ဟောင်းနေရာသို့ ငါးကြိမ်မျှ ရောက်ခဲ့ပြီဖြစ်သည်။ ရောက်တိုင်းလဲ မရိုးနိုင်ခဲ့ပေ။ ဤဒေသ သည် တောင်ငါးလုံးပတ်ရံကာထားကာ စိမ်းညို့ညို့ဖြင့် လှပမြဲ လှပေနေဆဲ ဖြစ်သည်။
  ရာဇဂြိုဟ်မြို့တော်ဟောင်းမှတဆင့် နန်းတော်သစ် အုတ်ရိုး တို့ကို ကျော်ဖြတ်ကာ နာလန္ဒာသို့ သွားခဲ့ကြသည်။ နန်းဦးစေတီတွင် ကားခဏရပ်ကာ အာရုံပြုခဲ့ကြသည်။ နာလန္ဒာတက္ကသိုလ်ဟောင်း ကြီးကား လေ့လာရေးခရီး လာရောက်ကြသူတို့ဖြင့် စည်းကားနေ၏။ တက္ကသိုလ် အဆောင်ဟောင်းများတွင် ဓာတ်ပုံရိုက်ကြပြီး အရှင်သာရိပုတ္တရာ စေတီတော်ကို ၀တ်ပြုကြသည်။ သံဃာဂုဏ်ကို အာရုံပြုကာ ပူဇော်ခဲ့ကြသည်။
  အပြန်လမ်းတွင် နာလန္ဒာ တက္ကသိုလ်သစ်၌ ခေတ္တ အနားယူကြသည်။ ညီတော်များဖြစ်ကြသည့် အရှင်ဣန္ဒ၀ံသ အရှင်ဝိမလ အရှင်ဇနက(ချိုတား) တို့က ဧည့်ဝတ်ပြုကြသည်။ Coffeemix ထုပ်များ ပန်းသီးတို့ကိုလဲ လက်ဆောင်ပေး လိုက်ကြသည်။ ရောက်တုံးရောက်ခိုက် အချိန်ပေးကာ ညီငယ်များနှင့် စကားပြော ချင်သေးသော်လည်း ကားသမား၏ ကျီကျမှုကြောင့် အချိန်ခေတ္တမျှ နားခွင့်ရခဲ့ကြသည်။ ဗုဒ္ဓဂယာသို့ ညနေ ၆- နာရီကျော်တွင် ပြန်ရောက်သည်။ 
                                                သိမ်မွေ့ဦး ( BHU )
20/12/2011
မဇ္ဈိမရင်ခွင် ခရီးတို လှည့်လည်ခြင်း ( ၁ )
     ဒီရက်ပိုင်း အတွင်း စာမူ အသစ် မတင်ဖြစ်ခဲ့။ တစ်ခါတစ်ရံ မိမိဘလော့ဂ်သို့ အလည်လာရောက်ကြသော မိတ်ဆွေများကိုလဲ အားနာမိသည်။ လေး ငါးရက် ဟု မှန်းဆကာ ခရီးထွတ်ခဲ့ခြင်းက မထင်မှတ်ဘဲ ဆယ်ရက်ကျော် ကြာခဲ့သည်။ ခရီးထွတ်ဖြစ်ခဲ့ခြင်း အကြောင်းက ဤသို့ ဖြစ်၏။
    ဒေလီသို့ ခေတ္တရောက်နေကြသော မိမိ ၏ မွေးရပ်ရွာမှ ဒကာကြီး ဦးကျော်မောင် နှင့် ဒကာမကြီး ဒေါ်မငွေ တို့ ဒီဇင်ဘာ(၈) ရက်နေ့၌ ဗာရာဏသီ ရောက်လာကြသည်။ သူတို့ နှစ်ဦးအား ဗာရာဏသီ အရောက် ဥူး အရုဏ က လိုက်ပို့သည်။ (၉) ရက်နေ့ နံနက်တွင် ဆရဏသ် မိဂဒါဝုန် ဓမ္မစကြာ ဟောကြားတော် မူသည့် နေရာ ဓမ္မရာဇိက စေတီ ၊ အနတ္တ လက္ခဏ သုတ် ဟောကြားသည့် နေရာ ဓမ္မေခ စေတီ၊ ခရီးဦးကြိုဆိုသည့် နေရာ ချောက်ခဏ္ဍီစေတီ ၊ နန္ဒိယကျောင်းတော်ရာ၊ ဂန္ဓကုဋီ စေတီစသည့် နေရာစုံတို့ကို ဖူးမျှော်ဖြစ်ခဲ့ကြသည့်။ ဤနေရာမြတ်သို့ ခုမှ ရောက်ဖူးကြသော ဥူးအရုဏနှင့်ဒကာကြီး ဒကာမကြီးတို့က အထူး ၀မ်းသာ ကြည်နူးဖြစ်ကြသည်။
    မိမိနေထိုင်ရာ အဆောင်သို့ ၁၁-နာရီခွဲကျော်တွင် ပြန်ရောက်သည်။ ဆွမ်းစားကြပြီး ဗုဒ္ဓဂယာသို့ သွားရန် ပြင်ဆင်ကြသည်။ indico ကားကို ဗုဒ္ဓဂယာသို့ (၃၅၀၀) ရှုပီးဖြင့် ငှားရန်းသည်။ နေ့လည် (၂)နာရီ အတိတွင် ဗာရာဏသီမှ ထွတ်ခွါဖြစ်သည်။ (၅)နာရီကျော် မောင်းနှင်းပြီး ညနေ(ရ) နာရီ ခွဲလောက်မှ ဗုဒ္ဓဂယာ မြန်မာကျောင်းသို့ ရောက်ရှိသည်။ မြန်မာကျောင်းမှ အရှင်သုစိတ္တ က အခန်းကြိုတင် စီစဉ်ထားသဖြင့် တည်းခိုရေးကိစ္စ အဆင်ပြေသည်။ခရီးလဲ ပင်ပန်းသဖြင့် အပြင်မထွက်ကြတော့ဘဲ အနားယူဖြစ်ကြသည်။
    ဒီဇင်ဘာ(၁၀)ရက်နေ့ အရုဏ်ဆွမ်းစားအပြီး ဘုရားလေးဆူ ပွင့်ထွန်းပြီးရာ မဟာဗောဓိ မြေမြတ်မဟာကို သွားရောက်ဖူးမျှော်ကြသည်။ သတ္တ သတ္တာဟ ကိုလဲ ဖူးမျှော်ကြပြီး ဓာတ်ပုံ မှတ်တမ်းလဲ တင်ဖြစ်ခဲ့သည်။ တိုက်ဆိုင်စွာ (ရ) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တိပိဋက ရွှတ်ဖတ် ပူဇော်ပွဲကြီးနှင့် တွေ့ဆုံခဲ့ရသည်။ ဒီဇင်ဘာ (၂ ) ရက်နေ့မှ (၁၂ ) ရက်နေ့အထိ ကျင်းပမည့် ပွဲတော်ဖြစ်သည်။ တိပိဋက ရွတ်ဖတ် ပူဇော်ပွဲကြီးကား အပြည်ပြည်ဆိုင်ရာ သံဃာတော်များဖြင့် ကြက်ပျံမကျ စည်းကားလျှက်ရှိသည်။ သီးသန့် ပူဇော်ကြရာ မဏ္ဍပ်များအနေဖြင့် မြန်မာ၊ သိရီလင်္ကာ၊အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်း၊ နီပေါ။ လာအို၊ ကမ္ဘောဒီယားတို့ကို တွေ့မြင်ရသည်။ အိန္ဒိယသံဃာ အပါအ၀င် ဘင်္ဂလားဒေရှ် နှင့် အခြားနိုင်ငံသံဃာများက သီးသန့် မဏ္ဍပ်မထိုးဘဲ အေးမျှလှသော မဟာဗောဓိ ပင်ကြီး၏ အရိပ်အာဝါသ အောက်တွင် ရွက်ဖတ်ပူဇော်ကြ၏။ ထေရ၀ါဒ သံဃာများ သီးသန့် ရွှတ်ဖတ် ပူဇော်ကြသော ပွဲတော်ကြီးလဲ ဖြစ်ပေ၏။
     နှစ်စဉ်နှစ်တိုင်း ထေရ၀ါဒ သံဃာများရွတ်ဖတ်ပူဇော်ပွဲ ပြီးလျှင် တိဗက်သံဃာများ ရွက်ဖတ်ပူဇော်ပွဲကြီးကို ကျင်းပကြသည်။ ထိုကြောင့် ၀တ်ပြုနေကြသော တိဗက်သံဃာများစွာကိုလဲ ဖူးမြင်ခွင့်ရခဲ့သည်။
          မိမိသည်လည်း ယင်းပွဲတော်ကြီးကို နှစ်နှစ် ပါဝင် ဆင်နွဲခဲ့ဖူးသည်။ ထိုနှစ်များက မြန်မာ မဏ္ဍပ်သည် အခြားနိုင်ငံ မဏ္ဍပ်များနှင့် ယှဉ်လျှင် အညံ့ဆုံး မျက်နှာ အငယ်ရဆုံးဖြစ်၏။ ယခုကား ယခင် နှင့် မတူတော့ပြီ။ အခြားမဏ္ဍပ်များ၏ အလယ်တွင် မြန်မာမဏ္ဍပ်ကား အလှပဆုံး၊ အတင့်တယ် ဆုံး ဖြစ်နေ၏။ ရွေတိဂုံ ဘုရားပုံတော် အပါအ၀င် အခြား တန်ခိုးကြီးဘုရားပုံတော်များကလည်း မဏ္ဍပ်ကို တန်ဆာ ဆင်ထားကြ၏။ မိဒီယာ ဓာတ်ပုံဆရာများ စိတ်ဝင်စားစရာ အကောင်းဆုံး မဏ္ဍပ်ဖြစ်နေပေ၏။
     ကြုံတောင့်ကြုံခဲ ချတ်တင်း ပွဲတော်ကြီးလဲ ဖြစ်ပေ၏။ ယင်းနေ့ နေ့ဆွမ်းကို ဗီယက်နမ် အဖွဲ့က ဆက်ကပ်လှူဒါန်းသည်။ မိမိလည်း မြန်မာကျောင်းတွင် ဆွမ်းမစားဘဲ သီတင်းသုံးဖော်သံဃာများနှင့်အတူ ချတ်တင်း ဆွမ်းကျွေးမဏ္ဍပ်တွင် ဆွမ်းစားဖြစ်ခဲ့သည်။ ဒကာကြီးနှင့် ဒကာမကြီးတို့လဲ ဘုရားဖူး တရားထိုင်ကြပြီး မြန်မာကျောင်းကို ပြန်ကာ အနားယူကြသည်။ ကျောင်းနှင့် ဘုရား သိပ်မဝေးသည့်အတွက် သူတို့ဘာသာ သူတို့ သွားတတ် ပြန်တတ်ကြသည်။
                                                                                       သိမ်မွေ့ဦး ( BHU)
19/12/2011
ရေကြည်တပေါက်၊ အေးရိပ်မြမြ အမွေ
         တောကိုမှီ၍သာ လူသား မျိုးနွယ်စု၏ ယဉ်ကျေးမှု သမိုင်းခရီးရှည်ကို ချီတက် နိုင်ခဲ့ကြ၏။ ဥာဏ်အလင်းကိုလည်း တောမှာပင် ရှာမှီး သိမြင်ခဲ့လေပြီ။ “ဥတုရာသီ တောကို မှီ၏” ဟူသော ရှေးလက်ဆောင်ကလေးလည်း မပျောက်ပျက်စကောင်း။ ထို့ထက် အဖိုးတန်သော ပညာအမွေသည်လည်း မရှိနိုင်ခဲ့။ ရှင်သန်မှုအတွက် လိုအပ်ချက်များ၏ ပင်ရင်းလည်း ဖြစ်သည်မို့တမုံ့။
      ချိုသော အသီးကို သုံးဆောင် နေရသေးသည့်အတွက် ကျေးဇူးတင်ပါ၏။ မွှေး ကြူသော ရနံ့နှင့် ဗဟုအရောင် ပန်းလက်ဆောင်တို့အတွက် မိမိတို့မှာ ထပ်တူ ပြန်မပေးနိုင်ပါ။ ကြည်သော ရေချိုကြောင့်သာ အမိနို့ရည်ကို စို့နိုင်ခဲ့သည်။ အသို့ ကျေးဇူး တုံ့ရပါမည်နည်း။ သန့်သော လေနှင့် ငြိမ်းသော အေးရိပ် ဆာယာအောက်တွင် ပညာခရီး ဆက်ခဲ့ကြပြန်ပါသည်။ ပျော်ရွှင် ကြည်နူးစွာ တူတူပုန်းတမ်း ကစားနိုင်သော အခွင့်အရေး အတွက်လည်း ကျေးဇူးပါ။
   အပွင့်အရွက်များ ဆွတ်ခူးခြင်း၊ သစ်သီးဝလံများ ယူသုံးခြင်းနှင့် အကိုင်းအခက်များ ချိုးဖျက်ရုံမကဘဲ ပင်စည်ကိုလည်း ဖြတ်ပြီး အမြစ်ပါမကျန် တူးဆွ ခုတ်လှဲကြသူတို့၏ မိုက်မဲမှု ဒဏ်ကို အားလုံး ခံစားနေ ကြရပြီ။ တောကို ခုတ်ခဲ့ကြသည်။ တောင်ကို ဖြိုချနေဆဲ။ မြစ်တို့၏ လွတ်လပ်ခွင့်ကို သိမ်းယူချင်ပြန်သေး သည်။
 မြစ်တို့သည့် မာယာ မများခဲ့။ မကောက်ကျစ်ခဲ့။ သူမသည် စီးဆင်းရုံမျှသာ။
တောတို့သည်လည်း မလှည့်စားတတ်ခဲ့။ မခြောက်လှန့်ခဲ့။ ပံ့ပိုးရုံမျှသာ။
သန့်စင်သော ရိုးရာဂီတတို့ကို တောမှာ ဖွဲ့စည်းခဲ့ကြသည်။ စိတ်၏ ရုန့်ရင်းမှုကိုလည်း တောက ပြေလျော့စေခဲ့သည်။
မြစ်တို့ ကောသည့်အခါ၊ တောတို့ ကွယ်သည့်အခါဝယ် လူတို့ ရိုင်းပြလာကြမည်။ ကွန်ကရစ်တောတွင် အဘယ်ပန်းတို့ ရနံ့မွှေးပါသနည်း။ တောရှိပါမှ ငြိမ်းချမ်းရေးလည်း အရသာရှိမည်။ လူတို့ အဆွေ ငါးကြီးများ၊ ငှက်ငယ်များနှင့် သားရဲတို့၏ နားခိုရာ ရေကျင်း၊ ပင်မြင့်ယံနှင့် ဂူအိမ်တို့သည်လည်း မရှိသင့်ပြီလော။
စိမ်းညို့သော တောရင်ခွင် နောက်ခံနှင့် ပြာစင်သော မြစ်ဝမ်းအိမ်တို့မှ မွေးဖွား လာခဲ့ ကြသည့် ပညာရှိ ဦးဇီးကွက်၊ ဆင်ရိုင်းကြီးကို အပေါင်းအဖော်များနှင့် ညီညီညွတ်ညွတ် အံတုခုခံ ခဲ့သည့် ဘီလုံးငှက်၊ ကလေးကယ်ဆယ်သည့် အံ့ဖွယ် ဝန်ပိုငှက်ကြီးများ၊ မတူသော ပတ်ဝန်း ကျင်ကြောင့် အကျင့်စာရိတ္တ ကွဲပြားရှာရသည့် ကျေးညီနောင်၊ သစ္စာတရား ကြီးမားလွန်းလှသူ အောက်ချင်းငှက် မောင်နှံ၊ ရွှေဥသော ဘဲငန်း၊ ပျားဖွပ်သည့် ဝက်ဝံကြီးများ၊ သက်ကယ်ရိတ် သွားသော ရွှေယုန်နှင့် ရွှေကျား၊ ကျေးဇူး သိတတ်သည့် ကြွက်ငယ်နှင့် ခြင်္သေ့မင်း၊ ဒေါင်းယောင် ဆောင်သော ကျီး၊ ဆယ်လမွန် ငါးများနှင့် ကြိုးကြာငှက်တို့၏ မိုင် ထောင်ချီ အိမ်အပြန်ခရီး ပုံပြင် ဇာတ်လမ်းတို့ကို ငွေလသာသော ညများတွင် ကုက္ကိုပင်အောက် ကွပ်ပျစ်ပေါ်၌ အဖွားက ပြောပြ ခဲ့ခြင်းကြောင့် မိမိတို့ အတွေးဥာဏ်နှင့် ရသ ခံစားမှုတို့ စတင် မွေးဖွားလာခဲ့လေသည်။
တော၏ နိဂုံး၊ တောင်၏ နေဝင်ချိန်နှင့် စီးထွက်သွားတော့မည့် မြစ်တို့နှင့် အတူ လက်ဦးဆရာလည်းဖြစ်သည့် ချစ်စရာ့ မြန်မာမှု ပုံပြင်၊ ကဗျာ တို့ကို ဆုံးရှုံးသင့်ပါ၏လော။
စမ်းချောင်းလေး ကျဉ်းလှတယ်
မြစ်လောက်သူ မကျယ်
ပင်လယ်ကြီးက အကျယ်ဆုံး
လှိုင်းတွေ တဝုန်းဝုန်း။
ငယ်စဉ်တောင်ကျေး အရွယ်ကတည်းက ခံစားသိမြင်ခွင့် ပေးခဲ့ကြသူ ဆရာဆရာမ တို့ထံမှ မြန်မာ့ရေမြေတောတောင် အမွေမှာ အသွေးအသားထဲ စိမ့်ဝင်နေခဲ့ပြီ။
တောင်တောရယ်သာ
မာလာက ငုံဖူး
တပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်က မြူး။
          ပြတိုက်ထဲတွင် ချန်ထားရစ်လို့ မရသည့် အရာများစွာကို မည်သို့ လက်ဆင့်ကမ်း ကြပါမည်နည်း။ နောင်မျိုးဆက်တို့အတွက် တောတစ်တောနှင့် မြစ်တစ်စင်းလောက်တော့ ကျန်ရှိနေသင့်ပါသည်။
မြစ်ဧရာ
မြသားငယ်တဲ့ ရေယမုန်။
ငွေလှိုင်းတွေ ဖြူစွာနှင့်
မြစ်ဧရာ နဒီကြောမှာ
မျောကြဒိုက်ပုံ။
ကျူဝါးရုံ တူစုံကွဲ့ ဖော်နှော။
ဘုံမတီး ရယ်နှင့်
ငှက်ကြီး ရွှေဝန်ပိုတို့
ဝဲခိုလို့ မျှော။ ။
            အသိဥာဏ် ကြီးမြင့်ကြရန် အချိန်များစွာ မနှောင်းသေးပါ။
အကျွန်ုပ်တို့အားလုံးတွင် ဆင်ခြင်တုံတရားလည်း ရှိနေပါသေးသည်။
တော၏ သင်ရိုးညွှန်းတမ်းနှင့် မြစ်ရေစီးသံ၏ ဖတ်စာကို လျစ်လျူမရှုစကောင်း။
သမိုင်းနှစ်ထောင်ချီသည့် ရာဇဝင် အဆက်ဆက် မြန်မာတို့ကို ရေချိုကြည်အေး တိုက်ကျွေးခဲ့သည့် ထိုထိုသော မိခင်မြစ်ကြီးများ၏ ကျေးဇူး တရားကိုလည်း စော်ကားရန် စိတ်ကူးမျှသော် မထားလေနှင့်။
အကျွန်ုပ်တို့မှာ သဘာဝကို ဖန်တီးတည်ဆောက် တုပခြင်းငှါ မစွမ်းသာ၍။
သို့သော် ပြုစုယုယခွင့်နှင့် ထိန်းသိမ်းစောင့်ရှောက်ခွင့်လေးတော့ ရှိနေပါသေးသည်။
ကျေးဇူးတရား ကြီးမားသူတို့ကို ပြန်လည်ကျေးဇူး ပြုခြင်းတည်း၊ မမေ့မလျော့ခြင်းတည်း ဟူသော ကတညုတ၊ ကတဝေဒီ မင်္ဂလာတရားနှင့် အညီ ရှင်သန်ခွင့်ကို ရယူကြသင့်ပါ၏။ လောကတ္ထစရိယကို ကျင့်သုံးသည့် ရွာသားတို့၏ ဇာတိပုညနှင့် အစဉ်အလာကို ဆင်ခြင် ကြပါစို့။
ထိုထက်ပို၍ ကြီးမြင့်သော ဥာဏ်ပညာ မရှိပြီတည်း။
       အဖိုးအဖွားတို့ ချန်ထားခဲ့ကြသည့်အတွက် မိမိတို့သည် စိမ်းလန်း လတ် ဆတ်သော လေနှင့် ရှင်သန်နိုင်ခဲ့ကြသည်။ စိမ့်ကြီး၊ မြိုင်ကြီးတို့၏ ရင်ခွင်တွင် လုံခြုံစွာ ခိုနား ခဲ့ကြရသည်။မွေးဖွားလာကြဦးမည့် မျိုးဆက်တို့အတွက် မြို့ ဦး၊ ရွာဦးထိပ်တွင် အရိပ် ကောင်းကောင်း မန်ကျည်းပင်ပျို တစ်ပင်နှင့် အေးစိမ့်နေ သာ ရေချိုကြည်မြ ထည့် ထားသည့် ရေချမ်းအိုးစင်ငယ်လေး တစ်စင်လောက် ချန်ရစ် ထားပေးခဲ့ ကြပါစို့။
ကမ္ဘာကြီးလည်း အရိပ်ရပါစေ။
                                                   သိန်းနိုင်( မောက္ခပညာရေးမဂ္ဂဇင်းမှ ကူးယူပါသည်)
08/12/2011
ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ဆုတောင်းပွဲ ( ၂ )
   တောင်ကုန်းပေါ်က ဆင်းပြီး အမှတ်သုံးကားပေါ်တက်၊ ကားပေါ်ကဆင်းပြီး ပုတ်ရဟန်းမင်းကြီး၏ ရထားပေါ်တက်တော့လည်း အမှတ်သုံးတွဲမှာပဲ ဖြစ်လေသည်။ အပြန်မှာ ယှဉ်တွဲထိုင်လာသူကတော့ တရုပ်နိုင်ငံ၊ ရှောင်လင်ကျောင်းတိုက်က သိုင်းကစားတတ်သည့် တရုပ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးပင် ဖြစ်သည်။ အစီစီမြို့သို့ အသွားတုန်းက ရထားပေါ်မှာ ကွန်ဂိုဘုန်းတော်ကြီးနှင့် ကွန်ဂိုဘာသာရေးအကြောင်းတို့ကို ဆွေးနွေးမိကြသည်။ အစီစီမြို့မှ ရောမမြို့သို့ ပြန်သောအခါမှာတော့ တရုပ်ရှောင်လင်ဘုန်းကြီး မေးသမျှ မြန်မာ့ဘာသာရေးအကြောင်းတွေကို ပြောခဲ့ရလေသည်။  
      တွေးတောမိသည်မှာ တရုပ်ပြည်က ယန်စီမြစ်သည်လည်း ပင်လယ်သို့ ၀င်၏။ မြန်မာ့ ဧရာဝတီမြစ်သည်လည်း ပင်လယ်မှာပင် အဆုံးသတ်၏။ အိန္ဒိယနိုင်ငံက ဂင်္ဂါမြစ်သည်လည်း ပင်လယ်သို့ရောက်တော့ ပန်းဝင်သည် မဟုတ်လော့?. အီဂျစ်က နိုင်းမြစ်၊ ဥရောပက ရိုင်းမြစ်၊ မြောက်အမေရိကက မစ္စစပီမြစ်၊ တောင်အမေရိကက အမေဇုံတို့သည်လည်း ပင်လယ်သို့သာ ၀င်ကြလေကုန်၏။ အမည်တို့ကို ကုန်းပေါ်မှာ ထားခဲ့ကြလေသည်။ ပင်လယ်ထဲသို့ရောက် အမည်ပျောက်၍ ပေါင်းကြလေကုန်၏။
     နှစ်ဆယ့်ရှစ်နေ့ ညနေခင်းနှင့် ညဥ့်ဦးယာမ် ရောမမြို့အလှအပကို အနည်းငယ်မျှ ကြည့်ရှုခဲ့ကြပြီး ဟိုတယ်ပြန်၍ ပစ္စည်းသိမ်းရသည်။ နှစ်ဆယ့်ကိုးရက်နေ့ နံနက်ခင်း ဟိုတယ်မှထွက်၍ ရောမလေဆိပ်သို့ သွားကြရသည်။ မြန်မာသံရုံးက ကပ်သော မြန်မာထမင်းဟင်းအရသာကို မြိန်ယှက်စွာစားသုံးကြပြီး အီတလီလေကြောင်းဖြင့် ရောမမြို့မှ မီလန်မြို့သို့ ခရီးဆက်ခဲ့ကြသည်။ ထိုင်းလေယာဉ်ပျံ သည် ရောမတစ်လှည့် မီလန်တစ်လှည့် အဆင်းအတက်ပြုလုပ်သည်ဖြစ်ခြင်းကြောင့် အပြန်တွင် ရောမရက်နှင့် မကြုံဘဲ မီလန်ရက်နှင့် ကြုံနေခြင်း ဖြစ်သည်။ မီလန်သို့ရောက်တော့ ထိုင်းလေယာဉ်ပျံကောင်တာသို့ဝင်၍ ချက်ကင်လုပ်ပါသည်။ လေယာဉ်ပျံအင်ဂျင်စက်ထဲ ငှက်တွေ ၀င်သွား၍ လေယာဉ်ပျံ မတက်နိုင်တော့ပါဟု ထိုင်းလေယာဉ်ဝန်ထမ်းများက ဆိုကြသည်။ မိမိစုထားသည့် ထိုင်းလေယာဉ်ပျံ ပျံသန်းထားသည့် မိုင်ပေါင်းရှစ်သောင်းခန့်တို့ ကိန်းအောင်းနေသော ပလက်တီနန်ကဒ်ကို ပြလိုက်တော့ မီလန်မြို့လေဆိပ်က ထိုင်းလေကြောင်းအမှုထမ်းတို့သည် ချက်ချင်းခရီးဆက်နိုင်အောင် စီမံပေးကြသည်။ အီတလီနိုင်ငံ၊ မီလန်မြို့မှ ဂျာမဏီလေယာဉ်ပျံသို့ တင်ပေးလိုက်သည်။ မီလန်မှ ဂျာမဏီနိုင်ငံ၊ ဖရန့်ဖတ်မြို့သို့ ဂျာမန်လေကြောင်းဖြင့် ညရစ်နာရီမှာ ရောက်ကြသည်။ ဖရန့်ဖတ်လေကြောင်းရှိ ထိုင်းလေကြောင်းဝန်ထမ်း တို့က လေဆိပ်ထဲမှာစီးသော ဘက္ထရီဖြင့်မောင်းသော ကားကလေးဖြင့် ထိုင်းလေယာဉ်ပျံဆိုက်ထားသော ဂိတ်အရောက်ပို့ပေးကြသည်။ အကောက်ခွန်နှင့် လူဝန်မှုကြီးကြပ်ရေး လုံခြုံရေးတို့ကို အစစ်အဆေးခံယူခြင်း၊ ဖြတ်သန်းခြင်းတို့၌ ဘက္ထရီကားကလေးကိုမောင်းသောဂျာမန်လူမျိုး ယာဉ်မောင်းအမျိုးသမီးကြီးက ဆောင်ရွက်ပေးသဖြင့် ကားပေါ်က မဆင်းလိုက်ရဘဲ အဆင့်ဆင့်ဖြတ်သန်း၍ လေယာဉ်ပျံ တံခါးပေါက်သို့ ရောက်သွားသည်။ နောက်ဆုံးခရီးသုံးယောက် သီတဂူဆရာတော်၊ အတွင်းရေးမှူးသုံး ဦးဝင်းအောင်နှင့် ဖာသာတင်ဝင်းတို့ သက်ပြင်း ဟင်းကနဲချ လေယာဉ်ပျံထိုင်ခုံပေါ် ထိုင်ချလိုက်ကြသည်။ အချင်းချင်းကြည့်၍ ပြုံးနေကြသည်။ ကမ္ဘာ့အ၀ှမ်း ငြိမ်းချမ်းပါစေ! သတ္တလောကတစ်ခုလုံး ကြိမ်မီးအုံးသလို ဖြစ်ခြင်းမှ လွတ်မြောက်ကြပါစေ!.
      သီတဂူစန်းလ ပမာ ချမ်းမြသာယာ ရှိကြပါစေ! ဟု အားလုံး ဆုတောင်းကြပါသည်။ ထိုင်း၊ အီတလီ၊ ဂျာမဏီတို့ကို ဖြတ်သန်းခဲ့ရသော ပုတ်ရဟန်းမင်းကြီး စီမံသည့် ငြိမ်းချမ်းရေး ခရီးမှ ပြန်လာပြီးနောက်၊ အောက်တိုဘာလ သုံးဆယ်ရက်နေ့မှာတော့ မြစ်ကြီးနား၊ ပူတာအို စက္ခုဒါနခရီးကို ဆက်ကြရလေသည်။ ရပ်နေသော ရေသည် ညစ်၏၊ မပြတ်စီးနေသော ရေသည် သန့်ရှင်း၏။
      မှတ်ချက်/ ပုတ်ရဟန်းမင်းကြီး၏ ကမ္ဘာ့ငြိမ်းချမ်းရေး မိန့်ခွန်းကို သီးခြားဖေါ်ပြထားပါသည်။
                                                     (သီတဂူဆရာတော်)
                                              မှတ်တမ်းတင်သူ ရှင်သုခ (မင်းလှ)
06/12/2011
ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ဆုတောင်းပွဲ ( ၁ )
     ကမ္ဘာပေါ်လူသားတို့ ကိုးကွယ်ဆည်းကပ်ကြကုန်သော ဘာသာတရားတို့သည် အပြင်အပ အသွင်အပြင် သို့မဟုတ် အပေါ်ယံ အနေအထားအမျိုးမျိုး မတူခြားနား ကွဲပြားကြသော်လည်း အတွင်းကျကျ အနှစ်သာရ “Inner core” မှာမူ များစွာတူညီကြပေပြီ။ ဥပမာ သီလ “Precept”, မေတ္တာ “Universal love”, ကရုဏာ “Compassion”, ပညာ “Wisdom”, ဤဆိုခဲ့သည့် အဓိကကျသော အချက်အလက်တို့မှာ ဘာသာတရားအားလုံးတို့၏ “Commom Platform”, သဖွယ်ဖြစ်သော “(Ethical System), များ ဖြစ်ကြသည်။ သူ့နည်းသူ့ဟန်ဖြင့် ကျင့်သုံးကြပုံများ ကွာခြားနိုင်ဖွယ်ရှိသော်လည်း အားလုံးတို့၏ ဦးတည်ချက်မှာ သန္တိ (သျှန္တီ)၊ ငြိမ်းချမ်းခြင်း။ အကမ္ပိ၊ မတုန်လှုပ်ခြင်း သို့မဟုတ် တည်းငြိမ်ခြင်း။ “Stabality”, ၀ိမုတ္တိ၊ လွတ်မြောက်ခြင်း။ “Freedom” ဟူသည့် ဘုံရည်ရွယ်ချက်များ၌ သူ့နည်း သူ့ဟန်ဖြင့် တူညီကြသည်က များပေသည်။ 
    ထို့ကြောင့် ဘာသာတရားတိုင်း၌ ခွင့်လွတ်ခြင်း၊ “Forgiveness”, သီးခံခြင်း၊ “Tolerance”, အနတ္တ၊ “Self-lessness”, ကိုယ်ကျိုးမဖက်ခြင်း။ သူတပါးတို့၏ အကျိုးစိးပွားကို ဆောင်ရွက်ခြင်းတို့သည်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘုံကျင့်စဉ် “Common Ethic” များဖြစ်သည်ဟု သဘောရပေသည်။
  အီတလီနိုင်ငံ၊ ရောမမြို့ထဲက ဘာတီကန်မြို့တော်တွင် ဗဟိုဌာနချုပ်ထားရှိသော သို့မဟုတ် ရုံးစိုက်သော ခရစ်ယာန်ဘာသာဝင်တို့၏ အကြီးဆုံး အကြီးအကဲ ပုတ်ရဟန်းမင်းကြီးက အထောက်အပံ့ “Sponsor” ပေးသဖြင့် ကမ္ဘာ့ဘာသာပေါင်းစုံ အစည်းအဝေးပွဲကြီး တစ်ခုကို ရောမမြို့တော်မှ သုံးနာရီခွဲမျှ ရထားစီး၍သွားရသော ရောမမြို့၏ အနောက်ဘက်ယွန်းယွန်းမှာ ရှိသည့် အစီစီ (……) တောင်ပေါ်မြို့လေး တစ်ခု၌ ကျင်းပခဲ့သည်။ ရိုမာန်ကက်သလစ် ဘာသာဝင်တို့၏ခေါင်းဆောင် ပုတ်ရဟန်းမင်းကြီးက အသွားအပြန် လေယာဉ်စရိတ်များ၊ ဟိုတည် တည်းခိုခများ၊ ပြည်တွင်းခရီးစဉ် သွားလာမှုများအားလုံးကို တာဝန်ယူ၍ နိုင်ငံပေါင်း(၁၀၀)ကျော်မှ ဘာသာတရားအားလုံးတို့၏ ဘာသာရေးခေါင်းဆောင်ပေါင်း (၂၀၀)ကျော်ကို ဖိတ်ကြားခဲ့သည်။ ရောမမြို့လေဆိပ်၌ ရိုမာန်ကက်သလစ် ဘုန်းတော်ကြီးများ၊ သီလရှင်များက ယုယုယယ လှိုက်လှိုက်လှဲလှဲ ကြိုဆြိုကပါသည်။ ဖိုက်စတားဟိုတည် များ၌ နေရာထိုင်ခင်းပေးပါသည်။ အလွန်အရေးကြီးပုဂ္ဂိုလ်များကို သီးခြားကားငယ်ကလေးများဖြင့် ကြိုဆိုသယ်ဆောင်ကြပြီး အခြားပုဂ္ဂိုလ်များကို အဆင့်မြင့် ဘတ်စ်ကားကြီးများစီစဉ်၍ အကူအညီ အစောင့်အရှောက် လမ်းညွှန်ပုဂ္ဂိုလ်များဖြင့် ခရီးဦးကြိုဆို ပြုကြပါသည်။ မြန်မာနိုင်ငံမှ သီတဂူဆရာတော်၊ ရိုမာန်ကက်သလစ်ဘုန်းတော်ကြီး ဦးတင်ဝင်း၊ သီတဂူအတွင်းရေးမှူးသုံး ဦးဝင်းအောင်တို့ တက်ရောက်ခဲ့ကြသည်။ နေရာတကာ အင်္ဂလိပ်စကားပြော၍မရသော အီတလီ၌ ရောမရောက် မြန်မာ သံရုံးက သံအမတ်နှင့် သံတမန်ဝန်ထမ်းများက ကြိုဆိုခြင်း၊ လမ်းညွှန်ခြင်း၊ လိုက်လံပြသခြင်းတို့ခြင့် “Buddhist Mission”, ကို များစွား အကူအညီ အထောက်အပံ့ပေးခဲ့လေရာ အခက်အခဲ အဖုအထစ်မရှိ ချောမောပြေဖြစ်၍ အလွန်ဝမ်းသာ ကျေးဇူးတင်ရပေသည်။
   ၂၇-ရက်နေ့ နံနက်စာကို ဟိုတယ်မှာ စောစောစားကြပြီး ပုတ်ရဟန်းမင်းကြီး၏ ဗဟိုဌာနဖြစ်သော ဘာတီကန်မြို့တော် စိန့်ပီတာကျောင်းတော်ကြီးသို့ သွားကြရသည်။ စိန့်ပီတာကျောင်းတော်ကြီး၏ အနီး၌ ပုတ်ရဟန်းမင်းကြီး၏ရထား စိုက်ရောက်ထားပြီး ဖြစ်သည်။ အတွဲပေါင်း(၇)တွဲပါသော ပုတ်ရဟန်းမင်းကြီး၏ တွဲတို့ကို နံပါတ်အစဉ်အတိုင်း ထိုးထားသည်။ သီတဂူအဖွဲ့စီးလာသော ဘတ်စ်ကားမှာ နံပါတ်သုံးဖြစ်၍ ရထားရောက်တော့လည်း တွဲနံပါတ်သုံးမှာပင် နေရာယူကြရပါသည်။ ရထားမှာ ထမင်းဆိုင် တွဲ၊ ကော်ဖီဆိုင်တွဲပါသဖြင့် အလွန်အစဉ်ပြေပါသည်။ ဒိုးလျှိုပေါက် အမြီးမှခေါင်း၊ ခေါင်းမှ အမြီးသို့ သွားလာနိုင်ပါသည်။ တွဲပေါ်ရောက် ကြည့်လိုက်တော့ “Syprus, Greek, Turkis, Azarbaijan, Iran, Iraq, အစရှိသော “Middle-East” က ဘာသာရေးခေါင်းဆောင်များ၊ ဥဇဘက်ကစ္စတန်၊ တာဂျစ္စတန်၊ ကာဇစ္စတန်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် စတဲ့ “Central Asia” နိုင်ငံများမှ မရင်းနှီးဘူးသည့် ဘာသာရေးခေါင်းဆောင်များ၊ ထို့အပြင် တောင်အာဖရိကနှင့် တောင်အမေရိကတိုက်မှ ဘာသာရေးခေါင်းဆောင်များကို တွေ့ရပေသည်။ ဘာတီကန်မှ ရထားထွက်သည့်အခါ ရထားတွဲများကို ဒိုးလျှိုပေါက် လျှောက်လှမ်းကြည့်မိခဲ့ရာ အရောင်အသွေးမျိုးစုံနှင့် အဆင်အပြင် အသွင်အပြင် အမျိုးမျိုးအဖုံဖုံတို့နှင့် ဘာသာရေးမျိုးစုံတို့၏ ပန်းမျိုးပွင့်သည့် ပန်းဥယျာဉ် တစ်ခု ရွေ့လျားနေသကဲ့သို့ တွေးထင်မိလေသည်။
  လမ်းဘေးဝဲယာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ အပြည့်အ၀ ချထားသည်ကို အစီစီမြို့ရောက်သည့်အထိ တွေ့ရသည်။ ရထားလမ်းနှင့် မော်တော်ကားလမ်း ဘေးချင်းယှဉ်လျက် သွားသောနေရာတိုင်း၌လည်း အီတလီပုလိပ်တို့၏ လုံးခြုံရေးယာဉ်များ ၀ဲယာနှစ်ဖက်ညှပ်၍ လိုက်ပါလာသည်ကို တွေ့ရသည်။ ကောင်းကင်ယံက ဟယ်လီကော်ပတာ ရဟတ်ယာဉ်လုံခြုံရေးလည်း တစ်လျှောက်လုံးလိုက်ပါလာလေသည်။ လမ်းဘေးဝဲယာတို့၌ ခရီးတစ်လျှောက်လုံး ပန်းခိုင်များ၊ အလဲငယ်ကလေးများကို ဝှေ့ရန်းနှုတ်ဆက်ကြသည့် လူအုပ်ကြီးမှာ မိဘဆွေမျိုးတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ ခရီးအဝေးမှ ရွာသို့ပြန်လာရာတွင် ရွာအ၀င်မှ ဆွေမျိုးဥာတကာတွေ ကြိုဆိုနေကြသလိုပင် ဖြစ်သည်။ မိမိနှင့် နှစ်ခုံတွဲမှာ ဘေးတိုက်ယှဉ်၍ထိုင်လာသူကား နယူးယောက်မြို့မှ ဘစ်ရှော့(Bipshop)တစ်ပါးဖြစ်သည်။ မျက်နှာချင်းဆိုင်ခုံမှ နှစ်ယောက်တွဲမှာ ကညာနှင့် ကွန်ဂိုတို့က အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသည်။ ဘာတီကန်မှ ခုနှစ်နာရီထွက်သော ရထားသည် အစီစီမြို့သို့ ဆယ်နာရီမှာရောက်သည်။ အစီစီမြို့ က မြို့ဝင်မြို့ထွက် ကြိုဆိုနေသည့် လူအုပ်ကြီးမှာ နှစ်ပေါင်းများစွာ ကွဲကွာနေသော ဆွေမျိုးများနှင့် ပြန်လည်ဆုံးတွေ့သည့်အလား အားပါးတရ ကြည့်နူးမှုကို ခံစားရသည်။ အစီစီမြို့၊ စိန့်ဖရန်စစ်ဘုရားကျောင်းကြီး၏ အ၀င်ဝမှ ပုတ်ရဟန်းမင်းကြီးက စောင့်ကြိုနေသည်။ ဘာသာရေးခေါင်းဆောင်အားလုံးတို့ကို ပြုံးပြုံးရွှင်ရွှင် လက်ဆွဲနှုတ်ဆက်သည်။ ကျောင်းတော်ကြီး၏ ဘုရားဝတ်ပြု ခန်းမဆောင်၌ အားလုံးစုဝေးကြသည်။ ထိုကျောင်းတိုက်ကြီး၏ အကြီးအကဲ ရိုမာန်ကက်ကလစ်ဘုန်းတော်ကြီး ---------က နှုတ်ခွန်းဆက်စကား မြွက်ကြားသည်။ ဘာသာရေးခေါင်းဆောင် တစ်ဆယ့်ငါးယောက်ခန့်က ငြိမ်းချမ်းရေးစကား၊ သီးခံခွင့်လွတ်ခြင်း မေတ္တာစကား မိန့်ကြားကြသည်။ ပုတ်ရဟန်းမင်းကြီးက ထိုနံနက်အခန်းအနား၏ အပိတ်နှုတ်ဆက်မိန့်ခွန်း မိန့်ကြားသည်။ ထိုအစီစီမြို့၊ စိန့်ဖရန်ဆစ်ကျောင်းတိုက်ကြီး၏ ဧည့်ခန်းမဆောင်ကြီး၌ နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေး ကြသည်။ ဘာသာရေးခေါင်းဆောင်အားလုံးတို့ အတူတကွ နေ့လည်စာ သုံးဆောင်ကြသည်။ နေ့လည်စာ စားပြီးလျှင် ဆယ့်နှစ်နှစ်နာရီမှ တစ်နာရီအထိ ဘာသာရေးခေါင်းဆောင် တစ်ယောက်စီ တစ်ယောက်စီတို့အား တစ်ယောက်စီ တစ်ယောက်စီနေဖို့ ကမ္မဋ္ဌာန်းကျောင်းငယ်လေးများနှင့်တူသည့် သီးခြားအခန်းငယ်လေးများ ပေးသည်။ ဘာသာရေးခေါင်းများ အသီးအသီး တစ်ယောက်စီ တစ်ယောက်စီ သူ့နည်း သူ့ဟန်ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းများ တောင်းကြရန်ဖြစ်သည်။
  သီတဂူဆရာတော်ကိုယ်တိုင်ကတော့ ရတနသုတ်ကို ကိုးခေါက်ရွတ်၍ ပရိတ်နှင့်ဆုတောင်း ပေါင်းလိုက်သည်။ ခေတ္တမျှမှိန်း၍ ငြိမ်ငြိမ်နေနေတုန်း တံခါးခေါက်သံကြား၍ ကြည့်လိုက်ရာ နေ့လည် တစ်နာရီ ဆယ့်ငါးမိနစ် ရှိနေပေသည်။ ခပ်သုတ်သုတ်ပြေးဆင် နံပါတ်သုံးကားပေါ်တက်ပြီး ကားတန်းကြီးထွက်ခဲ့ရာ စိန့်ဖရန်ဆစ်ဘုန်းတော်ကြီး၏ ရုပ်အလောင်း သိမ်းဆည်းထားရာ အစီစီမြို့၏ အနောက်ဘက် တောင်ကုန်းပေါ်သို့ တက်ရလေသည်။ စစ်ကိုင်းတောင်နှင့် ခပ်ဆင်ဆင် တူတော့သည်။ ကျောင်းကြီး၏အပေါက်ဝ ရင်ပြင်မှာ ဆောက်ထားသော စင်မြင့်ပေါ်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲတစ်ခု ပြုကြသည်။ တစ်ယောက်လျှင် စက္ကန့်သုံးဆယ် လေးဆယ်မျှစီ ငြိမ်းချမ်းရေးစကား ပြောကြသည်။ ပုတ်ရဟန်းမင်းကြီးက အခန်းအနားသိမ်းစကားကို မြွက်ကြားသည်။ အပြစ်ရှိသူ လုသားတို့ အပြစ်ကင်း၍ သန့်ရှင်းခြင်း၊ လွတ်မြောက်ခြင်း အထိမ်းအမှတ်ကို ရည်ရွယ်သည်ဟု ယူဆသည်။ ခိုဖြူအကောင် တစ်ရာခန့် ကောင်းကင်သို့ လွတ်တင်ခဲ့ကြပါသည်။ ထို့နောက် စိန့်ဖရန်ဆစ်ဘုန်းတော်ကြီး၏ အရိုးတော်များ သိမ်းဆည်းထားရာ ကျောင်းတော်ကြီးအတွင်းသို့ ၀င်ကြသည်။ ပြန်ထွက်လာတော့ တောင်ထိပ်ရင်ပြင်မှ နေ၍ ရှေ့နောက်ဝဲယာ ကြည့်မိရာ စစ်ကိုင်းတောင် ဆွမ်းဦးပညရှင် ရင်ပြင်တော်က နေ၍ အရှေ့အနောက် ကြည့်လို့ မြင်ရသည့်မြင်ကွင်း၏ အရသာမျိုးနီးနီးကို ခံစားရချေသည်။
   တောင်ကုန်းပေါ်ကအဆင်း ၀ဲယာတောင်တန်းတစ်လျှောက် ဈေးဆိုတန်းများမှာ မန္တလေးတောင်တန်းအတက်၊ ကျိုက်ထီးရိုးတောင်တန်းအတက်က ဈေးဆိုင်တန်းများနှင့် ခပ်ဆင်ဆင် တူသည်ကို သတိပြုမိသည်။ 
                      ( ဆက်လက်တင်ပြပါမည်။)
                            သီတဂူ ဆရာတော် 
                    မှတ်တမ်းတင်   ရှင်သုခ (မင်းလှ)
05/12/2011
ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်တို့၏ အစည်းအဝေးပွဲကြီး
              ဤအစည်းအဝေးကြီးပွဲကြီးကို -2011-ခု၊ နိုင်ဝင်ဘာလ၊ 27-28-29 ရက်နေ့များတွင် သုံးရက်တိုင်တိုင်ကျင်းပ၍ (30)ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း၊ အစည်းအဝေးအောင်မြင်ခြင်းနှင့် ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ စုစည်းညီညွတ်မှုအထိမ်းအမှတ် အဖြစ် ဗောဓိပင်စိုက်ပျိုးခြင်း၊ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမား၏ ၀မ်းမြောက်ဂုဏ်ပြုစကားပြော ကြားခြင်းဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။
      နိုင်ငံပေါင်း (47)နိုင်ငံမှ ကိုယ်စားလှယ်တော်များနှင့် လေ့လာသူပေါင်း (500)ခန့်တက်ရောက်ကြသည်။ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်တို့၏ အစည်းအဝေးပွဲကို နယူးဒေလီမြို့တွင်အခြေစိုက်သော မဟာယာန၊ ၀ဇီရာယာန၊ ထေရ၀ါဒတို့ပူးပေါင်းပါဝင်သည့် အသောကမစ်ရှင် အသောကသာသာနပြုအဖွဲ့က တာဝန်ယူ၍ စည်းရုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  
    ဖိတ်ကြားထားသော ဧည့်သည်တော်များ၏ အသွား အပြန်ခရီးစရိတ်နှင့် (5)ရက်စာ ဟိုတယ်ခများကို အသောကမစ်ရှင်အဖွဲ့က လှူဒါန်းခဲ့သည်။ ထို့ပြင် အထူးဧည့်သည်တော်များကိုမူ အိန္ဒိယအဲယားလိုင်းဖြင့် ဗုဒ္ဓဂယာနှင့် ဗာရဏသီ သံဝေဇနိယဒေသနှစ်ခုသို့ ညအိပ်ဘုရားဖူးပို့ပေးခဲ့ပါသည်။ ဤဗုဒ္ဓဘာသာ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်မှာ ထေရ၀ါဒ၊ မဟာယာန၊ ၀ဇီရာယာနဗုဒ္ဓဘာသာဂိုဏ်း အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ကျယ်ပြန့်ခိုင်မာသော အဖွဲ့အစည်းကြီးတစ်ခု ဖွဲ့စည်းတည်ထောင်ရန် ရည်ရွယ်သည်။ ထိုဗုဒ္ဓဘာသာအစည်းအရုံးကြီးကို (International Buddhist confederation(IBC) ဟုခေါ်ဆိုသည်။ ဤအဖွဲ့အစည်းကြီးသည် ဗုဒ္ဓဘာသာဂိုဏ်းအချင်းချင်း၊ အသင်းအဖွဲ့အချင်းချင်း မကြာမကြာတွေ့ဆုံဆွေးနွေး၍ အသိဥာဏ်များဖလှယ်ကြရန် ချစ်ခင်ရင်းနှီးမှုများကိုတည်ဆောက်ကြရန် ဗုဒ္ဓသာသနာထိန်းသိမ်းရေး, ပြန့်ပွားရေး, တိုးတက်ရေးနှင့်ကာကွယ်စောက်ရှောက်ရေးတို့ကို ဗုဒ္ဓဘာသာ ၀င်အားလုံး အတူလက်တွဲဆောင်ရွက်ကြရန်ရည်ရွယ်သည်။
     ထို့ပြင် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာအမွေအနှစ်များ၊ အထူးသဖြင့် လုမ္ဗိနီ၊ ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ သာဝတ္ထိ၊ ကုသိန္နာရုံ၊ ဆန်ချီ၊ အဂျန်တာ အစရှိသော ဒေသများကို ၀ိုင်းဝန်းထိန်းသိမ်းစောက်ရှောက်ကြရန် ရည်ရွယ်သည်။ လူငယ်များအတွက် အခြေခံ ဗုဒ္ဓသာသနာပြုကျောင်းများနှင့် စကော်လာ ပညာရှင်များအတွက် ကောလိပ်၊ တက္ကသိုလ်များကို တည်ထောင်ကြရန် ရည်ရွယ်သည်။ အတိုချုပ်မှာ "United Buddhist organization" တစ်ခုဖွဲ့စည်း၍ "common plat fount" တစ်ခုတည်ဆောက်ကြကာ လက်တွဲလမ်းလျှောက်ကြရန် ဗုဒ္ဓသာသနာကို ကာကွယ်စောက်ရှောက်ကြရာနှိုက် တစ်ခုတည်းသောအသံ (united voice) ဖြင့် ကာကွယ်စောက်ရှောက်ကြ ရန်ရည်ရွယ်သည်။ သို့ဖြစ်ခြင်းကြောင့် "global Buddhist congregation" က "International Buddhist confederation" ကို ဖွဲ့စည်းသည်။ ဤအဖွဲ့အစည်းကြီး၏ အောက်၌ ဆပ်ကော်မတီများစွာဖြစ်လာမည်။ လိုရင်းအချက်မှာ "Buddhist confederation" က "collaboration of Buddhist affair" လုပ်ရမှာဖြစ်သည်။ ဂင်္ဂါ ယမုနာနှင့် အိန္ဒုမြစ်နှင့် အမည်မျှသာကွဲပြားကြခြင်းဖြစ်သည်။ ရေဆိုသည်မှာ အတူတူပင်ဖြစ်သည်။ ဂင်္ဂါ၊ ယမုနာ၊ အိန္ဒုမြစ်တို့သည် သူတို့၏ အမည်နာမများကို ကုန်းပေါ်မှာအားလုံးထားခဲ့ကြပြီး ကောင်းကင်ပြာအောက်က ဆားငန်ရေမှာ ပေါင်းသွားကြသည်။ ပင်လယ်သမုဒ္ဒရာ၌ "confederate" နှင့် "collaborate" လုပ်လိုက်ကြသည့်အတွက် တစ်ရောင်တည်း တစ်သွေးတည်း အရသာ တစ်ခုတည်းဖြစ်ကြလေကုန်၏။   
    ဤဗုဒ္ဓဘာသာအစည်းအဝေးကြီးကို နိုဝ်င်ဘာလ(27)ရက် နံနက် (9)နာရီမှာ အသောကဟိုတယ် အစည်းအဝေးခန်းမဆောင်ကြီး၌ ကျင်းပပါသည်။ ထေရ၀ါဒပါဠိဖြင့် ပရိတ်ရွတ်ခြင်း၊ သက္ကဋကိုအခြေခံသော တိဗက်သံဖြင့် ပရိတ်ရွတ်ခြင်းတို့ဖြင့် ဖွင့်လှစ်သည်။ စည်းရုံးရေးကော်မတီဥက္ကဋ္ဌ "lov zan" က နှုတ်ခွန်းဆက်စကား မိန့်ကြားသည်။ အိန္ဒိယနိုင်ငံသမ္မတ, ၀န်ကြီးချုပ်, ယဉ်ကျေးမှု ၀န်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်ကြမည်ဖြစ်သော်လည်း တိဗက်သံဃာတော် တို့ ခေါင်းဆောင်စီမံသော အစည်းအ၀းကြီး၌ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမား တက်ရောက်သည်ကို တရုတ်နိုင်ငံအစိုးရက ကန့်ကွက်သည်ဖြစ်ခြင်းကြောင့် အိန္ဒိယ အစိုးရ၏ အဖွဲ့အစည်းများမှ မည်သူမျှ တက်ရောက်လာခြင်းမရှိတော့ပေ။ နံနက်ခင်းဖွင့်ပွဲ၌ တိဗက်၊ ကိုရီးယား၊ ဂျပန်၊ သီရိလင်္ကာ၊ လာအို ၊ ကမ္ဘောဒီးယား၊ မြန်မာကိုယ်စားလှယ်တို့ အသီးသီးစကားပြောကြသည်။ အထူးသဖြင့်  မြန်မာနိုင်ငံ ရွှေကျင်နိကာယ သံဃရာဇာ သာသနာပိုင် ၀ါဆိုဆရာတော် ဘုရားကြီး မြန်မာလိုပြောကြားသည့် မိန့်ခွန်းကို သီတဂူဆရာတော်က အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ဘူတန်၊ မွန်ဂိုလီးယား ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ပန်ဂျပ်၊ အာဖရိကနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားလှယ်များကလည်း အသီးသီးမိန့်ခွန်းပြောကြသည်။ လားမားကြီး "lov zan" က ကျေးဇူးတင်စကားပြော၍ ဖွင့်ပွဲ အစီအစဉ်ပြီးဆုံးသည်။ ညနေ (၆)နာရီ၌ စကာပြောမည့်ပုဂ္ဂိုလ်များနှင့် အလုပ်အမှုဆောင် အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းကြသည်။ ညပိုင်းတွင် ယဉ်ကျေးမှုအကများဖြင့် ဧည့်ခံ၍ ညစာစားပွဲကျင်းပသည်။ လူပုဂ္ဂိုလ်များနှင့် မဟာယာနသံဃာတော်တို့ ညစာစားသုံးကြသည်။ (၂၈)နေ့၌ အစည်းဝေးကို ဆက်လက်ကျင်းပရာ "lalit Hotel" ၌ အခန်းလေးခန်းခွဲ၍ ကျင်းပသည်။ အခန်းတစ်ခုမှာ ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖြန့််ချိခြင်းနှင့် ဖွဲ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းများ အကြောင်းကို ဆွေးနွေးကြသည်။ ဤအခန်း၌ စကားပြောသူ (၇)ယောက်ရှိပြီး မြန်မာနိုင်ငံကိုယ်စားလှယ် သီတဂူဆရာတော်က စာတမ်းတစ်ခု မှတ်တမ်းတင် ပြောကြားခဲ့သည်။ (ထိုစားတမ်း၏မြန်မာပြန်ကို သီးခြားဖေါ်ပြမည်)။ 
    အခန်းကဏ္ဍ(၂)၌ ဗုဒ္ဓတရားတော်နှင့် စိတ်ဓာတ်ကြံ့ခိုင် ကျန်းမာရေးအကြောင်း ဆွေးနွေးကြသည်။ တတိယအခန်းကဏ္ဍ၌ ကိုယ်ကျင့်တရားနှင့် ဘ၀တန်ဘိုးအကြောင်း ဆွေးနွေးကြသည်။ စတုတ္ထအခန်းကဏ္ဍ၌ ပြောင်းလဲနေသော ကမ္ဘာ၌ ဗုဒ္ဓဘာသာ၏အနေအထား အသက်မွေးလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းအကြောင်းတို့ကို ဆွေးနွေးကြသည်။ အထူးကဏ္ဍတစ်ရပ်အနေဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ပတ်ဝန်းကျင်နှင့် သဘာဝကမ္ဘာအကြာင်းကို "Park Hotel" တွင် ကျင်းပသည်။ (၂၉)ရက်နေ့ နံက်၌ "Lalit Hotel" ၌ပင် အသိပညာများစုစောင်းခြင်း၊ "Collective wisdom, Engaged Buddhism, လူမှုရေး ဗုဒ္ဓဘာသာအကြောင်း ဆွေးနွေးကြသည်။ ကမ္ဘာတစ်ဝှမ်းလုံး၌ ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် အကြမ်းဖက်းခြင်း၊ ဆူပူသောင်းကြမ်းခြင်းတို့ကို ဗုဒ္ဓ၀ါဒရှုဒေါင့်မှ တုန့်ပြန်ခြင်းနှင့် ဗုဒ္ဓသာသနာ၌ အမျိုးသမီးတို့၏ အခန်းကဏ္ဍအကြောင်းကို ဆွေးနွေးကြသည်။ ညနေပိုင်း (၆)နာရီခွဲ၌ အထူးအစည်းအဝေးအဖြစ် မိမိဆိုင်ရာ ညီညွတ်သော ဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့စည်းပုံရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၏ အကြောင်းကို ဆွေးနွေးကြသည်။ "Park Hotel" ၌ သိပ္ပံပညာ၊ နည်းပညာတို့၌ ဗုဒ္ဓဘာသာဝင်တို့၏ အမြင်ဟူသော အကြောင်းအရာကို ဆွေးနွေးကြသည်။ 
   (၃၀)ရက်နေ့ နံနက်ခင်း၌ လာအိုသံဃာ့ရာဇာ မြန်မာရွှေကျင်နိကာယ သံဃာ့ရာဇာ ၊ တိဗက်သံဃာ့ရာဇာ (ဒလိုင်းလားမား)တို့ ခေါင်းဆောင်သော ဂိုဏ်းပေါင်းစုံ အရောင်စုံ အသွင် အပြင်မျိုးစုံသော သံဃာတော်အားလုံးတို့နှင့် ခရစ်စယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ အခြားဘာသာဝင်များ စုပေါင်း၍ မဟတ္တမဂန္ဓီဗိမာန်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပကြသည်။ ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံတို့ စုဆောင်း၍ မြန်မာ၊ လာအို၊ တိဗက် သံဃာ့ရာဇာသုံးပါးတို့က ဗောဓိပင်သုံးပင်ကို နေရှုး အထိမ်းအမှတ် ဥယျာဉ်၌ စိုက်ပျိုးကြသည်။ လာအိုက မဟာဗောဓိ၊ တိဗက်(ဒလိုင်းလားမား)က သီဟိုဠ်ဗောဓိ၊ မြန်မာက အာနန္ဒာဗောဓိကို စိုက်ပျိုးခဲ့ကြသည်။ (၃၀)ရက်နေ့ ညနေပိုင်း၌ "International Buddhist Confederation" ဖွဲ့စည်းပုံရည်ရွယ်ချက်နှင့် လုပ်ငန်းများ၊ လုပ်ငန်းကော်မတီများကို အပြီးသတ်သုံးသတ် ဆုံးဖြတ်ကြသည်။ 
   ညပိုင်း၌ အသောကမစ်ရှင် ကျောင်းတိုက်အတွင်း ဂျပန်ဘုန်းတော်ကြီးများစီမံထုတ်လုပ်သည့် သဒ္ဓမ္မပုဏ္ဍရိကကျမ်းလာသော ဘုရားလောင်းဆယ်ပါးတို့အကြောင်း ဇာတ်လမ်းခင်း၍ စတိတ်ရှိုးပြသည်။ အမေရိကမှလာသည့် ဂျပန်နွယ်ဗုဒ္ဓဘာသာအဖွဲ့တစ်ခုက ဓမ္မတေးသီချင်းတို့ကို "Rock and Roll" ဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေသွားသည်။ ရောင်စုံမီးတို့ဖြင့် ရှုမငြီးဖွယ်ထိုးထားသော ဗောဓိသတ္တဇာတ်လမ်း များကိုကြည်၍ "Rock and Roll" ဓမ္မတေးများကို နားထောင်လျက် လူပုဂ္ဂိုလ်များနှင့် မဟာယာနဘုန်းတော်ကြီးတို့ ညစာစားပွဲမှာ အထူးမြိန်ရှက်ဖွယ်ကောင်းလိမ့်မည်ဟု ထင်မြင်မိသည်။ သီတဂူသာသနာပြု ကပ္ပိယကာရကအဖွဲ့ဝင်တို့ ကုလားလို ဒိုစာခေါ်သည့် တိုရှည်မုန့်များကို စားကြသည်။ တိုးစားသည့်လူတန်းကြီးမှာလည်း အတော်ရှည်ပါသည်။ နယူးဒေလီ၏ ဆောင်းဦးသည်လည်း အတော်ချမ်းအေးပါသည်။ မြူတွေဆိုင်းလာသဖြင့် စလိုက်မီးရောင်တို့ မုန်မှိုင်းလာသည့် အခါ ဗောဓိသတ္တများလည်း အိပ်တန်းဝင်သွားကြသည့်အလား စင်မြင့်ပေါ်က ပျောက်သွားကြသည်။ "Rock and Roll" ဓမ္မအသံက နယူးဒေလီ၏ ကြိတ်ကြိတ်တိုးမောင်းနှင်နေသော မော်တော်ကားအသံတို့ကို လွှမ်းမိုးသွားသည်။
     ရရာကားတောင်း၍ အသောကမစ်ရှင် ဗောဓိသတ္တစတိတ်ရှိုးမှ ပြန်ခဲ့ရာ ည(၁၀)နာရီခွဲမှာ "Lalit Hotel" သို့ ပြန်ရောက်သည်။ ရေနွေးပူပူချိုး၍ အိပ်ယာဝင်ခဲ့သည်။ အိပ်ယာထဲရောက်တော့ မြင်ရောင်နေသည်မှာ အင်္ကျီမပါတဲ့ ဘုရားလောင်း ဆယ်ရောက်တို့တော့ထွက်ခန်း ဘယ်လောက်များချမ်းလိုက်မလဲ ဟုတွေးမိသည်။ ကြားရောင်နေမိသည်မှာလည်း ဘုရားလောင်းစတိတ်ရှိုးက "Rock and Roll" ဓမ္မတေးသံဖြစ်သည်။ "Hold Samsara, Hold Samsara, Hold Samsara" အို သံသရာကြီး ရပ်ပါတော့၊ အို သံသရာကြီး ရပ်ပါတော့၊ အို သံသရာကြီး ရပ်ပါတော့ ဖြစ်သည်။ နိုဝင်ဘာ(၃၀)ရက်နံနက်ခင်း အခမ်းအနားသိမ်းပွဲ၌ တိဗက်ပရိတ်ဖြင့် အခမ်းအနားဖွင့်သည်။ Organization ကော်မတီက စတင်စကားပြောသည်။ ဗီယက်နမ်ဘုန်းတော်ကြီး သစ်ကွမ်ဘက (IBC) ဖွဲ့စည်းခြင်းနှင့် အခြေခံသဘောတရားဖွဲ့စည်းပုံ ရည်ရွယ်ချက်တို့ကို ကြေညာသည်။ ကိုရီယား၊ ဂျပန်၊ တိဗက်၊ သီဟိုဠ်၊ ဂျာမဏီ၊ အင်္ဂလန်ကိုယ်စားလှယ်များ မိန့်ခွန်းပြောသည်။ အထူးသဖြင့် ဂျာမန်ကိုယ်စားလှယ်က ဘိက္ခုနီသာသနာပြန်လည်ဖေါ်ထုတ်ဖို့ ဦးစားပေးပြောသွားသည်။ သူပြုစုထားသည့် ဘိက္ခုနီသာသာနအကြောင်း စာအုပ်ငယ်လေး၌ နိဒါန်းရေးပေးရန် ဒလိုင်းလားမား အား တောင်းပန်သွားသည်။ စာအုပ်လက်ဆောင်များ အပြန်အလှန် ပေးကြသည်။ အထူးကိုယ်စာလှယ်များကို တိဗက်ရဟန်းမင်းကြီးက ကိုယ်တိုင်လက်ဆောင်ပေးသည်။ တိဗက်ရဟန်းမင်းကြီး ဒလိုင်းလားမားက နိဂုံးချုပ် အနှစ်ချုပ်စကား ပြောကြားသည်။ သူ၏အနှစ်ချုပ်စကားကို ထပ်မံ၍အနှစ်ချုပ်ရလျှင် ဗုဒ္ဓဘာသာတရားတော်သည် ရှေးခေတ်က အာရှတိုက်၏ကိုးကွယ်ရာတရား "Asian Religion" ဖြစ်ခဲ့သည်။ သို့သော် ယနေ့မျက်မှောက်ခေတ်၌ ကမ္ဘာ့ဘာသာတရား "World Religion" ဖြစ်နေပြီ၊ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာတရားတော်၏ အနှစ်သာရများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုးပွားအောင်လုပ်ဖို့ ပြန့်ပွားအောင်လုပ်ဖို့ တိုက်တွန်းလေသည်။ ထို့အပြင် ဗုဒ္ဓတရားတော်များ၏ မူရင်းအခြေခံမှာ ပါဠိဘာသာဖြစ်သည်ဟု မိန့်ကြားသည်။ ပါဠိဗုဒ္ဓ၀င်ကို ဖေါင်ဒေးရှင်းချ၍ သက္ကတဗုဒ္ဓ၀င်ကို အပေါ်က အိမ်သဖွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ တန္တရစ်ဗုဒ္ဓ၀င်ကား အိမ်၏ အချွန်အတက်များသာဖြစ်သည်ဟု မိန့်ကြားတော်မူသွားသည်။ ဗုဒ္ဓဘာသာဂိုဏ်းတွေအားလုံး အပေါ်ယံအကာပိုင်းမှာ မတူညီနိုင်ကြသော်လည်း အတွင်းအနှစ်သာရပိုင်းမှာ တူညီနိုင်ပါသည်။ ဘာသာတရားတို့၏အနှစ်သာရသည် သီလ၊ သမာဓိ၊ ပညာပင်ဖြစ်သည်။ သီလကောင်းမှ သမာဓိရမည်၊ သမာဓိရှိသော ပုဂ္ဂိုလ်မှ ပညာဖြင့် သစ္စာကိုထိုးထွင်းသိမြင်နိုင်မည်။ ပညာဝင်မှ ကိလေသာထွက်သည် ကိလေသာချုပ်ခြင်းကို နိရောဓဟုခေါ်သည်။ အဲဒါကြောင့် မဟာယာနတွေ ဟီနယာနတွေ ဘိက္ခုတွေ ဘိက္ခုနီတွေ ဒီနာမည်တွေက အပိုတွေပဲ "Inner core" အတွင်းပိုင်းအနှစ်သာရက သီလ၊ သမာဓိ၊ ပညာပါပဲ၊ "Inner core" ရှိမှ ညညနမ စနခေန ကိုရတယ်။ အဲဒါကြောင့် ဘာအစ်ဇင်း ဘယ်ယာနကိုကျင့်ကျင့် အသွင်အပြင်တွေ အမည်နာမတွေ အရေးမကြီးပါဘူး အတွင်းပိုင်းအနှစ်သာရကို ကျင့်၍ အတွင်းပိုင်းငြိမ်းချမ်းရေးရအောင် လုပ်ကြပါဟု မိန့်ကြား၍ နိဂုံးချုပ်ပါသည်။ 
    ဒလိုင်းလားမားကိုကြည့်ရတာ ဂါရ၀ နိဝါတရှိသည့် ရိုးသားသော ရဟန်းသူတော်စင်တစ်ပါးဖြစ်သည်ဟု ယူဆသည်။ လာအို၊ မြန်မာသံဃာ့ရာဇာနှစ်ပါးကို ဖူးမျှော်ချင်သည်ဟု သတင်းလာပို့သည့်အခါ ဖူးချင်လျှင် ကြွလာခဲ့ပါ လက်ခံတွေ့ဆုံပါမည်ဟု ပြန်လည်သတင်းပို့လိုက်တော့ (၂၉)ရက်နေ့ နေ့လည်ခင်း (၃)နာရီမှာ မြန်မာကိုယ်စားလှယ်တော်အဖွဲ့တည်းခိုရာ "Lalit Hotel" သို့ ရောက်ရှိလာပါသည်။ ဟိုတယ်အတွေတွေ မန်နေဂျာက ဟိုတယ်(၁၄)ထပ် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး တည်းခိုနေသော အခန်းဘေးက ဧည့်ခန်းကိုပြင်ဆင်ပေးပါသည်။ လုံခြုံရေးအစောင့်များနှင့် ညနေ(၃)နာရီ တွင် ရောက်ရှိလာပါသည်။ လာအိုသာသနာပိုင်ဆရာတော်ကြီးကို လက်ဆွဲနှုတ်ဆက် လက်အုပ်ချီ ဒူးကိုအကြိမ်ကြိမ်ဦးတိုက်၍ ရှိခိုးနှုတ်ဆက်သည်။ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးကိုလည်း လက်အုပ်ချီ၍ နဖူးခိုက် ဦးတိုက်လျက် အကြိမ်ကြိမ်ရှိခိုးလေသည်။ ပြီးတော့ စကားပြောကြသည်။  
   သီတဂူဆရာတော်ကို စတင်၍ မေးသည်မှာ အခုအသက် ဘယ်လောက်ရှိပြီလဲ၊ အသက်ဘယ်လောက်တုန်းက ရဟန်းဝတ်သလဲ?၊ မေးပြီးတော့ သူအသက်(၂၀)က ရဟန်းဝတ်တာ အခု (၈၅)နှစ်ရှိပြီ၊ (၆၅)၀ါရပြီဟုဆိုပါသည်။ ၀ါဆိုဆရာတော်ကြီး၏ သက်တော်ကို မေးသည် (၉၆)နှစ်ရှိပြီဟု ပြောသည့်အခါ ဦးတိုက်၍တိုက်၍ နဖူးခိုက်လျက် အကြိမ်ကြိမ်ရှိခိုးပြန်ပါသည်။ ၀ိနည်းအကြောင်းပြောကြသည် ထေရ၀ါဒမှာ (၂၂၇)သွယ်ရှိသည် တိဗက်မှာ (၂၅၃)ရှိသည်ဟု ပြောပါသည်။ များများနည်းနည်းဘုရားပေးတဲ့ စည်းကမ်းတွေပဲ အကုန်လိုက်နာလျှင် ကောင်းသည်ဟုဆိုပါသည်။ သုတ္တန်တွေကတော့ အများကြီးပဲ ဒါပေမဲ့ ကျင့်ရမှာကတော့ မဂ္ဂင်ရှစ်ပါးပါ အဘိဓမ္မာဆိုတာ သစ္စာတရားပဲဟု ဆွေးနွေးကြသည်။ သစ္စာသိရင် နိရောဓပဲပေါ့ဟုဆိုသည်။ ဗုဒ္ဓသာသနာမှာ မူရင်းအကျဆုံးဆိုတာကို သဘောတူလက်ခံသည်။ သီလ၊ သမာဓိ၊ ပညာသည် ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ အနှစ်သာရဆိုသည်ကိုလည်း သဘောတူလက်ခံသည်။ သစ္စာတရားသည် ငြိမ်းချမ်းရေးတရားပင်ဖြစ်သည်၊ အားပါးတရ ပွင့်ပွင့်လင်းလင်း ပြောကြသည်။ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနှင့် တိဗက်သာသနာပိုင် ပုဂ္ဂိုလ်တို၏ ဆွေးနွေးခန်းကို သီတဂူဆရာတော်ကြီးနှင့် ဒေါက်တာမျိုးမြင့်တို့က ဘာသာပြန်ပေးကြသည်။ 
   ကာလေန ဓမ္မသာကစ္ဆာ အမှန်ပင်ဖြစ်သည်။ ဓမ္မသာကစ္ဆာနိဂုံး၌ ၀ါဆိုဆရာတော်ကြီးက စိတ်ဓာတ်ကြံကြံခိုင်ခိုင်ထား လောကဓမ်ရှစ်ပါး မုန်တိုင်းတိုက်ခိုက်ရာ၌ မတုန်လှုပ်စေနဲ့ဟု မိန့်ကြားတောေ်မူသည်။ တိဗက်သံဃာ၊ မြန်မာသံဃာ မေတ္တာကြိုး ခိုင်ခိုင်ချည်ထားရမည်ဟု မိန့်ကြားတော်မူသည်။ နဖူးတိုက် ဦးခိုက်၍ပြန်ခါနီးတွင် မြန်မာတို့ ၀ိနည်းစည်းကမ်းကောင်းကြောင်း ပိဋကတ်စာပေ တတ်ကျွမ်းကြောင်း ကြားသိရသဖြင့် အလွန်လေးစားချစ်ခင် ပါသည်။ မြန်မာသံဃာများကိုလည်း နောက်ထပ်ဖူးတွေ့ချင်ပါသည် ကမ္ဘာမှာ အလွန်ကျော် ကြားသည့်ရွှေတိဂုံစေတီတော်ကြီးကိုလည်း လာရောက်ဖူးမျှော်ချင်ပါသည်ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး၏ မိန့်ကြားချက်ကို ဘာသာပြန်၍ပြောလိုက်သည်။ ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမျှော်ဖို့ သင့်လျှော်သည့် အခါ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လှဲ့ပါ။ ဟေ့ ဟေ့ ဖိတ်ဖို့ မမေ့နဲ့ပါဟု ပြုံးပြုံးပျော်ပျော်ပြော၍ ဟိုတယ်မှ ပြန်လည်ထွက်ခွါသွားပါသည်။
                            "သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"။
                   "သူတော်ကောင်းတရား ကမ္ဘာ့နေရာတိုင်းမှာ ထွန်းတောက်ပါစေ"။
                                                                (သီတဂူဆရာတော်)
                                                             မှတ်တမ်းတင်သူ---ရှင်သုခ (မင်းလှ)
                                                                ၀၁-၁၂-၁၁/ ၂၃း၄၀မှပြီးသည်။
03/12/2011
လွမ်းမောမိသည့် နေ့ရက်လေးများ ( ၁၄ )
    မဟာပရိနိဗ္ဗာနသုတ်ပါဠိတော်မှာ သံဝေဂယူသင့်ရာဌာနလေးခုတို့ကို ဟောကြားခဲ့ပါတယ်။
(၁)မြတ်စွာဘုရား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်။
(၂)သဗ္ဗညုတရွှေဥာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဗုဒ္ဓဂယာ မဟာဗောဓိမဏ္ဍိုင်။
(၃)ပဉ္စ၀ဂ္ဂီငါးဦးတို့အား မြတ်စွာဘုရား တရားဦးဓမ္မစက်ဟောမြွတ်ရာ မိဂဒါဝုန်။
(၄) မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ မလ္လမင်းတို့၏ ကုသိနာရုံ အင်းကြင်းရဂုံ။
            ဤလေးဌာနတို့သို့ ဘုရားဖူးခရီးစဉ် လှည့်လည်မှုကိုပြု၍ ကြည်ညိုစိတ်ဖြင့် သေလွန်ကြမည် ဆိုလျှင် သေလွန်ပြီးနောက် နတ်ရွာ သုဂတိသို့ ရောက်ကြကုန်လတ္တံ့ ဟု ဟောကြားခဲ့ပါတယ်။ ဦးသိရိန် ဦးဆောင်တဲ့ ဘုရားဖူးအဖွဲ့လေးဟာ လေးဌာနလုံးကို ဖူးမျှော်ခဲ့ကြပြီး သံဝေဂတွေ ယူခဲ့ကြလို့ ကုသိုလ်တွေ များစွာ ရခဲ့ကြပါတယ်။ လမ်းခရီးတစ်လျှောက်လုံး ချောချောမွေ့မွေ့နဲ့ ပျော်ရွှင်စွာ သွားရောက်နိုင်ခဲ့ကြတယ်၊ ကုသိုလ်တွေ တစ်လှေကြီးရခဲ့တာမို့ အောင်မြင်တဲ့ ဘုရားဖူးခရီးစဉ် တစ်ခုအဖြစ် မှတ်တမ်းတင်ရမှာပါ။
     မောစရာ ခလုပ် ဆူးငြောင့်လေးတစ်ခုကိုတော့ ဗုဒ္ဓဂယာအနီးက သုဇာတာအိမ်နေရာမှာ ကြုံခဲ့ရသေးတယ်၊ သုဇာတာအိမ်နေရာမှာ ပရဟိတ ကျောင်းကို အကြောင်းပြကာ ဓာတ်ပုံတွေ ဖြတ်ပိုင်းတွေ ကိုင်ပြီး အတင်း လိုက်တောင်းတဲ့ အဖွဲ့တစ်ဖွဲ့ ရှိပါတယ်၊ ဆင်းရဲသားကလေးတွေ ခြံရံပြီး မပေးရင် လိုက်လုမတတ်ကို လုပ်တတ်တာပါ၊ ထိုင်း မြန်မာစကားတွေကို နဲနဲပါးပါးသိနေပါတယ်၊ အဲဒီနေရာရောက်မှ လမ်းညွှန်က မပေးဖို့ မထည့်ဖို့ ပြောရင် လမ်းညွှန်ကို ဆဲဆိုပြီး ကြိမ်းမောင်းတတ်ပါတယ်၊ မိမိတို့ အဲဒီနေရာကိုရောက်ပြီး လှည့်ပတ် ကြည့်ရှုနေတုံး မစ္စတာIanကို အတင်းဝိုင်းပြီး တောင်းနေကြပါပြီ၊ မစ္စတာIanက လှမ်းအကူအညီ တောင်းတာမို့ မိမိက သူတို့ကို ချိုချိုသာသာ ပြောပြီး တားမြစ်ပါတယ်၊ အဲဒီလိုပြောရကောင်းလားဆိုပြီး မိမိကို ရစရာမရှိအောင် ၀ိုင်းဆဲကြပါတယ်။ ကလေးတွေက ပြေးပြီး ကားအိပ်ဇောပေါက်ကိုလဲ ခဲတွေနှင့် ပိတ်ထားတာကို တွေ့ကြုံရတယ်။ ဘုရားပွင့်ရာနယ်မြေမှာ အင်မတန် စိတ်ပျက်စရာ ကောင်းတဲ့ မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူတွေပါ။ အိန္ဒိယ အစိုးရ အနေနဲ့ အစောက် အရှောက်ထားပေးတာမျိုးလဲ မတွေ့ရဘူး။ မိမိတို့လိုပဲ လာအို ထိုင်း ဘုရားဖူး အဖွဲ့တွေလဲ မကြာခဏကြုံရတယ်လို့ ပြောကြပါတယ်၊ ဘုရားဖူးတွေအတွက် သတိထားရမဲ့နေရာလေးပါ။
      ဒီမှတ်တမ်းကို ပြန်ရေးမိတဲ့ အချိန်မှာ ဘုရားဖူးသွားခဲ့ကြတာ တစ်နှစ်ခွဲတောင် ကျော်ခဲ့ပါပြီ။ ကုသိုလ်တွေနဲ့ ပျော်ရွှင်ခဲ့ ကြည်နူးခဲ့ရတဲ့ခရီးမို့ တွေးမိတိုင်း မနေ့က သွားခဲ့သလို တသသကို သတိရနေမိ လွမ်းနေ မိပါတယ်။ ခရီးစဉ် တစ်လျှောက် ညီငယ်တွေလို သဘောထားကာ စာနာမှု နားလည်မှုတွေ ပေးခဲ့တဲ့ ဦးသိရိန်၊ မိခင်တစ်ယောက်လို အေးမျှမှု နွေးထွေးမှုတွေ ပေးခဲ့တဲ့ ဆန်ဖရန်ဆစ္စကိုက ဒေါ်အိ၊ နိုင်ငံကြီးသား အဘိုးအဘွား အရွယ်တွေဖြစ်နေကြပေမဲ့ ကြီးကျယ်မှုလုံးဝ မရှိဘဲ ရိုးရိုးရှင်းရှင်းလေးဖြင့် နားလည်မှုပေးခဲ့ကြတဲ့ မစ္စတာIanနှင့် မစ်ဆယ်လီ တို့ကို အရမ်းကို သတိရမိပါတယ်၊ စိတ်ချမ်းသာ ကိုယ်ကျမ္မာ ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကြပါစေလို့လဲ မေတ္တာပို့သဖြစ်ပါတယ်။
      ‘ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း’ ဆိုသလိုပါပဲ၊ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြရတဲ့ မိမိနှင့် ဦးကုဏ်တို့မှာ သူတို့ရဲ့ နားလည်ပေးမှု ခင်မင်ဖော်ရွှေမှုတွေကြောင့် ရှက်ရွင့်မှု အားနာမှု လုံးဝမရှိဘဲ ကိုယ့်မိသားစု နှင့်အတူ သွားနေကြရသလို ပျော်ရွှင်ခဲ့ကြ ကြည်နူးခဲ့ကြရတာပါ၊ လမ်းခရီးမှာ စားခဲ့ကြရတာလည်း ဟင်းမကောင်းပေမဲ့ မြိန်ရည်ယှက်ရည် ရှိခဲ့ကြပါတယ်၊ ဦးသိရိန်နှင့် ဒေါ်အိတို့က စားကောင်းခဲ့လို့ ဘုရားဖူးခရီးစဉ်အပြီး ၀ိတ်တွေတောင် တက်လာတယ်လို့ ပြောခဲ့ကြတယ်။
     မှတ်တမ်းရေးသူ မိမိအနေနဲ့ ကုသိုလ်တွေနှင့် ပျော်ရွှင်ခဲ့ရ ကြည်နူး ခဲ့ရတဲ့ ဘုရားဖူးနေ့ရက်ကလေးတွေကို ဘယ်တော့မှ မေ့မရပါ၊ အမြဲတန်းလဲ တမ်းတနေမိ လွမ်းနေမိပါတယ်၊ ဒါကြောင့်လည်း ‘လွမ်းမောမိသည့် နေ့ရက်လေးများ’ အဖြစ် မှတ်တမ်းတင်မိပါတယ်။
                                                                    အရှင်နိပုဏာလင်္ကာရ (BHU, India)